မာတိကာဆီ ကျော်သွား

သူတော်စင်တွေဆီ ဆုတောင်းသင့်သလား။

သူတော်စင်တွေဆီ ဆုတောင်းသင့်သလား။

သမ္မာကျမ်းစာအဖြေ

 သူတော်စင်တွေဆီ ဆုမတောင်းသင့်ပါဘူး။ ယေရှုနာမကတစ်ဆင့် ဘုရားသခင်ဆီပဲ ဆုတောင်းသင့်တယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။ ယေရှုက တပည့်တွေကို ခုလိုသင်ပေးခဲ့တယ်- “သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။” (မဿဲ ၆:၉သမ္မာကျမ်း) ယေရှုက တပည့်တွေကို သူတော်စင်တွေ၊ ကောင်းကင်တမန်တွေဆီ ဆုတောင်းဖို့ မသင်ပေးခဲ့ဘူး၊ ဘုရားသခင်ကလွဲလို့ ဘယ်သူ့ဆီကိုမှ ဆုတောင်းဖို့ မသင်ပေးခဲ့ဘူး။

 ယေရှုက နောက်လိုက်တွေကို ခုလိုလည်း ပြောခဲ့တယ်– “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ယောဟန် ၁၄:၆သမ္မာကျမ်း) ယေရှုတစ်ပါးတည်းသာ ကျွန်ုပ်တို့အကျိုးအတွက် ဘုရားသခင်ရှေ့ ကြားဝင်ဖျန်ဖြေပေးနိုင်တဲ့အခွင့်ရှိသူ ဖြစ်တယ်။—ဟေဗြဲ ၇:၂၅

ဘုရားသခင်ဆီလည်း ဆုတောင်း၊ သူတော်စင်တွေဆီလည်း ဆုတောင်းလို့ မရဘူးလား။

 စာတန့်ရဲ့ သွေးဆောင်မှုကို တုံ့ပြန်တဲ့အခါ ယေရှု ဒီလိုပြောခဲ့တယ်- “သင်၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။” (မဿဲ ၄:၁၀သမ္မာကျမ်း) ဆုတောင်းခြင်းကလည်း ဝတ်ပြုကိုးကွယ်မှုထဲမှာပါတယ်။ ဝတ်ပြုကိုးကွယ်မှုကို ဘုရားသခင်တစ်ပါးတည်းကိုပဲ အကြွင်းမဲ့ပေးရမယ်လို့ ကိုယ်တော် တောင်းဆိုထားတယ်။—ဟေရှာယ ၄၈:၁၁

 သူတော်စင်တွေ၊ ကောင်းကင်တမန်တွေအပါအဝင် တခြားပုဂ္ဂိုလ် တစ်ပါးပါးဆီ ဆုတောင်းတာက ဘုရားသခင်ကို မလေးမခန့်လုပ်ရာ ရောက်တယ်။ တမန်တော်ယောဟန်က ကောင်းကင်တမန်တစ်ပါးကို ပျပ်ဝတ်ကိုးကွယ်ဖို့ လုပ်တဲ့အခါ ကောင်းကင်တမန်က “မပြုပါနှင့်၊ ငါကား သင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကိုဆောင်သော သင်၏ညီအစ်ကိုတို့၏ လုပ်ဖော်ဆောင်ဖက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့” လို့ပြောပြီး တားမြစ်ခဲ့တယ်။—ဗျာဒိတ် ၁၉:၁၀သမ္မာကျမ်း။