ကမ္ဘာကြီး ပြားတယ်လို့ သမ္မာကျမ်းစာ သွန်သင်သလား
ကျမ်းစာအဖြေ
ကမ္ဘာကြီး ပြားတယ်လို့ ကျမ်းစာ မသွန်သင်ပါဘူး။ a ကျမ်းစာဟာ သိပ္ပံပြဋ္ဌာန်းစာအုပ် မဟုတ်ပေမဲ့ သိပ္ပံပညာနဲ့ မဆန့်ကျင်ဘူး။ ကျမ်းစာအဆိုတွေကို “ခုရော၊ နောင်ရော အမြဲ စိတ်ချနိုင်တယ်။”—ဆာလံ ၁၁၁:၈။
ကျမ်းစာမှာ “မြေကြီးလေးမျက်နှာ” လို့ ဆိုထားတာက ဘာကို ဆိုလိုသလဲ
“မြေကြီးလေးမျက်နှာ၊” “မြေကြီးစွန်း” ဆိုတဲ့ ကျမ်းစာ အသုံးအနှုန်းတွေကြောင့် ကမ္ဘာမြေက စတုရန်းပုံ ဖြစ်တယ်၊ မြေကြီးမှာ အစွန်းရှိတယ်လို့ တိုက်ရိုက်ယူလို့ မရပါဘူး။ (ဟေရှာယ ၁၁:၁၂။ ယောဘ ၃၇:၃၊ ယုဒသန်ကျမ်း) အဲဒီအသုံးအနှုန်းတွေက ကမ္ဘာမြေတစ်ခွင်လုံးကို တင်စားဖော်ပြထားခြင်း ဖြစ်ပါတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာကို ဆိုလိုခြင်း ဖြစ်တယ်။—လုကာ ၁၃:၂၉။
“တောင်ပံများ” ဆိုတဲ့ ဟီဘရူးစကားလုံးပေါ် အခြေခံပြီး “ထောင့် [အရပ်မျက်နှာ]” ဒါမှမဟုတ် “အစွန်း” ဆိုတဲ့စကားလုံး ထွက်ပေါ်လာပုံရတယ်။ အပြည်ပြည်ဆိုင်ရာ စံမီကျမ်းစာ စွယ်စုံကျမ်းအရ “ငှက်တစ်ကောင်ရဲ့ တောင်ပံက သားပေါက်ကို ဖုံးအုပ်ကာကွယ်ပေးတဲ့နေရာမှာ အသုံးပြုတဲ့အတွက် [ဒီဟီဘရူး ဝေါဟာရက] ဖြန့်ကြက်နိုင်တဲ့နေရာ တစ်ခုလုံးကို ဆိုလိုတယ်။ ယောဘ ၃၇:၃၊ ဟေရှာယ ၁၁:၁၂ တို့မှာပါတဲ့ “ဒီဝေါဟာရက ပင်လယ်ကမ်းရိုးတန်း၊ နယ်စွန်နယ်ဖျား ဒါမှမဟုတ် ကမ္ဘာမြေတစ်ခွင်လုံးကို ဆိုလိုတယ်” b ဆိုပြီး အဲဒီစွယ်စုံကျမ်းမှာ ဖော်ပြထားတယ်။
ယေရှုကို မာရ်နတ် သွေးဆောင်တာနဲ့ ပတ်သက်ပြီးတော့ကော ဘယ်လို ပြောမလဲ
“မာရ်နတ်က ယေရှုကို မြင့်မားလှတဲ့ တောင်ပေါ် ခေါ်သွားပြန်တယ်။ တိုင်းနိုင်ငံတွေနဲ့ ဘုန်းစည်းစိမ် အားလုံးကို ပြ” ခဲ့တယ်။ (မဿဲ ၄:၈) နေရာ တစ်နေရာကနေ ကမ္ဘာတစ်ခုလုံးကို မြင်နိုင်တယ်ဆိုတဲ့ ဖော်ပြချက်က ကမ္ဘာပြားတယ်လို့ ကျမ်းစာ ပြောချင်တာပေါ့လို့ တချို့ ဆိုကြတယ်။ ဒါပေမဲ့ ဒီမှတ်တမ်းမှာ ဖော်ပြထားတဲ့ “မြင့်မားလှတဲ့တောင်” ဆိုတာ ပကတိနေရာ မဟုတ်ဘဲ တင်စားမှု ဖြစ်ပုံရတယ်။ ဒီလိုကောက်ချက် ချရတဲ့အကြောင်းရင်းကို သုံးသပ်ကြည့်ပါ။
ကမ္ဘာ့တိုင်းနိုင်ငံအားလုံးကို တစ်နေရာတည်းကနေ မြင်နိုင်တဲ့ ပကတိတောင် ကမ္ဘာပေါ်မှာ မရှိပါဘူး။
မာရ်နတ်က ယေရှုကို တိုင်းနိုင်ငံတွေလောက်ပဲ ပြတာ မဟုတ်ဘူး။ “ဘုန်းစည်းစိမ်” တွေကိုလည်း ပြခဲ့တယ်။ ဘုန်းစည်းစိမ်တွေကို အတော်လှမ်းလှမ်းကနေ မြင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် မာရ်နတ်က စိတ်အာရုံ တစ်မျိုးမျိုးကို သုံးပြီး ယေရှု မြင်အောင် ပြခဲ့ပုံရတယ်။ ရုပ်ရှင်ပြစက် သုံးပြီး ကမ္ဘာ့နေရာဒေသ အမျိုးမျိုးရဲ့ ရုပ်ပုံတွေကို ပြသလိုမျိုး ဖြစ်နိုင်တယ်။
ကျမ်းပြိုင်မှတ်တမ်း လုကာ ၄:၅ မှာ မာရ်နတ်က ယေရှုကို “ကမ္ဘာ့တိုင်းနိုင်ငံတွေကို တစ်ခဏလောက် ပြ” ခဲ့တယ်လို့ ဆိုထားတယ်။ သာမန်မျက်စိနဲ့ ပကတိ ကမ္ဘာ့တိုင်းနိုင်ငံတွေကို တစ်ခဏလောက် ကြည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မာရ်နတ်က တခြားနည်းတစ်မျိုးမျိုး သုံးပြီး ယေရှုကို သွေးဆောင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။
a ဘုရားသခင်ကို “ကမ္ဘာလုံးရဲ့ အထက်မှာ စံမြန်းတဲ့အရှင်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟေရှာယ ၄၀:၂၂) “ကမ္ဘာလုံး” လို့ပြန်ဆိုတဲ့ စကားလုံးဟာ စက်လုံးကိုလည်း ဆိုလိုတယ်လို့ ကိုးကားချက်တချို့က ဆိုတယ်။ အဲဒါကို ကျမ်းပညာရှင်အားလုံးက သဘောတူကြတာတော့ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ပါစေ ကျမ်းစာက ကမ္ဘာကြီး ပြားတယ်ဆိုတဲ့ အယူအဆကိုတော့ မထောက်ခံဘူး။
b Revised Edition, Volume 2, page 4.