မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ဘာကြောင့် ခဏခဏ ပြောမှားဆိုမှား ဖြစ်ရသလဲ

ဘာကြောင့် ခဏခဏ ပြောမှားဆိုမှား ဖြစ်ရသလဲ

 “နှုတ်ကို ထိန်းလို့ရတဲ့အခါ ရှိသလို တစ်ခါတလေကျတော့ ဦးနှောက်က မစဉ်းစားဘဲ လွှတ်ခနဲ ပြောလိုက်မိတဲ့အခါလည်း ရှိတယ်။”​ဂျိမ်းစ်။

 “ကျွန်မ စိုးရိမ်စိတ် များနေရင် မစဉ်းစားဘဲ ပြောတတ်တယ်။ စိတ်သက်သောင့်သက်သာ ဖြစ်နေရင်လည်း စကားများနေပြန်ရော။ ဒီလိုနဲ့ တစ်ချိန်လုံး ပြဿနာ ဖြစ်နေရတယ်။”​မာရီ။

 “မီးစလေးတစ်စက သစ်တောကြီးတစ်ခုလုံးကို လောင်ကျွမ်းစေသလိုပါပဲ။ လျှာဟာ မီးပဲ” လို့ ကျမ်းစာက ဆိုတယ်။ (ယာကုပ် ၃:၅၊ ၆) သင်ပြောလိုက်တဲ့ စကားကြောင့် ဒုက္ခရောက်ဖူးသလား။ ဒါဆိုရင် ဒီအကြောင်းအရာက သင့်အတွက် အကူအညီ ဖြစ်စေပါလိမ့်မယ်။

 ဘာကြောင့် ပြောမှားဆိုမှား ဖြစ်ရသလဲ

 မစုံလင်မှု။ ‘ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်။ စကားမမှားဖူးတဲ့သူဟာ ပြည့်ဝစုံလင်တဲ့သူပဲ’ လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ယာကုပ် ၃:၂) မစုံလင်သူတွေ ဖြစ်လို့ လမ်းသွားရင် ခလုတ်တိုက် လဲတတ်ကြသလို စကားပြောရင်လည်း မှားတတ်ကြတယ်။

 “မစုံလင်တဲ့ဦးနှောက်၊ မစုံလင်တဲ့လျှာ ရှိနေလျက်နဲ့ အဲဒါတွေကို ကောင်းကောင်း ထိန်းနိုင်တယ်လို့ပြောရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။”​—အယ်နာ။

 စကားများလွန်းခြင်း။ “စကားများများပြောရင် အမှား ပါမှာပဲ” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၀:၁၉) သူများပြောတာ နားမထောင်ဘဲ ကိုယ်ချည်းပဲ ပြောတတ်သူတွေဟာ ပြောမှားဆိုမှား ဖြစ်ပြီး သူများကို စိတ်အနှောင့်အယှက် ပေးတတ်ကြတယ်။

 “တော်တဲ့သူ တတ်တဲ့သူတွေက စကားများများ မပြောကြဘူး။ ယေရှုဟာ ဒီကမ္ဘာပေါ် အသက်ရှင်ခဲ့သူတွေမှာ အတော်ဆုံး အတတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပေမဲ့ တစ်ခါတလေ နှုတ်ဆိတ်နေခဲ့တယ်။”​—ဂျူလီယာ။

 ထေ့ငေါ့ပြောခြင်း။ “မစဉ်းစားဘဲပြောတဲ့ စကားဟာ ဓားနဲ့ ထိုးသလိုပဲ” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၂:၁၈) မစဉ်းစားဘဲ စကားပြောတဲ့ နည်းတစ်နည်းကတော့ တစ်ဖက်သား နာကြည်း သိမ်ငယ်သွားအောင် ထေ့ငေါ့ပြောခြင်း ဖြစ်တယ်။ ထေ့ငေါ့ပြောတတ်သူတွေက “နောက်တာပါ” လို့ ပြောကြတယ်။ သူများကို အရှက်ခွဲတာဟာ နောက်စရာ ရယ်စရာ မဟုတ်ဘူး။ “ဆဲဆိုခြင်းနဲ့ မကောင်းမှုရှိသမျှကို ဖယ်ရှားကြပါ” လို့ ကျမ်းစာ ဆိုထားတယ်။​—ဧဖက် ၄:၃၁

 “ဟာသဖောက်ရတာ၊ အရွှန်းဖောက်ရတာကို ဝါသနာပါတော့ ထေ့လုံးငေါ့လုံးတွေ ကျွန်မ ပြောတတ်လာတယ်။ ဒီလိုနဲ့ ခဏခဏ ပြဿနာ ဖြစ်ရတယ်။”​—အော်ဆာနာ။

သွားတိုက်ဆေးကို ဘူးထဲ ပြန်သွင်းလို့ မရသလို စကားကျွံသွားရင် ပြန်နှုတ်လို့ မရတော့ဘူး

 လျှာကို ထိန်းချုပ်ခြင်း 

 လျှာကို ထိန်းချုပ်ဖို့ဆိုတာ လွယ်တော့ မလွယ်ဘူး၊ ဒါပေမဲ့ အောက်ပါ ကျမ်းစာအခြေခံမူတွေက ကူညီပေးနိုင်ပါတယ်။

 “စိတ်ထဲမှာပဲ ထားပြီး . . . ဆိတ်ငြိမ်စွာ နေလိုက်ပါ။”​—ဆာလံ ၄:၄

 တစ်ခါတလေ နှုတ်ဆိတ်နေတာ အကောင်းဆုံးပဲ။ “စိတ်ဆိုးနေတုန်းအချိန်နဲ့ စိတ်ပြေသွားတဲ့အချိန် ခံစားရပုံ မတူဘူး။ စိတ်ပြေသွားတဲ့အခါ စိတ်ရှိတိုင်း မပြောမိလို့ တော်ပါသေးရဲ့ဆိုပြီး စိတ်သက်သာရာရသွားတယ်” လို့ လော်ရာဆိုတဲ့ မိန်းမငယ် ပြောပြတယ်။ စက္ကန့်ပိုင်းလောက် စဉ်းစားပြီးမှ ပြောရင်တောင် ပြောမှာဆိုမှား မဖြစ်အောင် ရှောင်နိုင်မယ်။

 “လျှာက အစာကို မြည်းတတ်သလို နားကလည်း စကားတွေကို စစ်ဆေးတတ်တယ် မဟုတ်လား။”​—ယောဘ ၁၂:၁၁

 စိတ်မကောင်းဖြစ်စရာတွေ ရှောင်နိုင်အောင် တစ်ခုခု မပြောခင် ကိုယ့်ကိုယ်ကိုယ် ဒီလိုအရင်မေးပါ။

  •   ဒီသတင်းက မှန်ရဲ့လား။ ပြောလိုက်ရင် စာနာရာ ရောက်ပါ့မလား။ ပြောဖို့ကော လိုလို့လား။​—ရောမ ၁၄:၁၉

  •   ငါ့ကို တစ်ယောက်ယောက် ဒီလိုပြောရင် ငါဘယ်လို ခံစားရမလဲ။​—မဿဲ ၇:၁၂

  •   တစ်ဖက်သားရဲ့အမြင်ကို လေးစားရာရောက်ပါ့မလား။​—ရောမ ၁၂:၁၀

  •   ဒီအခြေအနေမှာ ဒါကို ပြောလိုက်လို့ ကောင်းပါ့မလား။​—ဒေသနာ ၃:၇

 “စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။”​—ဖိလိပ္ပိ ၂:၃

 ဒီအကြံပြုချက်က တစ်ဖက်သားအပေါ် အကောင်းမြင်စိတ် မွေးမြူတတ်ဖို့ ကူညီပေးပါလိမ့်မယ်။ အဲဒီစိတ်သဘောထားက လျှာကို ထိန်းချုပ်ဖို့၊ မပြောခင် စဉ်းစားဖို့ ကူညီပေးမယ်။ နောက်ကျသွားပြီ၊ ထိခိုက်နစ်နာအောင် ပြောလိုက်မိပြီဆိုရင်လည်း နှိမ့်ချတဲ့စိတ်ကြောင့် အမြန်ဆုံး တောင်းပန်ပါလိမ့်မယ်။ (မဿဲ ၅:၂၃၊ ၂၄) ဒီလိုနဲ့ လျှာကို ထိန်းချုပ်တတ်လာမယ်။