လူငယ်များအမေး
ငါ့မှာ ကျန်းမာရေးပြဿနာရှိနေရင် ဘယ်လိုလုပ်ရမလဲ (အပိုင်း ၃)
ဆယ်ကျော်သက် လူငယ်တွေဟာ မကုန်နိုင်တဲ့အားအင်တွေနဲ့ ကျန်းမာသန်စွမ်းနေကြပုံရတယ်။ ဒါပေမဲ့၊ တချို့တွေကျတော့ ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေကြောင့် စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေနိုင်တယ်။ သင်လည်း အဲဒီလိုအဖြစ်မျိုး ကြုံနေရတယ်ဆိုရင် ယေဟောဝါသက်သေတွေ ဖြစ်တဲ့ ဗလိုရီယာ၊ ဂျပ်စတင်နဲ့ နီဆာတို့ရဲ့ အခြေအနေကနေ ခွန်အားရနိုင်ပါတယ်။ ကြုံရတဲ့ ကျန်းမာရေးပြဿနာကို သူတို့ရင်ဆိုင်ဖြေရှင်းပုံကို ဖတ်ရှုလေ့လာကြည့်ပါ။
ဗလိုရီယာ
အသက် ၁၄ နှစ်ကတည်းက မျှင်ထူကြွက်သားနာရောဂါ ခံစားခဲ့ရတယ်။ အသက် ၂၀ ရောက်တဲ့အခါ အရိုးဆစ်ရောင်ရောဂါ၊ အသားအရေရောင်ရမ်းနာနဲ့ လိုင်းမ်ရောဂါဆိုးတွေပါ ထပ်ဆင့်ခံစားလာရတယ်။ အမြဲတမ်း အားနည်းနေတဲ့အတွက် ကိုယ်လုပ်ချင်တာအားလုံး လုပ်ဖို့ ခက်ခဲလာတယ်။ တစ်ခါတလေ ခါးအောက်ပိုင်း မလှုပ်ရှားနိုင်လို့ ဘီးတပ်ကုလားထိုင်ကို အသုံးပြုရတယ်။
ကာယကျန်းမာရေးအခြေအနေထက် ပိုဆိုးတာက စိတ်အခြေအနေပဲ။ စာရေးတာ၊ ပုလင်းအဖုံးဖွင့်တာလေးတောင် မလုပ်နိုင်လို့ ဝမ်းနည်းပြီး စိတ်ဓာတ်ကျတယ်။ ကလေးတွေ သွားလာလှုပ်ရှားနေတာကို တွေ့ရတဲ့အခါ ငါ့အတွက်ကျတော့ ဘာကြောင့် ဒီလောက်တောင် ခက်ခဲရသလဲဆိုပြီး တွေးမိတယ်။ အရှုံးသမားလို့ ခံစားရတယ်။
ကျွန်မရဲ့ မိသားစုဝင်တွေ၊ ကျွန်မ ပေါင်းသင်းနေတဲ့ ခရစ်ယာန်အသင်းတော်မှာရှိတဲ့ ယေဟောဝါသက်သေတွေဆီကနေ အကူအညီတွေရလို့ ကျေးဇူးတင်မိတယ်။ အသင်းတော်က ညီအစ်ကိုညီအစ်မတွေက ကျွန်မဆီကို မကြာခဏ လာလည်ကြလို့ အထီးကျန်တဲ့ ခံစားချက် သိပ်မဝင်ဘူး။ တချို့တွေက ကျွန်မကို စုဆုံပွဲလာဖို့ ဖိတ်တယ်။ ဘီးတပ်ကုလားထိုင်နဲ့မို့လို့ ကားထဲ ဝင်ရထွက်ရခက်တာတောင်မှ ကျွန်မကို စိတ်မပျက်ဘဲ ဖိတ်ခေါ်ကြတယ်။
အသင်းတော်က အသက်ကြီးသူတွေက ကျန်းမာရေးပြဿနာ ကြုံဖူးကြသူတွေဖြစ်တော့ ကျွန်မကို နားလည်ပေးနိုင်ကြလို့ အထူးအကူအညီရတယ်။ သူတို့က ကျွန်မ လုပ်နိုင်တဲ့ အတိုင်းအတာကို အသိအမှတ်ပြု လက်ခံဖို့နဲ့ တခြားသူတွေ လုပ်နိုင်သလောက် ကိုယ်မလုပ်နိုင်တာကြောင့် စိတ်ပျက်အားလျော့မသွားဖို့ ကူညီပေးကြတယ်။ အသင်းတော်အစည်းအဝေးတွေ တက်ရောက်ချိန်၊ အမှုဆောင်မှာ ပါဝင်ချိန်တွေမှာ ကျွန်မ အပျော်ဆုံးပဲ။ (ဟီဘရူး ၁၀:၂၅) အဲဒီအချိန်တွေမှာဆိုရင် ကျွန်မက မကျန်းမာတာကလွဲရင် တခြားသူတွေလိုပဲ ပါဝင်ခွင့်ရ၊ အကျိုးခံစားရတယ်။
ခံနိုင်ရည်ရှိဖို့ လိုအပ်တာကို ယေဟောဝါဘုရား ပေးမယ်ဆိုတာ ကျွန်မစိတ်ထဲ စွဲမှတ်ထားတယ်။ ဥပမာ၊ လူတစ်ယောက်ဟာ “ခန္ဓာကိုယ်အပြင်ပန်းကတော့ ယိုယွင်းပျက်စီးနေပေမဲ့ အတွင်းစိတ်ကတော့ တစ်နေ့ပြီးတစ်နေ့ အသစ်အသစ် ပြန်ဖြစ်တယ်” ဆိုပြီး ကျမ်းစာမှာ ပြောထားတယ်။ (၂ ကောရိန္သု ၄:၁၆) ကျွန်မလည်း အဲဒီကျမ်းစကားတွေအတိုင်း ခံစားရတယ်။
စဉ်းစားစရာ– သင်က ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ ခံစားနေရတယ်ဆိုရင် တခြားသူတွေဆီက အကူအညီရယူဖို့ ဘာကြောင့် အရေးကြီးသလဲ။ သင်က ကျန်းမာရေးကောင်းသူ ဖြစ်မယ်ဆိုရင် မကျန်းမာသူတစ်ဦးကို ဘယ်လို ကူညီထောက်မပေးနိုင်သလဲ။—ပညာအလိမ္မာ ၁၇:၁၇။
ဂျပ်စတင်
ကြမ်းပြင်ပေါ်ကို လဲကျသွားပြီး ပြန်မထနိုင်တော့ဘူး။ ရင်ဘတ်တစ်ခုလုံး တင်းကျပ်နေပြီး လှုပ်လည်းမလှုပ်နိုင်ဘူး။ အရေးပေါ်အခန်းထဲ ကျွန်တော့်ကို ချက်ချင်း ပို့ပေးခဲ့တယ်။ အစကတော့ ဆရာဝန်တွေက ဘာဖြစ်သလဲဆိုတာကို မပြောနိုင်ကြဘူး။ ဒါပေမဲ့၊ မကြာခဏ ထပ်ဖြစ်ပြီးနောက်မှာတော့ ကျွန်တော့်မှာ လိုင်းမ်ရောဂါ ရှိတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ကြတယ်။
လိုင်းမ်ရောဂါက ကျွန်တော့်ရဲ့ အာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေခဲ့တယ်။ ရောဂါတွေ့ရှိချိန်ကနေ နှစ်တွေကြာနေပြီ ဖြစ်တာတောင် တစ်ခါတလေ မထိန်းနိုင်တဲ့အထိ တစ်ကိုယ်လုံး တုန်နေတယ်။ တချို့ရက်တွေမှာဆိုရင် တစ်ကိုယ်လုံး ကိုက်ခဲနေတာ၊ လက်ချောင်းတွေ နာကျင်လွန်းလို့ လှုပ်လို့တောင်မရတဲ့အခါမျိုးတွေ ရှိတယ်။ ကျွန်တော့်ရဲ့ အဆစ်အမြစ်အားလုံး သံချေးတက်နေသလိုမျိုး နီရဲပြီး ရောင်ကိုင်းနေတယ်။
“အသက်ငယ်ငယ်နဲ့ နာမကျန်းဖြစ်ရလား” ဆိုပြီး စဉ်းစားမိရင် ဒေါသတွေ ထွက်လာတယ်။ “ကျွန်တော့်ကျမှ ဘာကြောင့် ဒီလိုအဖြစ်မျိုးကြုံရတာလဲ” လို့ ဘုရားသခင်ဆီ နေ့တိုင်း ငိုပြီး ဆုတောင်းမိတယ်။ ဘုရားသခင်က ကျွန်တော့်ကို စွန့်ပစ်လိုက်ပြီလို့တောင် ခံစားလာရတယ်။ ဒါပေမဲ့၊ ကျမ်းစာထဲမှာပါတဲ့ ယောဘရဲ့ အဖြစ်အပျက်ကို သွားသတိရမိတယ်။ အခက်အခဲတွေ အများကြီး ဘာကြောင့် ကြုံရသလဲဆိုတာ ယောဘ အပြည့်အဝ နားမလည်ပေမဲ့ ဘုရားသခင်အပေါ် ဆက်ပြီး သစ္စာရှိခဲ့တယ်။ ပြဿနာတွေ အများကြီးကို ယောဘ ရင်ဆိုင်နိုင်ခဲ့တယ်ဆိုရင် ကျွန်တော်လည်း ရင်ဆိုင်နိုင်ရမှာပေါ့။
အသင်းတော်မှာရှိတဲ့ အကြီးအကဲတွေကလည်း ကျွန်တော့်ကို အားပေးထောက်မကြတယ်။ ကျွန်တော့်အခြေအနေ ဘယ်လိုရှိလဲဆိုတာ သတိတရ မေးတတ်ကြတယ်။ ကျွန်တော် စကားပြောချင်တဲ့အခါ ဘယ်အချိန်ပဲ ဖြစ်နေပါစေ သူ့ဆီဖုန်းဆက်ပါလို့ အကြီးအကဲတစ်ယောက်က ပြောတယ်။ အဲဒီလိုမိတ်ဆွေမျိုးရှိတဲ့အတွက် ယေဟောဝါကို နေ့တိုင်း ကျေးဇူးတင်မိတယ်။—ဟေရှာယ ၃၂:၁၊ ၂။
တစ်ခါတလေ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာကြောင့် ကျွန်တော်တို့ ကြုံတွေ့ခံစားနေရတာတွေကို ယေဟောဝါ သိတယ်ဆိုတဲ့အချက်ကို မေ့သွားနိုင်တယ်။ “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်” ဆိုပြီး ကျမ်းစာမှာ ပြောတယ်။ (ဆာလံ ၅၅:၂၂) နေ့တိုင်း အဲဒီလိုလုပ်ဖို့ ကြိုးစားနေပါတယ်။
စဉ်းစားစရာ– ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေကို ခံနိုင်ရည်ရှိအောင် ကိုယ့်ကိုချစ်တဲ့သူတွေက ဘယ်လို ကူညီပေးနိုင်ပါသလဲ။—ပညာအလိမ္မာ ၂၄:၁၀။ ၁ သက်သာလောနိတ် ၅:၁၁။
နီဆာ
ဆယ်ကျော်သက်အရွယ်မှာ အဆစ်အမြစ်အားနည်းတဲ့ရောဂါ (Marfan Syndrome ) ရှိနေကြောင်း သိလိုက်ရတယ်။ အဲဒီရောဂါက နှလုံး၊ မျက်စိနဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေကိုလည်း ထိခိုက်ပျက်စီးစေတယ်။ နေ့တိုင်း နာကျင်နေတာတော့ မဟုတ်ပေမဲ့ တကယ်ဖြစ်တဲ့အခါကျရင်လည်း အသည်းခိုက်အောင်နာတယ်။
ရောဂါရှိတယ်လို့ သိလိုက်ရတဲ့အချိန်တုန်းက ကျွန်မ တော်တော် ငိုခဲ့ရတယ်။ ကျွန်မ ဝါသနာပါတာအားလုံးကို လုပ်နိုင်ပါတော့မလားလို့ စိုးရိမ်ပူပန်ခဲ့တယ်။ ဥပမာ၊ ကျွန်မက ကခုန်ရတာကို နှစ်သက်တယ်။ ဒါပေမဲ့၊ တစ်နေ့မှာ အဲဒီလိုလုပ်လို့ မရတော့မှာ၊ လမ်းလျှောက်ရင်တောင် နာကျင်မှုခံစားရမှာကိုတွေးပြီး ကြောက်နေမိတယ်။
အစ်မက ကျွန်မအတွက် တကယ် အားကိုးရတဲ့သူပါ။ ကိုယ့်အဖြစ်ကို တွေးပြီး ဝမ်းမနည်းနေအောင် ကူညီပေးတယ်။ တွေးကြောက်ပြီး အသက်ရှင်နေတာက ဘဝကို ပျော်စရာကင်းမဲ့စေတယ်လို့ သူပြောတယ်။ ဘယ်လို အခက်အခဲတွေ ကြုံနေရသလဲဆိုတာကို အတိအကျ သိပြီး အကောင်းဆုံး နားလည်ပေးနိုင်သူက ယေဟောဝါ ဖြစ်တဲ့အတွက် အမြဲတမ်း ပုံမှန်ဆုတောင်းဖို့လည်း အားပေးတယ်။—၁ ပေတရု ၅:၇။
“ဒုက္ခရောက်နေချိန်မှာ ယေဟောဝါကို ငါဆုတောင်းတယ်။ ကူညီပါလို့ ဘုရားသခင်ကို တစာစာ တောင်းလျှောက်တယ်။ ငါ့အသံကို ဗိမာန်တော်ထဲကနေ ကြားတယ်။ ငါ့ရဲ့ အကူအညီတောင်းသံဟာ ဘုရားရဲ့နားထဲ ရောက်သွားတယ်” ဆိုတဲ့ ဆာလံ ၁၈:၆ မှာပါတဲ့စကားတွေက ကျွန်မကို ခွန်အားရှိစေတယ်။ ယေဟောဝါဆီ ဆုတောင်းပြီး အကူအညီတောင်းမယ်ဆိုရင် ကျွန်မရဲ့ဆုတောင်းသံကို နားထောင်ပြီး ကူညီပေးမယ်ဆိုတာ အဲဒီကျမ်းချက်က နားလည်စေတယ်။ ကိုယ်တော်က ကျွန်မကို ကူညီဖို့ အမြဲ အဆင်သင့်ရှိနေတယ်။
အဖြစ်ဆိုးကြုံတဲ့အခါ ဝမ်းနည်းတာ၊ ကြေကွဲတာက သဘာဝပါပဲ။ ဒါပေမဲ့၊ ဘုရားသခင်နဲ့ ဆက်ဆံရေးထိခိုက်တဲ့အထိ၊ တစ်ချိန်လုံး ခံစားနေရတဲ့အထိတော့ မဖြစ်သင့်ဘူးဆိုတာ သဘောပေါက်လာတယ်။ ဘုရားသခင်က ကျွန်မတို့ကို ဒုက္ခရောက်စေတဲ့သူမဟုတ်ပါဘူး။ ကိုယ်တော့်ကို ကျွန်မတို့ဘဝရဲ့ ပထမနေရာမှာ ထားနေသရွေ့ ကိုယ်တော် ကျွန်မတို့ကို စွန့်ပစ်မှာမဟုတ်ဘူး။—ယာကုပ် ၄:၈။
စဉ်းစားစရာ– လူတွေ ဆင်းရဲဒုက္ခခံစားနေရတာ ဘုရားသခင်ကြောင့်လား။—ယာကုပ် ၁:၁၃။