ဆာလံ ၁၀၄:၁-၃၅

  • အံ့ဖွယ် ဖန်ဆင်းခြင်းလက်ရာတွေအတွက် ဘုရားကို ချီးမွမ်း

    • ကမ္ဘာမြေ ထာဝစဉ်တည် ()

    • လူတွေအတွက် စပျစ်ဝိုင်နဲ့ အစားအစာ (၁၅)

    • “ကိုယ်တော့် လုပ်ဆောင်မှုတွေ များလိုက်တာ” (၂၄)

    • ‘အသက်စွမ်းအား ရုပ်သိမ်းလိုက်တဲ့အခါ သေဆုံး’ (၂၉)

၁၀၄  ယေဟောဝါကို ချီးမွမ်းပါရစေ။+ ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ အလွန်ကြီးမြတ်လှတယ်။+ ဘုန်းတန်ခိုးနဲ့ ခမ်းနားမှုကို ဝတ်ဆင်ထားတယ်။+  ၂  အလင်းကို ဝတ်ရုံလို ခြုံလွှမ်းထားတယ်။+ ကောင်းကင်ကို ရွက်ထည်လို ဖြန့်မိုးထားတယ်။+  ၃  ဘုရားက စံအိမ်အထက်ခန်းတွေရဲ့ ထုပ်တန်းတွေကို တိမ်စိုင်တိမ်ခဲတွေပေါ်မှာ တည်ဆောက်တယ်။+ တိမ်လွှာတွေကို မြင်းရထားလို စီးနင်းတယ်။+ လေရဲ့တောင်ပံကို စီးပြီး သွားလာတယ်။+  ၄  ကောင်းကင်တမန်တွေကို တန်ခိုးကြီးတဲ့ စွမ်းအား* ဖြစ်စေတယ်။ အမှုထမ်းတွေကို လောင်နေတဲ့မီးလျှံ ဖြစ်စေတယ်။+  ၅  ကမ္ဘာမြေကို အုတ်မြစ်တွေပေါ် တည်ဆောက်တယ်။+ သူ့နေရာကနေ ဘယ်တော့မှ ရွှေ့လို့ရမှာ မဟုတ်ဘူး။+  ၆  ကိုယ်တော်က ဝတ်ရုံနဲ့ဖုံးလွှမ်းသလို ကမ္ဘာမြေကို နက်ရှိုင်းတဲ့ ရေထုနဲ့ ဖုံးလွှမ်းတယ်။+ တောင်တန်းတွေကို ရေထုနဲ့ ဖုံးလွှမ်းတယ်။  ၇  ကိုယ်တော် ဆုံးမလိုက်တာနဲ့ ရေတွေ ထွက်ပြေးသွားတယ်။+ မိုးခြိမ်းသံနဲ့တူတဲ့ အသံတော်ကြောင့် ရေတွေ အလန့်တကြား ထွက်ပြေးသွားတယ်။  ၈  ကိုယ်တော် သတ်မှတ်ပေးတဲ့ နေရာဆီတောင်တန်းတွေ မြင့်တက်သွားတယ်၊+ ချိုင့်ဝှမ်းတွေ နိမ့်ဆင်းသွားတယ်။  ၉  ကမ္ဘာမြေကို နောက်တစ်ခါ ရေမလွှမ်းမိုးနိုင်အောင်ရေတွေ ဖြတ်ကျော်လို့ မရတဲ့ နယ်နိမိတ်ကို ကိုယ်တော် သတ်မှတ်ပေးတယ်။+ ၁၀  ချိုင့်ဝှမ်းတွေထဲမှာ စမ်းချောင်းတွေ စီးထွက်စေတယ်။ တောင်တန်းတွေကြားမှာ စမ်းချောင်းတွေ စီးဆင်းနေတယ်။ ၁၁  စမ်းချောင်းတွေကြောင့် သားရဲတွေ သောက်စရာရေကို ရတယ်။ မြည်းရိုင်းတွေလည်း ရေငတ်ပြေကြတယ်။ ၁၂  စမ်းချောင်းဘေးမှာ ငှက်တွေ အိပ်တန်းတက်ပြီးအုပ်ဆိုင်းနေတဲ့ သစ်ခက်တွေကြားမှာ တေးသီကြတယ်။ ၁၃  ဘုရားက စံအိမ်အထက်ခန်းတွေကနေတောင်တန်းတွေပေါ်ရေသွန်းလောင်းပေးတယ်။+ ကိုယ်တော့်လုပ်ဆောင်မှုရဲ့ အကျိုးကျေးဇူးကြောင့် ကမ္ဘာမြေဟာ လိုအင်ဆန္ဒ ပြည့်ဝနေတယ်။+ ၁၄  ဘုရားက တိရစ္ဆာန်တွေအတွက် မြက်တွေ ပေါက်စေတယ်။ လူတွေ အသုံးပြုနိုင်ဖို့ အပင်တွေ ပေါက်စေတယ်။+ မြေကြီးထဲကနေ သီးပင်စားပင်တွေ ပေါက်စေတယ်။ ၁၅  လူ့စိတ်ကို ပျော်ရွှင်စေတဲ့ စပျစ်ဝိုင်၊+ မျက်နှာကို ဝင်းလက်စေတဲ့ဆီ၊သေမျိုးဖြစ်တဲ့လူရဲ့ စိတ်ကို အားဖြည့်ပေးတဲ့ အစားအစာတွေကို+မြေကြီးထဲကနေ ရရှိစေတယ်။ ၁၆  ယေဟောဝါစိုက်ပျိုးတဲ့ သစ်ပင်တွေ၊လက်ဘနွန်က သစ်ကတိုးပင်တွေ ရေဝနေတယ်။ ၁၇  အဲဒီအပင်တွေပေါ်မှာ ငှက်တွေ အသိုက်လုပ်တယ်။ ဂျူနီပါထင်းရှူးပင်ဟာ ငှက်ကျားတွေရဲ့ စံအိမ်ပဲ။+ ၁၈  မြင့်မားတဲ့ တောင်တန်းတွေဟာ တောင်ဆိတ်တွေ ကျက်စားတဲ့နေရာ၊+ကျောက်ဆောင်တွေဟာ ယုန်တွေ* နားခိုရာပဲ။+ ၁၉  အချိန်ကာလကို သတ်မှတ်ဖို့ လမင်းကို ဘုရားဖန်ဆင်းတယ်။ နေမင်းကလည်း ဝင်ရမယ့်အချိန်ကို ကောင်းကောင်းသိတယ်။+ ၂၀  အမှောင်ကို ကိုယ်တော် ခေါ်လာတဲ့အခါ ညအချိန် ရောက်လာတယ်။+ အဲဒီအချိန်မှာ သားရဲတွေ လှည့်လည်ကျက်စားကြတယ်။ ၂၁  ခြင်္သေ့ပျိုတွေ ဟိန်းဟောက်ပြီး သားကောင်ရှာတယ်။+ ဘုရားသခင်ပေးတဲ့ အစာကို ရှာကြတယ်။+ ၂၂  နေထွက်လာတဲ့အခါဂူတွေထဲ ပြန်အောင်းကြတယ်။ ၂၃  လူတွေ အလုပ်လုပ်ဖို့ ထွက်လာတယ်။ ညနေအထိ အလုပ်လုပ်ကြတယ်။ ၂၄  ယေဟောဝါဘုရား၊ ကိုယ်တော့်လုပ်ဆောင်မှုတွေ များလိုက်တာ။+ ဒါတွေအားလုံးကို ဉာဏ်ပညာနဲ့ ဖန်ဆင်းထားတယ်။+ ကမ္ဘာမြေဟာ ကိုယ်တော့်လက်ရာတွေနဲ့ ပြည့်နေတယ်။ ၂၅  အတိုင်းမသိများတဲ့ သတ္တဝါကြီးငယ်တို့ နေထိုင်ရာ+အပြောကျယ်တဲ့ ပင်လယ်ကြီး ရှိပါတယ်။ ၂၆  ပင်လယ်ထဲမှာ သင်္ဘောတွေ ခရီးလှည့်လည်ကြတယ်။ ကိုယ်တော် ဖန်ဆင်းထားတဲ့ လဝိသန်*+ ပင်လယ်ထဲမှာ ဆော့ကစားနေတယ်။ ၂၇  သူတို့အားလုံးက အချိန်တန်တဲ့အခါ အစာရဖို့ကိုယ်တော့်ကို မျှော်နေကြတယ်။+ ၂၈  ကိုယ်တော် ပေးတာတွေကို သူတို့စားကြတယ်။+ လက်တော်ကို ဖွင့်လိုက်တဲ့အခါ ကောင်းမွန်ရာတွေ သူတို့ အဝစားရတယ်။+ ၂၉  ကိုယ်တော် မျက်နှာလွှဲတဲ့အခါ သူတို့ ယောက်ယက်ခတ်ကုန်တယ်။ အသက်စွမ်းအားကို* ရုပ်သိမ်းလိုက်တဲ့အခါ သူတို့ သေဆုံးပြီး မြေမှုန့်ကိုပဲ ပြန်ရတယ်။+ ၃၀  ကိုယ်တော်က စွမ်းအားတော်ကိုလွှတ်ပြီး သူတို့ကို ဖန်ဆင်းခဲ့တယ်။+ မြေပြင်ပေါ်မှာ သက်ရှိအသစ်တွေ ပေါက်ပွားစေတယ်။ ၃၁  ယေဟောဝါရဲ့ ဂုဏ်ကျက်သရေဟာ ထာဝစဉ် တည်လိမ့်မယ်။ ယေဟောဝါဟာ မိမိရဲ့လုပ်ဆောင်မှုတွေကြောင့် ဝမ်းမြောက်လိမ့်မယ်။+ ၃၂  ဘုရား ကြည့်လိုက်တဲ့အခါ ကမ္ဘာမြေ တုန်လှုပ်သွားတယ်။ တောင်တန်းတွေကို ထိလိုက်တဲ့အခါ မီးခိုးတွေ ထွက်လာတယ်။+ ၃၃  ယေဟောဝါကို အသက်ထက်ဆုံး ချီးမွမ်းသီချင်းဆိုမယ်။+ အသက်ရှင်နေသရွေ့ ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုမယ်။+ ၃၄  ငါ့အတွေးတွေဟာ ဘုရားနှစ်သက်စရာ ဖြစ်ပါစေ။* ယေဟောဝါကြောင့် ငါဝမ်းမြောက်မယ်။ ၃၅  အပြစ်ကျူးလွန်သူတွေ ကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားလိမ့်မယ်။ လူဆိုးတွေလည်း ရှိတော့မှာ မဟုတ်ဘူး။+ ယေဟောဝါကို ချီးမွမ်းပါရစေ။ ယေဟောဝါကို ချီးမွမ်းကြ။*

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ကျောက်ဆောင်မှာနေတဲ့ ယုန်နဲ့တူတဲ့ အကောင်တစ်မျိုး။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ် “စွမ်းအား” ကိုကြည့်။
“ဘုရားနဲ့ပတ်သက်တဲ့ ငါ့အတွေးတွေ နှစ်သက်စရာဖြစ်ပါစေ” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ဟာလေလုယ။” အဓိပ္ပာယ်၊ “ ‘ယ’ ကို ချီးမွမ်းကြ။” ‘ယ’ ဆိုတာ ယေဟောဝါရဲ့ အတိုကောက်နာမည်။ နောက်ဆက်တွဲ က၅ ကိုကြည့်။