ဘုရားသခင်၏ နှုတ်ကပါဌ်တော်ဆိုတာ ဘယ်သူလဲ၊ ဘာလဲ
သမ္မာကျမ်းစာဖြေဆိုရာ
“ဘုရားသခင်၏ နှုတ်ကပါဌ်တရားတော်” ဆိုတဲ့ အသုံးအနှုန်းဟာ အများအားဖြင့် ဘုရားဆီကလာတဲ့ သတင်းတရားတစ်ခု ဒါမှမဟုတ် အများစုကို ဆိုလိုတယ်။ (လုကာ ၁၁:၂၈၊ ယုဒသန်ကျမ်း) တချို့နေရာမှာတော့ “ဘုရားသခင်၏ နှုတ်ကပါဌ်တော်” ဒါမှမဟုတ် “နှုတ်ကပါဌ်တော်” ကို ဘွဲ့အမည်အဖြစ် အသုံးပြုထားတယ်။—ဗျာဒိတ် ၁၉:၁၃။ ယောဟန် ၁:၁၄။
ဘုရားဆီက သတင်းတရား။ ပရောဖက်တွေက ဘုရားဆီက တရားစကားကို သူတို့ဆင့်ဆိုတယ်လို့ အများအားဖြင့် ပြောကြတယ်။ ဥပမာ၊ ယေရမိဆိုရင် ကြိုဟောချက်တွေကို စပြောတိုင်း “ထာဝရဘုရား၏ နှုတ်ကပါဌ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား” ဆိုပြီး နိဒါန်းပျိုးတယ်။ (ယေရမိ ၁:၄၊ ၁၁၊ ၁၃။ ၂:၁) ရှောလုကို ပရောဖက်ရှမွေလက “ရပ်နေတော့။ ဘုရားသခင်၏အမိန့်တော် (နှုတ်ကပါဌ်တော်) ကို ငါပြန်မည်” ဟု ပြောပြီးမှ သူ့ကို ဘုရားက ဘုရင်အဖြစ်ခန့်တဲ့အကြောင်း ပြောပြတယ်။—၁ ဓမ္မရာဇဝင် ၉:၂၇။
ဘွဲ့နာမည်။ ကောင်းကင်မှာ ယေရှုခရစ်ဟာ နာမ်ဝိညာဉ်အဖြစ် ရှိတုန်းကရော၊ မြေကြီးပေါ်မှာ လူအဖြစ် ရှိတဲ့အခါမှာပါ “နှုတ်ကပါဌ်တော်” ဆိုတဲ့စကားလုံးကို သူ့ရဲ့ ဘွဲ့အမည်အဖြစ် ကျမ်းစာထဲမှာ အသုံးပြုထားတယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲဆိုတာကို သုံးသပ်ကြည့်ရအောင်-
နှုတ်ကပါဌ်တော်ဟာ တခြား ဘာကိုမှ မဖန်ဆင်းခင် တည်ရှိခဲ့တယ်။ “အစအဦး၌ နှုတ်ကပါဌ်တော်ရှိ၏။ နှုတ်ကပါဌ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။” (ယောဟန် ၁:၁၊ ၂) ယေရှုဟာ “ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ . . . သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မီဖြစ်တော်မူ” ၏။—ကောလောသဲ ၁:၁၃-၁၅၊ ၁၇၊ ယုဒသန်ကျမ်း။
နှုတ်ကပါဌ်တော်ဟာ လူသားအဖြစ် မြေကြီးပေါ် ဆင်းလာခဲ့တယ်။ “နှုတ်ကပါဌ်တော်သည်လည်း လူ့ဇာတိကိုခံယူ၍ ငါတို့တွင် ရှိနေတော်မူ၏။” (ယောဟန် ၁:၁၄) ခရစ်တော်ယေရှုဟာ “မိမိပိုင်ဆိုင်သမျှကို စွန့်၍ ကျွန်၏ပုံသဏ္ဌာန်ကို ဆောင်ယူလျက် လူ့အသွင်ကို ခံယူတော်မူ၏။”—ဖိလိပ္ပိ ၂:၅-၇။
နှုတ်ကပါဌ်တော်ဟာ ဘုရားသားဖြစ်တယ်။ “နှုတ်ကပါဌ်တော်သည်လည်း လူ့ဇာတိကိုခံယူ” တယ်လို့ ပြောပြီးနောက် တမန်တော်ယောဟန်က “ကိုယ်တော်၏ ဘုန်းအသရေကို ငါတို့ ရှုမြင်ရကြပြီ။ ထိုဘုန်းအသရေသည် ခမည်းတော်၏တစ်ပါးတည်းသော သားတော်နှင့်ဆိုင်၏” ဆိုပြီး ဆက်ပြောတယ်။ (ယောဟန် ၁:၁၄) အဲဒီအပြင် ယောဟန်က ‘ယေရှုခရစ်ဟာ ဘုရားသခင့်သားတော်ဖြစ်တယ်’ လို့ရေးခဲ့သေးတယ်။—၁ ယောဟန် ၄:၁၅။
နှုတ်ကပါဌ်တော်ဆီမှာ ဘုရားရဲ့အရည်အသွေးတွေရှိတယ်။ “နှုတ်ကပါဌ်တော်သည်လည်း ဘုရားတစ်ပါးဖြစ်တော်မူ၏။” (ယောဟန် ၁:၁) “သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ရောင်ပြန်ဟပ်သည့်အပြင် ဘုရားသခင်၏အသွင်တူပုံသဏ္ဌာန် ဖြစ်တော်မူ၏။”—ဟေဗြဲ ၁:၂၊ ၃။
နှုတ်ကပါဌ်တော်ဟာ အစိုးရတဲ့ ဘုရင်ပါ။ နှုတ်ကပါဌ်တော်ရဲ့ ခေါင်းပေါ်မှာ “သရဖူများစွာ ဆောင်းထား၏” လို့ ကျမ်းစာကဆိုတယ်။ (ဗျာဒိတ် ၁၉:၁၂၊ ၁၃) နှုတ်ကပါဌ်တော်ကို “ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏သခင်” လို့လည်း ခေါ်သေးတယ်။ (ဗျာဒိတ် ၁၉:၁၆) ယေရှုကိုလည်း “ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်” လို့ ခေါ်ကြတယ်။—၁ တိမောသေ ၆:၁၄၊ ၁၅။
နှုတ်ကပါဌ်တော်ဟာ ဘုရားရဲ့ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်တယ်။ “နှုတ်ကပါဌ်တော်” ဆိုတဲ့ ဘွဲ့အမည် ရထားသူကို ဘုရားက သိစေချင်တဲ့ အချက်အလက်၊ ညွှန်ကြားချက်တွေကို ပြောခိုင်းမှာပဲ။ “ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် မည်သို့ဟောပြောရမည်ကို ပညတ်ထားတော်မူပြီ။ . . . ထို့ကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မိန့်မှာထားသည့်အတိုင်း ငါဟောပြော၏” လို့ ယေရှုပြောတယ်။—ယောဟန် ၁၂:၄၉၊ ၅၀။