မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား​—အပိုင်း ၃– ဖန်ဆင်းခြင်းကို ဘာကြောင့် ယုံကြည်ရ

ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား​—အပိုင်း ၃– ဖန်ဆင်းခြင်းကို ဘာကြောင့် ယုံကြည်ရ

“သင်က ဖန်ဆင်းခြင်းကို ယုံတယ်လို့ပြောရင် လူတွေက သင့်ကို စဉ်းစားဆင်ခြင်ဉာဏ်မဲ့တဲ့သူ၊ မိရိုးဖလာသွန်သင်ချက်တွေကို ယုံကြည်လက်ခံသူ ဒါမှမဟုတ် ဘာသာရေးအယူအဆတွေ သွတ်သွင်းခံထားရတဲ့သူအဖြစ် ထင်မြင်ကြလိမ့်မယ်။”​—ဂျဲနက်။

 သင်လည်း ဂျဲနက်လိုပဲ ခံစားရသလား။ ဟုတ်တယ်လို့ဖြေရင်တော့ ဖန်ဆင်းခြင်းနဲ့ဆိုင်တဲ့ သင့်ရဲ့ယုံကြည်ချက်ကို သင် စပြီးသံသယဝင်နေပြီဖြစ်ပါတယ်။ နောက်ပြီး ဘယ်သူကမှ ကိုယ့်ကို ဗဟုသုတနည်းတဲ့သူအဖြစ် ရှုမြင်ခံရတာကို မလိုလားကြဘူး။ ဘာက ကူညီပေးနိုင်ပါသလဲ။

 ဖန်ဆင်းခြင်းယုံကြည်ချက်ကို ကန့်ကွက်ချက်များ

 ၁။ သင်က ဖန်ဆင်းခြင်းကို ယုံတယ်ဆိုရင် လူတွေက သင့်ကို သိပ္ပံပညာရပ်နဲ့ ဆန့်ကျင်သူလို့ ထင်မယ်။

 “ဖန်ဆင်းခြင်းကို ယုံကြည်တဲ့သူတွေဟာ လောကဖြစ်စဉ်တွေကို ကောင်းကောင်းမရှင်းပြချင်တဲ့ လူပျင်းတွေရဲ့ ယုံကြည်ချက်ဖြစ်တယ်လို့ ကျွန်မရဲ့ဆရာက ပြောတယ်။”​—မာရီယာ။

 သိထားသင့်တဲ့အရာ– အဲဒီလိုပြောတဲ့သူတွေဟာ အချက်အလက်အမှန်တွေကို သတိမပြုမိကြလို့ ဖြစ်တယ်။ ဂယ်လီလီယို နဲ့ အိုက်ဇက် နယူတန် တို့လို ထင်ပေါ်ကျော်ကြားတဲ့ သိပ္ပံပညာရှင်တွေက ဖန်ဆင်းရှင်ကို ယုံကြည်ခဲ့တယ်။ သူတို့ရဲ့ ယုံကြည်ချက်က သူတို့နှစ်သက်မြတ်နိုးတဲ့ သိပ္ပံပညာရပ်နဲ့ ဆန့်ကျင်ဘက်မဖြစ်ပါဘူး။ အဲဒီလိုပဲ ဒီနေ့ခေတ်သိပ္ပံပညာရှင်တချို့ဟာလည်း သိပ္ပံပညာနဲ့ ဖန်ဆင်းခြင်းကို ယုံကြည်မှုစပ်ကြားမှာ ကွဲလွဲမှုမရှိဘူးဆိုတာကို တွေ့ရှိခဲ့ကြတယ်။

 ဒါကို စမ်းကြည့်ပါ– ဖန်ဆင်းခြင်းကို လက်ခံယုံကြည်လာခဲ့ကြတဲ့ ဆေးပညာနဲ့ သိပ္ပံပညာနယ်ပယ်ကလူတွေအကြောင်းကို ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက် ရဲ့ ရှာဖွေပါ အကွက်ထဲမှာ “ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာကြောင်း” ကို ရိုက်နှိပ်ပြီး ရှာဖွေပါ။ သူတို့ ဒီလိုလက်ခံယုံကြည်လာအောင် ဘာကကူညီပေးခဲ့သလဲဆိုတာကို ဆန်းစစ်လေ့လာကြည့်ပါ။

 အဓိကအချက်– ဖန်ဆင်းခြင်းကို ယုံကြည်တာက သင့်ကို သိပ္ပံပညာရပ်ကို ဆန့်ကျင်သူတစ်ယောက်မဖြစ်စေဘူး။ အဲဒီအစား သဘာဝလောကကို ဆန်းစစ်လေ့လာကြည့်ခြင်းက ဖန်ဆင်းခြင်းနဲ့ဆိုင်တဲ့ သင့်ရဲ့ယုံကြည်ချက်ကို ပိုပြီးခိုင်ခံ့စေပါလိမ့်မယ်။​—ရောမ ၁:​၂၀

၂။ ဖန်ဆင်းခြင်းနဲ့ဆိုင်တဲ့ ကျမ်းစာမှတ်တမ်းကို သင်ယုံကြည်တယ်ဆိုရင် လူတွေက သင့်ကို ဘာသာရေးတစ်ယူသန်သူအဖြစ် ထင်ကြလိမ့်မယ်။

 “ဖန်ဆင်းခြင်းယုံကြည်ချက်ကို လူအများက ဟာသတစ်ခုလို့ မြင်ကြတယ်။ ကမ္ဘာဦးကျမ်းမှတ်တမ်းကိုလည်း ပုံပြင်တစ်ပုဒ်အဖြစ်ပဲ ရှုမြင်ကြတယ်။”​—ဂျက်စမင်။

 သိထားသင့်တဲ့အရာ– ဖန်ဆင်းခြင်းနဲ့ဆိုင်တဲ့ ကျမ်းစာမှတ်တမ်းအကြောင်း လူတွေက မကြာခဏ အထင်မြင်လွဲမှားလေ့ရှိကြတယ်။ ဥပမာဆိုရင် ကမ္ဘာမြေကြီးကို မကြာသေးခင်ကမှ ဖန်ဆင်းခဲ့တယ်၊ သက်ရှိတွေကို ၂၄ နာရီပဲရှိတဲ့ခြောက်ရက်အတွင်းမှာ ဖန်ဆင်းခဲ့တယ်လို့ ဖန်ဆင်းခြင်းဝါဒီတချို့ အဆိုပြုကြတယ်။ ကျမ်းစာက အဲဒီအဆိုပြုချက်တွေကို မထောက်ခံဘူး။

  •   “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏” ဆိုပြီး ကမ္ဘာဦး ၁:၁ မှာ ရိုးရိုးလေးပဲ ဖော်ပြထားတယ်။ ဒါက ကမ္ဘာမြေကြီးရဲ့သက်တမ်းက နှစ်သန်းထောင်ချီရှိနေပြီဆိုတဲ့ သိပ္ပံဆိုင်ရာအထောက်အထားတွေနဲ့ မဆန့်ကျင်ပါဘူး။

  •   ကမ္ဘာဦးကျမ်းမှာ သုံးနှုန်းထားတဲ့ “နေ့” ဆိုတဲ့စကားလုံးဟာ ကြာရှည်တဲ့အချိန်ကာလတစ်ခုကို ရည်ညွှန်းနိုင်တယ်။ အဲဒီအပြင် ကမ္ဘာဦး ၂:၄ မှာ “နေ့” ဆိုတဲ့စကားလုံးကို ဖန်ဆင်းခြင်းရဲ့ခြောက်ရက်စလုံးနဲ့ပတ်သက်ပြီး ရည်ညွှန်းခဲ့တယ်။

 အဓိကအချက်– ဖန်ဆင်းခြင်းနဲ့ဆိုင်တဲ့ ကျမ်းစာမှတ်တမ်းက သိပ္ပံဆိုင်ရာအချက်အလက်တွေနဲ့ ကိုက်ညီတယ်။

 ကိုယ့်ရဲ့ယုံကြည်ချက်အကြောင်း စဉ်းစားကြည့်ပါ

 ဖန်ဆင်းခြင်းကို ယုံကြည်တယ်ဆိုတဲ့အခါမှာ မျက်ကန်းယုံကြည်ချက်မျိုး ဖြစ်စရာမလိုပါ။ အဲဒီအစား သင့်တော်မှန်ကန်တဲ့ ကျိုးကြောင်းဆင်ခြင်မှုအပေါ်မှာ အခြေခံသင့်တယ်။ ဒီအချက်ကို စဉ်းစားသုံးသပ်ကြည့်ပါ–

 ပစ္စည်းတစ်ခုကိုတွေ့တဲ့အခါ အဲဒီပစ္စည်းကိုပြုလုပ်တဲ့သူရှိတယ်ဆိုတာကို သင် သိရှိခဲ့ပြီဖြစ်တယ်။ ကင်မရာတစ်လုံး၊ လေယာဉ်တစ်စီး ဒါမှမဟုတ် အိမ်တစ်လုံးကိုတွေ့တဲ့အခါ တစ်ယောက်ယောက်က တီထွင်ဖန်တီးထားတယ်လို့ သင် အခိုင်အမာကောက်ချက်ချတယ်။ အဲဒီလိုပဲ လူ့ရဲ့မျက်စိ၊ ကောင်းကင်မှာပျံသန်းနေတဲ့ငှက်တွေ၊ ကမ္ဘာဂြိုဟ်နဲ့ပတ်သက်လာရင်လည်း အလားတူ ကောက်ချက်ချနိုင်ပါတယ်။

 စဉ်းစားစရာ– အင်ဂျင်နီယာတွေက သူတို့တီထွင်ဖန်တီးထားရာတွေရဲ့စွမ်းဆောင်ရည်ကို တိုးမြှင့်ဖို့ သဘာဝတရားကို လေ့လာပြီး တုပကြတယ်၊ သူတို့ရဲ့တီထွင်မှုအသစ်အပေါ် လူတွေရဲ့အသိအမှတ်ပြုတာကို ခံချင်ကြတယ်။ လူတွေရဲ့ တီထွင်ဖန်တီးမှုနဲ့ သူတို့ရဲ့လုပ်ဆောင်မှုတွေကတော့ အသိအမှတ်ပြုခံရပြီး ဖန်ဆင်းရှင်နဲ့ ကိုယ်တော့်ရဲ့အပြတ်အသတ်သာလွန်ကောင်းမြတ်တဲ့ တီထွင်ဖန်တီးမှုကိုတော့ အသိအမှတ်မပြုတာက ဆင်ခြင်တုံတရားနဲ့ညီပါ့မလား။

လေယာဉ်ပျံတစ်စီးကိုတောင် ဖန်တီးတဲ့သူရှိတယ်ဆိုရင် ငှက်တစ်ကောင်ကို ဖန်ဆင်းတဲ့သူမရှိဘူးလို့ပြောတာ သဘာဝကျပါ့မလား

 သက်သေအထောက်အထားတွေကို ဆန်းစစ်လေ့လာဖို့ ကူညီပေးနိုင်မယ့် စာအုပ်စာပေများ

 သဘာဝတရားမှာတွေ့ရတဲ့ သက်သေအထောက်အထားတွေကို လေ့လာစစ်ဆေးခြင်းအားဖြင့် ဖန်ဆင်းခြင်းအပေါ်သင့်ရဲ့ယုံကြည်ချက်ကို ခိုင်ခံ့စေနိုင်တယ်။

 ဒါကို စမ်းကြည့်ပါ– ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက် ရဲ့ ရှာဖွေပါဆိုတဲ့အကွက်မှာ “ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား” ဆိုတာကို ရိုက်နှိပ်ပြီး ရှာဖွေကြည့်ပါ။ “ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား” ဆိုတဲ့ နိုးလော့! ဆောင်းပါးတွဲတွေထဲက သင်စိတ်ဝင်စားတဲ့ ခေါင်းစဉ်တချို့ကို ရွေးချယ်ပါ။ အဲဒီမှာဆွေးနွေးထားတဲ့ သဘာဝတရားရဲ့ အံ့သြဖွယ်ကောင်းတဲ့အရာတွေအကြောင်းကို ဆန်းစစ်လေ့လာပါ။ အဲဒါက ပြုလုပ်ဖန်ဆင်းတဲ့သူရှိကြောင်း သင့်ကို ဘယ်လို ယုံကြည်စိတ်ချစေသလဲ။

 ပိုမိုရှာဖွေလေ့လာပါ– အောက်ပါဘရိုရှာစာစောင်တွေကို အသုံးပြုပြီး ဖန်ဆင်းခြင်းနဲ့ဆိုင်တဲ့ အသေးစိတ်ကျတဲ့ သက်သေအထောက်အထားတွေကို စူးစမ်းရှာဖွေပါ။

  •  သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော

    •   ကမ္ဘာမြေကြီးဟာ အသင့်တော်ဆုံးနေရာမှာ တည်ရှိနေပြီး သက်ရှိများအသက်ရှင်ဖို့ လောက်ငှပြည့်စုံတယ်။​—စာမျက်နှာ ၄–၁၀ မှာကြည့်ပါ။

    •   တီထွင်ဖန်တီးထားရာတွေဟာ သဘာဝတရားကို ကြည့်ပြီး တုပထားတာဖြစ်တယ်။​—စာမျက်နှာ ၁၁–၁၇ မှာကြည့်ပါ။

    •   ကမ္ဘာဦးကျမ်းထဲက ဖန်ဆင်းခြင်းကျမ်းစာမှတ်တမ်းဟာ သိပ္ပံပညာနဲ့ကိုက်ညီတယ်။​—စာမျက်နှာ ၂၄–၂၈ မှာကြည့်ပါ။

  •  သက်ရှိများ၏ မူလအစ​—မေးသင့်မေးထိုက်သော မေးခွန်းငါးခု [အင်္ဂလိပ်]

    •   သက်မဲ့တွေကနေ သက်ရှိတွေ သူ့အလိုလိုဖြစ်မလာနိုင်ပါ။​—စာမျက်နှာ ၄–၇ မှာကြည့်ပါ။

    •   ဇီဝသက်ရှိတွေဟာ ရှုပ်ထွေးနက်နဲလွန်းလို့ ရည်ရွယ်ချက်မရှိဘဲ ဖြစ်ရပ်တစ်ခုခုကြောင့် အလိုအလျောက်ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါ။​—စာမျက်နှာ ၈–၁၂ မှာကြည့်ပါ။

    •   မျိုးရိုးဗီဇထဲမှာ သတင်းအချက်အလက်တွေသိုမှီးနိုင်စွမ်းက ဒီနေ့ခေတ်နည်းပညာတွေထက် များစွာသာလွန်တယ်။​—စာမျက်နှာ ၁၃–၂၁ မှာ ကြည့်ပါ။

    •   သက်ရှိအားလုံးဟာ အရာတစ်ခုထဲကနေ ဆင်းသက်လာတာမဟုတ်ပါ။ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းတွေအရ အဓိကတိရစ္ဆာန်အုပ်စုကြီးတွေဟာ တဖြည်းဖြည်း အဆင့်ဆင့် တိုးတက်ဖြစ်ပေါ်လာတာမျိုးမဟုတ်ဘဲ တစ်ချိန်တည်းဖြစ်ပေါ်လာတယ်ဆိုတာကို ထောက်ခံအဆိုပြုတယ်။​—စာမျက်နှာ ၂၂–၂၉ မှာကြည့်ပါ။

 “ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိတိရစ္ဆာန်တွေမှာရော စကြဝဠာနဲ့ အဲဒီထဲမှာရှိတဲ့အရာအားလုံးဟာ စည်းစနစ်ကျလွန်းတာကြောင့် ဒီသဘာဝလောကကြီးက ဘုရားသခင်ရှိကြောင်း ကျွန်တော့်ကို လက်ခံယုံကြည်စေတယ်။”​—သောမတ်စ်။