လူငယ်များအမေး
ရည်းစားထားခြင်း—အပိုင်း ၁– ရည်းစားထားဖို့ ငါ အဆင်သင့် ဖြစ်ပြီလား
ဒီဆောင်းပါးမှာ
ရည်းစားထားတယ်ဆိုတာ ဘာလဲ
လူတချို့က အပျော်သဘောနဲ့ ရည်းစားထားကြတယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ “ရည်းစားထားခြင်း” ကို လူနှစ်ယောက် အိမ်ထောင်ဖက်အဖြစ် လိုက်ဖက်မှု ရှိမရှိ သိအောင် တစ်ယောက်ကို တစ်ယောက် လေ့လာတဲ့ အချိန်ကာလအဖြစ် ရည်ညွှန်းပါတယ်။ ဒါကြောင့် ရည်ရွယ်ချက်ဆိုတာ ရှိတယ်။ လိင်ခြားသူရဲ့ အာရုံစိုက်မှု ခံချင်ရုံ၊ သာယာမှု ရချင်ရုံသက်သက်အတွက် မဖြစ်သင့်ဘူး။
အချိန်ကာလတစ်ခုအထိ လေ့လာပြီးတဲ့အခါ ဆုံးဖြတ်ချက် တစ်ခုမဟုတ်တစ်ခု ချရပါမယ်—ကိုယ်တွဲနေတဲ့သူနဲ့ အိမ်ထောင်ပြုမလား၊ လမ်းခွဲမလား။ ရည်းစားထားကတည်းက ဒီဖြစ်နိုင်ခြေ နှစ်ခုစလုံးအတွက် စိတ်ကို ပြင်ဆင်ထားဖို့ လိုတယ်။
အဓိကအချက်။ ရည်းစားထားဖို့ အဆင်သင့်ဖြစ်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရင် အိမ်ထောင်ပြုဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း ယုံကြည်ရမယ်။
ရည်းစားထားဖို့ အဆင်သင့် ဖြစ်ပြီလား
ရည်းစားဘဝကနေ အိမ်ထောင်သည်ဘဝ ဖြစ်သွားနိုင်လို့ အိမ်ထောင်သည်တစ်ယောက်မှာရှိရမယ့် အရည်အသွေးတွေ ကိုယ့်မှာ ရှိနေသလားဆိုတာ စဉ်းစားသုံးသပ်ရမယ်။ ဥပမာ၊ အောက်ပါအချက်တွေ သုံးသပ်ကြည့်ပါ–
မိသားစုနဲ့ ဆက်ဆံရေး။ မိဘ၊ မောင်နှမတွေကို ပြောဆိုဆက်ဆံသလို အိမ်ထောင်ဖက်ကို ပြောဆိုဆက်ဆံမိမှာပဲ။ အထူးသဖြင့် စိတ်ဖိစီးတဲ့အခါတွေမှာ ဖြစ်တယ်။
ကျမ်းစာအခြေခံမူ။ “အမျိုးမျိုးသော နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းနဲ့ မကောင်းမှုရှိသမျှကို ဖယ်ရှားကြပါ။”—ဧဖက် ၄:၃၁။
ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘မိဘ၊ မောင်နှမတွေက သူတို့ကို ငါ လေးလေးစားစား ဆက်ဆံတယ်လို့ ပြောကြသလား။ သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ အေးအေးဆေးဆေး ဆွေးနွေးသလား။ ဒါမှမဟုတ် ဒေါသနဲ့ တုံ့ပြန်သလား။’
အနစ်နာခံခြင်း။ အိမ်ထောင်ပြုပြီးတဲ့အခါ ကိုယ့်အိမ်ထောင်ဖက်ရဲ့ အကြိုက်ကို ထည့်စဉ်းစားပေးရမယ်၊ ခဏခဏလည်း လိုက်လျောပေးရနိုင်တယ်။
ကျမ်းစာအခြေခံမူ။ “လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ။”—၁ ကောရိန္သု ၁၀:၂၄။
ကိုယ့်ကိုယ်ကို မေးပါ။ ‘ကိုယ့်အကြိုက်ကိုပဲ မရမက တောင်းဆိုတတ်သလား။ အကျိုးသင့်အကြောင်းသင့်ရှိတယ်လို့ လူတွေ မြင်ကြသလား။ ကိုယ့်အကျိုးထက် တခြားသူတွေရဲ့ အကျိုးကို ဦးစားပေးတယ်ဆိုတာ ဘယ်လိုနည်းတွေနဲ့ ပြခဲ့ဖူးသလဲ။’
စိတ်နှိမ့်ချမှု။ အိမ်ထောင်ဖက်ကောင်းတစ်ယောက်ဟာ ကိုယ့်အမှားကို ဝန်ခံတောင်းပန်တတ်တယ်။
ကျမ်းစာအခြေခံမူ။ “ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်။”—ယာကုပ် ၃:၂။
ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘အမှား လုပ်မိရင် ချက်ချင်း ဝန်ခံသလား ဒါမှမဟုတ် ဆင်ခြေပေးသလား။ တစ်ယောက်ယောက် အကြံပေးလာတဲ့အခါ ဆတ်ဆတ်ထိမခံ ဖြစ်တတ်သလား။’
ငွေရေးကြေးရေး။ အိမ်ထောင်မှာ ငွေကြေးကြောင့် ပြဿနာအများဆုံး ဖြစ်လေ့ရှိလို့ ငွေရေးကြေးရေးကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲတတ်တယ်ဆိုရင် အိမ်ထောင်မှာ ပြဿနာ အတော်နည်းသွားမယ်။
ကျမ်းစာအခြေခံမူ။ “ခင်ဗျားတို့ထဲက တစ်ယောက်ဟာ မျှော်စင်ဆောက်မယ်ဆိုရင် ပြီးအောင်ဆောက်ဖို့ ငွေလောက်၊ မလောက် အရင်ဆုံးထိုင်ပြီး ကုန်ကျစရိတ်ကို တွက်ချက်မယ်မဟုတ်လား။”—လုကာ ၁၄:၂၈။
ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘ငွေကို ချင့်ချင့်ချိန်ချိန် သုံးသလား ဒါမှမဟုတ် ခဏခဏ အကြွေးတင်သလား။ ငွေရေးကြေးရေးကို စီမံခန့်ခွဲတတ်ကြောင်း ဘယ်လိုနည်းနဲ့ တင်ပြနေသလဲ။’
ဘုရားနဲ့ ဆက်ဆံရေး။ သင်ဟာ ယေဟောဝါသက်သေတစ်ယောက် ဖြစ်မယ်ဆိုရင် ကျမ်းစာ ပုံမှန် လေ့လာတဲ့သူ၊ ခရစ်ယာန်အစည်းအဝေး ပုံမှန် တက်ရောက်တဲ့သူ ဖြစ်ရမယ်။
ကျမ်းစာအခြေခံမူ။ “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။”—မဿဲ ၅:၃။
ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိအောင် ကြိုးစားနေသလား။ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေကို ဦးစားထားသလား ဒါမှမဟုတ် တခြားအရာတွေကြောင့် အပြတ်ခံသလား။’
အဓိကအချက်။ ကိုယ်က အိမ်ထောင်ဖက်ကောင်း ဖြစ်အောင် ကြိုးစားနေတယ်ဆိုရင် အိမ်ထောင်ဖက်ကောင်း ဖြစ်အောင် ကြိုးစားနေတဲ့သူက ကိုယ့်ကို သဘောကျပါလိမ့်မယ်။