ထွက်မြောက်ရာ ၆:၁-၃၀
၆ ယေဟောဝါက “ဖာရောကို ငါဘာလုပ်မယ်ဆိုတာ မင်း အခုတွေ့ရလိမ့်မယ်။+ ငါ့ရဲ့အားကြီးတဲ့လက်နဲ့ အစ္စရေးတွေကို လွှတ်ပေးအောင် လုပ်မယ်။ ငါ့ရဲ့အားကြီးတဲ့လက်ကြောင့် ဖာရောက သူတို့ကို တိုင်းပြည်ကနေ ထွက်သွားခိုင်းလိမ့်မယ်”+ ဆိုပြီး မောရှေကို ပြောတယ်။
၂ အဲဒီနောက် ဘုရားသခင်က မောရှေကို မှာတယ်– “ငါဟာ ယေဟောဝါပဲ။
၃ အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ကို ယေဟောဝါဆိုတဲ့ ငါ့နာမည်နဲ့ပတ်သက်ပြီး+ အပြည့်အဝ အသိမပေးခဲ့ပေမဲ့+ အနန္တတန်ခိုးရှင်အနေနဲ့တော့ ငါထင်ရှားပြခဲ့ဖူးတယ်။+
၄ ပြီးတော့ တိုင်းတစ်ပါးသားအဖြစ် သူတို့နေထိုင်ခဲ့တဲ့ ခါနန်ပြည်ကို ပေးမယ်ဆိုပြီး ကတိပေးခဲ့တယ်။+
၅ အခု အီဂျစ်တွေရဲ့ ကျွန်ဘဝရောက်နေတဲ့ အစ္စရေးလူတွေ ညည်းတွားအော်ဟစ်တာကို ကြားတော့ ငါ့ကတိကို သတိရပြီ။+
၆ “ဒါကြောင့် အစ္စရေးတွေကို ပြောပါ– ‘ငါဟာ ယေဟောဝါပဲ။ အီဂျစ်တွေကို ငါပြင်းပြင်းထန်ထန် ဒဏ်ခတ်မယ်။ မင်းတို့ကို အီဂျစ်တွေရဲ့ ဖိနှိပ်ခံကျွန်ဘဝကနေ ကယ်လွှတ်မယ်။+ တန်ခိုးကြီးတဲ့လက်ရုံးနဲ့ ကယ်တင်မယ်။+
၇ မင်းတို့ကို ငါ့လူမျိုးအဖြစ် သိမ်းယူမယ်။ ငါဟာ မင်းတို့ရဲ့ဘုရားသခင် ဖြစ်မယ်။+ ငါဟာ မင်းတို့ကို အီဂျစ်တွေရဲ့ ဖိနှိပ်မှုအောက်ကနေ ခေါ်ထုတ်လာတဲ့ဘုရား ယေဟောဝါပဲဆိုတာ မင်းတို့ သိကိုသိရလိမ့်မယ်။
၈ အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ကိုပေးမယ်လို့ ကျိန်ဆိုခဲ့တဲ့ပြည်ထဲ မင်းတို့ကို ခေါ်ဆောင်သွားမယ်။ အဲဒီပြည်ကို မင်းတို့အတွက် အပိုင်ပေးမယ်။+ ငါဟာ ယေဟောဝါပဲ။’”+
၉ ဒါတွေကို မောရှေပြောပြပေမဲ့ အစ္စရေးလူတွေဟာ ပင်ပင်ပန်းပန်း ကျွန်ခံနေရလို့ စိတ်ဓာတ်ကျပြီး သူပြောတာကို နားမထောင်ကြဘူး။+
၁၀ ဒါနဲ့ယေဟောဝါက၊
၁၁ “အစ္စရေးတွေကို တိုင်းပြည်ကနေ လွှတ်ပေးဖို့ အီဂျစ်ဘုရင်ဖာရောဆီ သွားပြော” လို့မောရှေကို ခိုင်းတယ်။
၁၂ မောရှေက “ကျွန်တော်စကားပြောရင် ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေလို့+ အစ္စရေးတွေတောင် နားမထောင်တာ၊+ ဖာရောမင်းဆို ပိုဆိုးမှာပေါ့” လို့ယေဟောဝါကို ပြန်ပြောတယ်။
၁၃ ဒါပေမဲ့ ယေဟောဝါက အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်မယ်ဆိုတဲ့ အမိန့်ကို အစ္စရေးတွေနဲ့ ဖာရောမင်းကို ပြောဖို့ မောရှေနဲ့ အာရုန်ကို ထပ်မှာတယ်။
၁၄ မျိုးနွယ်စုခေါင်းဆောင်တွေကတော့– အစ္စရေးရဲ့သားဦး ရုဗင်ရဲ့+ သားတွေက ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ။+ သူတို့ဟာ ရုဗင်ရဲ့မျိုးဆက်တွေပဲ။
၁၅ ရှိမောင်ရဲ့သားတွေက ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနန်အမျိုးသမီးနဲ့ရတဲ့ ရှောလ။+ သူတို့ဟာ ရှိမောင်ရဲ့မျိုးဆက်တွေပဲ။
၁၆ လေဝိရဲ့+ သားတွေက ဂေရရှုန်၊ ကောဟတ်၊ မေရာရိ။+ သူတို့ဟာ လေဝိဆွေမျိုးစုတွေပဲ။ လေဝိက ၁၃၇ နှစ် အသက်ရှင်တယ်။
၁၇ ဂေရရှုန်ရဲ့သားတွေက လိဗနိနဲ့ ရှိမိ။ သူတို့ဟာ ဂေရရှုန်ရဲ့အိမ်ထောင်စုတွေပဲ။+
၁၈ ကောဟတ်ရဲ့သားတွေက အာမရံ၊ အိဇဟာ၊ ဟေဗြုန်၊ ဩဇေလ။+ ကောဟတ်က ၁၃၃ နှစ် အသက်ရှင်တယ်။
၁၉ မေရာရိရဲ့သားတွေက မဟာလိနဲ့ မုရှိ။
သူတို့ဟာ ဆွေစဉ်မျိုးဆက်အလိုက် လေဝိအနွယ်ကနေ ဆင်းသက်လာတဲ့ အိမ်ထောင်စုတွေပဲ။+
၂၀ အာမရံက အဖေ့နှမ ယောခေဗက်နဲ့ အိမ်ထောင်ပြုပြီးနောက်+ အာရုန်နဲ့မောရှေကို မွေးတယ်။+ အာမရံက ၁၃၇ နှစ် အသက်ရှင်တယ်။
၂၁ အိဇဟာရဲ့သားတွေက ကောရ၊+ နေဖက်၊ ဇိခရိ။
၂၂ ဩဇေလရဲ့သားတွေက မိရှေလ၊ ဧလဇာဖန်၊+ သိသရိ။
၂၃ အာရုန်က အမိနဒပ်ရဲ့သမီး၊ နာရှုန်+ ရဲ့ညီမ ဧလိရှဘနဲ့ အိမ်ထောင်ပြုတဲ့အတွက် နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဧသမာတို့ကို မွေးတယ်။+
၂၄ ကောရရဲ့သားတွေက အသိရ၊ ဧလကာန၊ အဗျာသပ်။+ သူတို့ဟာ ကောရရဲ့အိမ်သားတွေပဲ။+
၂၅ အာရုန်ရဲ့သား ဧလာဇာက+ ပုတေလရဲ့သမီးနဲ့ အိမ်ထောင်ပြုတဲ့အတွက် ဖိနဟတ်ကို မွေးတယ်။+
သူတို့ဟာ ဆွေမျိုးစုအလိုက် လေဝိအနွယ်ရဲ့ ခေါင်းဆောင်တွေပဲ။+
၂၆ အာရုန်နဲ့ မောရှေကို ယေဟောဝါက “အီဂျစ်ပြည်ကနေ အစ္စရေးလူမျိုးကို တပ်ဖွဲ့အလိုက် ခေါ်ထုတ်သွားပါ”+ ဆိုပြီး ပြောခဲ့တယ်။
၂၇ မောရှေနဲ့ အာရုန်က အစ္စရေးလူမျိုးကို အီဂျစ်ပြည်ကနေ ခေါ်သွားခွင့်ပေးဖို့ အီဂျစ်ဘုရင်ဖာရောကို ပြောခဲ့တယ်။+
၂၈ အီဂျစ်ပြည်မှာ မောရှေကို ယေဟောဝါ စကားပြောတဲ့နေ့မှာ၊
၂၉ “ငါဟာ ယေဟောဝါပဲ။ မင်းကို ငါပြောသမျှ အီဂျစ်ဘုရင် ဖာရောကို ပြန်ပြောပြပါ” ဆိုပြီး ယေဟောဝါပြောတယ်။
၃၀ အဲဒီအခါ မောရှေက “ကျွန်တော် စကားထစ်တော့ ဖာရောမင်း နားထောင်ပါ့မလား”+ ဆိုပြီး ယေဟောဝါကို ပြန်ပြောတယ်။