မိသားစုအတွက် အကူအညီ |သားသမီး ပြုစုပျိုးထောင်ခြင်း
သားသမီးနဲ့ စမတ်ဖုန်း—အပိုင်း ၂။ စမတ်ဖုန်းကို ချင့်ချိန်မှုရှိရှိ သုံးတတ်အောင် သားသမီးတွေကို သင်ပေးပါ
စမတ်ဖုန်းဆိုတာ လျှပ်စစ် လွန်ဖောက်စက်နဲ့ တူတယ်။ အသုံးပြုပုံအပေါ် မူတည်ပြီး ကောင်းကျိုး၊ ဆိုးကျိုး ဖြစ်စေနိုင်တယ်။ အစွမ်းထက် စမတ်ဖုန်းကို ချင့်ချင့်ချိန်ချိန် သုံးတတ်အောင် သားသမီးတွေကို ဘယ်လို သင်ပေးနိုင်သလဲ။ ဥပမာ၊ တစ်နေ့ကို စမတ်ဖုန်း အချိန်ဘယ်လောက်ကြာကြာ သုံးခွင့်ပေးမလဲ။ a
သိသင့်သိအပ်ရာ
စမတ်ဖုန်းက အသုံးပြုသူကို အန္တရာယ်နဲ့ ထိတွေ့စေနိုင်တယ်။ “သားသမီးနဲ့ စမတ်ဖုန်း—အပိုင်း ၁။ သားသမီးကို စမတ်ဖုန်း ပေးသုံးသင့်သလား” ဆောင်းပါးမှာ ပါတဲ့အတိုင်း စမတ်ဖုန်း ရှိရင် အင်တာနက်ပေါ်က ကောင်းတာ/မကောင်းတာ မှန်သမျှ ဝင်ကြည့်လို့ ရတယ်။
“စမတ်ဖုန်းက သားသမီးတွေကို အန္တရာယ်ရှိသူတွေ၊ အန္တရာယ်ရှိတဲ့ အယူအဆတွေနဲ့ ထိတွေ့စေနိုင်မှန်း မိဘတွေ မေ့နေတတ်တယ်။”—ဘရန်ဒါ
သားသမီးတွေဟာ လမ်းညွှန်မှု လိုအပ်တယ်။ လူငယ်တွေဟာ နည်းပညာနဲ့ ဖက်ပြီး မွေးလာကြပေမဲ့ လူကြီးတွေအတွက်ကတော့ အသစ်အဆန်း ဖြစ်နေတုန်းပဲ။ ဒါက နည်းပညာအကြောင်း မိဘတွေ နကန်းတစ်လုံးမှ မသိဘူး၊ စမတ်ဖုန်းကို သုံးပုံ၊ ဘယ်အချိန်မှာ သုံးမယ်ဆိုတာ သားသမီးတွေ ပိုသိတယ်ဆိုတဲ့သဘော မဟုတ်ပါဘူး။
သားသမီးတွေ စမတ်ဖုန်းသုံးတာ ပိုကျွမ်းတယ်ဆိုတိုင်း အကျိုးရှိရှိ သုံးနိုင်စွမ်း ရှိတယ်ဆိုတဲ့သဘော မဟုတ်ဘူး။ ကလေးတွေ ဘယ်လောက်ပဲ နည်းပညာကျွမ်းတယ်ပြောပြော စမတ်ဖုန်းကို ချင့်ချိန်မှုရှိရှိ ဘယ်လို သုံးနိုင်တယ်ဆိုတာ မိဘတွေ လမ်းညွှန်ပေးဖို့ လိုတယ်။
“ကောင်းကောင်း မလေ့ကျင့်ပေးဘဲ စမတ်ဖုန်း ပေးသုံးတာက ကားမောင်းမသင်ထားတဲ့ ကလေးကို ကားသော့ပေး၊ ကားမောင်းသူထိုင်ခုံမှာ ထိုင်ခိုင်း၊ စက်နှိုးခိုင်း၊ ပြီးတော့မှ ‘ဂရုစိုက်မောင်းနော်’ လို့ပြောတာနဲ့ တူတယ်။”—စက်သ်
လုပ်ဆောင်နိုင်ရာ
ကိုယ့်ကလေးရဲ့ ဖုန်းအကြောင်း လေ့လာထားပါ။ ဖုန်းအကြောင်း သိထားမယ်ဆိုရင် ဖုန်းကို ချင့်ချိန်မှုရှိရှိ သုံးတတ်အောင် ကလေးကို ကူညီပေးနိုင်တယ်။ ဥပမာ-
ဖုန်းကို အချိန်ဘယ်လောက်ကြာကြာ သုံးမယ်၊ ဘယ်ဝက်ဘ်ဆိုက် ကြည့်မယ်ဆိုတာ ကန့်သတ်ဖို့ ဘာဆက်တင်တွေ ရှိသလဲ။
မသင့်လျော်တာတွေကို တားမြစ်ထားတဲ့ ဆက်တင်တွေ သိပ်မထိရောက်ဘူးဆိုတာ သင်သိသလား။
ကိုယ့်ကလေးရဲ့ စမတ်ဖုန်းအကြောင်း သိထားရင် ချင့်ချိန်မှုရှိရှိ သုံးတတ်အောင် ပိုကူညီပေးနိုင်မယ်။
ကျမ်းစာ အခြေခံမူ။ “ဉာဏ်ပညာရှိသူက အစွမ်းတန်ခိုး ရှိတယ်။”—ပညာအလိမ္မာ ၂၄:၅။
စည်းကမ်းထုတ်ပါ။ ဘာကို ခွင့်ပြုတယ်၊ ဘာကို ခွင့်မပြုဘူးဆိုတာ ဆုံးဖြတ်ပါ။ ဥပမာ-
ထမင်းစားပွဲဆီ ဖုန်းကို ယူလာခွင့်ပြုမလား။ မိသားစု ဒါမှမဟုတ် မိတ်ဆွေတွေနဲ့အတူ အလည်အပတ်သွားချိန်မှာ ဖုန်းကို ယူလာခွင့်ပြုမလား။
ညအိပ်ချိန် အိပ်ခန်းထဲ ဖုန်းယူသွားခွင့်ပြုမလား။
ဘယ်အက်ပ်တွေကို သုံးခွင့်ပေးမလဲ။
ဖုန်းကို အချိန်ဘယ်လောက်ပဲ ပေးကြည့်မလဲ။
တစ်နေ့ကို ဘယ်နှနာရီ သုံးရမယ်ဆိုတာ အချိန်ကန့်သတ်ပေးမလား။
စည်းကမ်းချက်တွေကို အသိပေးပါ။ စည်းကမ်းဖောက်ရင် ဘယ်အတိုင်းအတာအထိ ဆုံးမမယ်ဆိုတာ ပြင်ဆင်ထားပါ။
ကျမ်းစာ အခြေခံမူ။ “ကလေးကို မဆုံးမဘဲ မနေနဲ့။”—ပညာအလိမ္မာ ၂၃:၁၃။
စောင့်ကြည့်ပါ။ ကလေးရဲ့ ဖုန်းစကားဝှက်ကို သိထားပါ။ အခါအားလျော်စွာ ဖုန်းကို စစ်ဆေးပါ။ စာအဝင်အထွက်၊ အက်ပ်၊ ဓာတ်ပုံ၊ ဝင်ကြည့်တဲ့ ဝက်ဘ်ဆိုက် စတာတွေကို စစ်ပါ။
“ကြိုမပြောဘဲ လိုရင်လိုသလို ဖုန်းကို စစ်ဆေးမယ်လို့ သမီးကို ပြောပြထားတယ်။ စည်းကမ်းနဲ့ မညီရင် ဖုန်းအသုံးပြုချိန်ကို လျှော့မယ်။”—လော်ရိန်း
ကိုယ့်ကလေး ဖုန်းကို ဘယ်လို သုံးနေတယ်ဆိုတာ မိဘတွေ သိပိုင်ခွင့် ရှိတယ်။
ကျမ်းစာ အခြေခံမူ။ “ကလေးတစ်ယောက်ကိုတောင် အမူအကျင့်တွေ ဖြူစင်မှု၊ မှန်ကန်မှု ရှိမရှိ သူ့လုပ်ရပ်ကိုကြည့်ပြီး သိနိုင်တယ်။”—ပညာအလိမ္မာ ၂၀:၁၁။
စံနှုန်းတွေကို သင်ပေးထားပါ။ မှန်ရာကို လုပ်ချင်စိတ်ရှိအောင် ကလေးကို သင်ပေးပါ။ ဒီလိုလုပ်ဖို့ ဘာကြောင့် အရေးကြီးလဲ။ တချို့ကလေးတွေက တကယ်တမ်း လုပ်ချင်ပြီဟေ့ဆိုရင် မိဘ မသိအောင် ခိုးလုပ်တတ်ကြလို့ပဲ။ b
ဒါကြောင့် ရိုးသားတာ၊ ချုပ်တည်းတာ၊ ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူတတ်တာ စတဲ့ အရည်အသွေးကောင်းတွေကို မြတ်နိုးလာအောင် သင်ပေးပါ။ ကိုယ်ကျင့်တရား ကောင်းတဲ့ ကလေးဟာ ဖုန်းကို အကျိုးရှိရှိ သုံးတတ်ကြတယ်။
ကျမ်းစာ အခြေခံမူ။ ‘ရင့်ကျက်သူတွေဟာ ပိုင်းခြားသိမြင်နိုင်စွမ်း သုံးပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထားတယ်။’—ဟီဘရူး ၅:၁၄။