ကမ္ဘာဦး ၁၉:၁-၃၈
၁၉ ညနေစောင်းမှာ သောဒုံမြို့ကို ကောင်းကင်တမန်နှစ်ပါး ရောက်လာတော့ လောတဟာ သောဒုံမြို့တံခါးမှာ ထိုင်နေတယ်။ သူတို့ကိုတွေ့တဲ့အခါ ကြိုဆိုဖို့ ထသွားပြီး မြေပေါ် ပျပ်ဝပ်လိုက်တယ်။+
၂ ပြီးတော့ “လူကြီးမင်းတို့၊ ဒီည ကျွန်တော့်အိမ်မှာ လာတည်းကြပါဗျာ။ ခြေဆေးပေးပါ့မယ်။ မနက်ဖြန်ကျမှ စောစောထပြီး ခရီးဆက်ကြပါ” လို့ပြောတဲ့အခါ သူတို့က “နေပါစေ။ မြို့ရင်ပြင်မှာပဲ ညအိပ်တော့မယ်” ဆိုပြီးပြောတယ်။
၃ ဒါပေမဲ့ လောတ မရမကခေါ်တဲ့အတွက် အိမ်ကိုလိုက်လာတယ်။ လောတလည်း စားစရာပြင်ဆင်ပြီး တဆေးမဲ့မုန့် ဖုတ်ပေးတော့ သူတို့စားကြတယ်။
၄ သူတို့မအိပ်ခင်မှာ သောဒုံမြို့သား လူကြီးလူငယ်တွေပါတဲ့ လူရမ်းကားတစ်အုပ် အိမ်ကို လာဝိုင်းကြတယ်။
၅ လောတကို အော်ခေါ်ပြီး “ဒီည မင်းအိမ်ကို ရောက်လာတဲ့လူတွေ ဘယ်မှာလဲ။ သူတို့နဲ့ ပျော်ပါးချင်လို့* ထုတ်ပေးစမ်း” လို့ပြောကြတယ်။+
၆ လောတလည်း အိမ်ပြင်ကို ထွက်၊ တံခါးပိတ်ပြီး၊
၇ “ညီအစ်ကိုတို့၊ ဒီလိုယုတ်ညံ့တဲ့လုပ်ရပ်ကို မလုပ်ကြပါနဲ့ဗျာ။
၈ ကျွန်တော့်မှာ အပျိုစင်သမီးနှစ်ယောက် ရှိတယ်။ သူတို့ကို ထုတ်ပေးပါ့မယ်။ ခင်ဗျားတို့စိတ်တိုင်းကျ လုပ်နိုင်ပါတယ်။ ကျွန်တော့်အိမ်ရိပ်ခိုနေတဲ့ ဒီလူတွေကိုတော့ ဘာမှမလုပ်ကြပါနဲ့” လို့တောင်းပန်တယ်။+
၉ သူတို့က “ဖယ်စမ်းပါ။ ဆွေမရှိမျိုးမရှိ၊ တစ်နယ်တစ်ကျေးကနေ လာပြီးတော့များ ငါတို့ကို ဆရာလုပ်ချင်သေးတယ်။ မင်းကို ဟိုလူတွေထက် ပိုဆိုးအောင် လုပ်ပစ်မယ်” လို့ပြောရင်း လောတကို တွန်းဖယ်ပြီး တံခါးကို ရိုက်ချိုးဖို့ ရှေ့တိုးလာကြတယ်။
၁၀ ဒါကြောင့် ကောင်းကင်တမန်တွေက လောတကို အိမ်ထဲဆွဲသွင်းပြီး တံခါးပိတ်လိုက်တယ်။
၁၁ တံခါးဝမှာရှိတဲ့ လူကြီးလူငယ်တွေကိုတော့ မျက်စိကန်းအောင် ဒဏ်ခတ်လိုက်တဲ့အတွက် တံခါးပေါက်ကို စမ်းတဝါးဝါးရှာရင်း မောပန်းသွားကြတယ်။
၁၂ အဲဒီနောက် ကောင်းကင်တမန်တွေက လောတကို “ဒီမြို့မှာ ဆွေမျိုးသားချင်းတွေ ရှိသေးလား။ သမက်တွေ၊ သားသမီးတွေ၊ ခင်ဗျားရဲ့လူတွေကို ဒီမြို့ကနေ ခေါ်ထုတ်သွားပါ။
၁၃ ဒီမြို့ကို ဖျက်ဆီးတော့မယ်။ ဒီမြို့နဲ့ပတ်သက်ပြီး လူတွေရဲ့အော်ဟစ်ညည်းညူသံဟာ ယေဟောဝါရှေ့မှာ ကျယ်လောင်လွန်းတဲ့အတွက်+ ဒီမြို့ကိုဖျက်ဆီးဖို့ ကျွန်တော်တို့ကို ယေဟောဝါ လွှတ်လိုက်တာ” လို့ပြောတယ်။
၁၄ ဒါကြောင့် လောတက သမက်လောင်းတွေဆီ သွားပြီး “ကဲ၊ မင်းတို့ မြန်မြန်ထွက်သွားကြ။ ဒီမြို့ကို ယေဟောဝါဘုရား ဖျက်ဆီးတော့မယ်” လို့အထပ်ထပ်ပြောပေမဲ့ သမက်တွေက လောတ နောက်ပြောင်နေတယ်လို့ ထင်ကြတယ်။+
၁၅ အရုဏ်တက်လာတဲ့အခါ ကောင်းကင်တမန်တွေက “အပြစ်ရှိတဲ့ ဒီမြို့ကို ဖျက်ဆီးတဲ့အခါ ပါမသွားဖို့ ခင်ဗျားရဲ့ဇနီးနဲ့ သမီးနှစ်ယောက်ကိုခေါ်ပြီး မြန်မြန်ထွက်သွား” လို့ လောတကို အပူတပြင်း တိုက်တွန်းတယ်။+
၁၆ လောတ အချိန်ဆွဲနေတော့ ယေဟောဝါရဲ့ သနားညှာတာမှုကြောင့်+ ကောင်းကင်တမန်တွေက လောတ၊ သူ့ဇနီးနဲ့ သမီးနှစ်ယောက်ကို လက်ဆွဲပြီး မြို့ပြင် ခေါ်ထုတ်သွားတယ်။+
၁၇ မြို့ပြင်ရောက်တာနဲ့ “အသက်လွတ်အောင် ပြေးကြ။ နောက်လှည့်မကြည့်နဲ့။+ ဒီဒေသတစ်လျှောက်လုံးမှာ မနားကြနဲ့။+ ဖျက်ဆီးမခံရအောင် တောင်ပေါ်ကိုသာ ပြေးကြ” လို့ပြောတယ်။
၁၈ အဲဒီအခါ လောတက “ယေဟောဝါ၊* အဲဒီကိုတော့ မပြေးပါရစေနဲ့။
၁၉ အခု၊ ကြီးမားလှတဲ့ ခိုင်မြဲတဲ့မေတ္တာပြပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးလိုက်ပါပြီ။+ ကျွန်တော့်ကို မျက်နှာသာပေးပါပြီ။ ဒါပေမဲ့ တောင်ပေါ်ကိုတော့ မပြေးပါရစေနဲ့။ ဒုက္ခရောက်ပြီး သေမှာစိုးလို့ပါ။+
၂၀ ဟိုးရှေ့ကမြို့လေးက နီးတော့ အဲဒီကိုပဲ ပြေးပါရစေ။ ဒါဆို ကျွန်တော် အသက်ချမ်းသာရပါလိမ့်မယ်” လို့ပြောတယ်။
၂၁ ဒါနဲ့ ကောင်းကင်တမန်က “ကောင်းပြီ။ ခင်ဗျားကို ငဲ့ညှာတဲ့အနေနဲ့+ အဲဒီမြို့ကို မဖျက်ဆီးတော့ဘူး။+
၂၂ မြန်မြန်သာ ပြေးပေတော့။ အဲဒီကို ခင်ဗျားမရောက်မချင်း ကျွန်တော်ဘာမှမလုပ်ဘူး” ဆိုပြီးပြောတယ်။+ ဒါကြောင့် အဲဒီမြို့ကို ဇောရ* လို့ခေါ်တယ်။+
၂၃ ဇောရမြို့ကို လောတရောက်တဲ့အခါ နေမြင့်နေပြီ။
၂၄ ယေဟောဝါက သောဒုံနဲ့ ဂေါမောရမြို့အပေါ် ကန့်နဲ့မီးကို ရွာကျစေတယ်။ အဲဒီကန့်နဲ့မီးဟာ ယေဟောဝါရှိရာ ကောင်းကင်ကနေ ကျလာတာ။+
၂၅ မြို့သားတွေ၊ အပင်တွေအပါအဝင် အဲဒီမြို့တွေရှိတဲ့ ဒေသတစ်ခုလုံးကို ဘုရားသခင် ဖျက်ဆီးလိုက်တယ်။+
၂၆ နောက်ကလိုက်လာတဲ့ လောတမိန်းမကတော့ နောက်လှည့်ကြည့်လို့ ဆားတိုင်ဖြစ်သွားတယ်။+
၂၇ အာဗြဟံဟာ မနက်စောစောထပြီး ယေဟောဝါရှေ့ ရပ်ခဲ့တဲ့နေရာကို သွားတယ်။+
၂၈ သောဒုံမြို့၊ ဂေါမောရမြို့နဲ့ အဲဒီဒေသတစ်ခုလုံးကို သူလှမ်းကြည့်တော့ မြင်ကွင်းဟာ မယုံနိုင်စရာပဲ။ မီးခိုးတွေဟာ မီးဖိုထဲကနေ အလိပ်လိုက်တက်သလို တက်နေတယ်။+
၂၉ ဘုရားသခင်က အဲဒီဒေသမှာရှိတဲ့ မြို့တွေကို ဖျက်ဆီးတဲ့အခါ အာဗြဟံကို သတိရတယ်။ ဒါကြောင့် လောတနေထိုင်တဲ့ဒေသက မြို့တွေကို ဖျက်ဆီးတဲ့အခါ လောတကို လွတ်မြောက်စေခဲ့တယ်။+
၃၀ နောက်ပိုင်းမှာ လောတက ဇောရမြို့မှာ+ မနေရဲလို့ သမီးနှစ်ယောက်နဲ့အတူ တောင်တန်းဒေသကိုသွားပြီး+ လိုဏ်ဂူတစ်ခုထဲမှာ နေထိုင်တယ်။
၃၁ သမီးကြီးက “အဖေလည်း အသက်ကြီးပြီ။ လူ့သဘာဝအတိုင်း ငါတို့ကို လက်ထပ်မယ့် ယောက်ျားတွေလည်း ဒီဒေသမှာ မရှိဘူး။
၃၂ ဒီတော့ အဖေ့ကို ဝိုင်တိုက်ရအောင်။ အဖေ့မျိုးဆက် မပြတ်ဖို့ အဖေနဲ့အတူ အိပ်ကြစို့” လို့ သမီးငယ်ကို ပြောတယ်။
၃၃ အဲဒီညမှာ သူတို့က အဖေ့ကို ဝိုင်တစ်ခွက်ပြီးတစ်ခွက် တိုက်တယ်။ ပြီးတော့ သမီးကြီးက အဖေနဲ့အိပ်တယ်။ သူ ဘယ်အချိန်အိပ်ပြီး ဘယ်အချိန်ထသွားမှန်း အဖေ မသိလိုက်ဘူး။
၃၄ နောက်တစ်နေ့မှာ သမီးကြီးက “မနေ့ညက ငါအဖေနဲ့ အိပ်ပြီးပြီ။ ဒီည အဖေ့ကို ဝိုင်ထပ်တိုက်ရအောင်။ အဖေ့မျိုးဆက် မပြတ်ဖို့ နင် အဖေနဲ့အိပ်ပါ” ဆိုပြီး သမီးငယ်ကို ပြောတယ်။
၃၅ အဲဒီညမှာလည်း အဖေ့ကို ဝိုင်တစ်ခွက်ပြီးတစ်ခွက် တိုက်တယ်။ ပြီးတော့ သမီးငယ်က အဖေနဲ့အိပ်တယ်။ သူဘယ်အချိန်အိပ်ပြီး ဘယ်အချိန်ထသွားမှန်း အဖေ မသိလိုက်ဘူး။
၃၆ ဒီလိုနဲ့ သမီးနှစ်ယောက်စလုံးဟာ အဖေနဲ့ရတဲ့ ကိုယ်ဝန်ကို လွယ်ထားကြတယ်။
၃၇ သမီးကြီးက သားလေးမွေးပြီး မောဘလို့ နာမည်ပေးတယ်။+ သူဟာ အခုခေတ် မောဘလူမျိုးတွေရဲ့ ဘိုးဘေးပဲ။+
၃၈ သမီးငယ်လည်း သားလေးမွေးပြီး ဗေနမိလို့ နာမည်ပေးတယ်။ သူကတော့ အခုခေတ် အမ္မုန်လူမျိုးတွေရဲ့ ဘိုးဘေးပဲ။+