မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၁၉၊ ၂၀၁၆
အီရီထရီးယား

အီရီထရီးယားမှာ ယေဟောဝါသက်သေတွေ နှိပ်စက်ညှဉ်းပန်းခံနေရတာကို နိုင်ငံတကာက အထူး အာရုံစိုက်နေ

အီရီထရီးယားမှာ ယေဟောဝါသက်သေတွေ နှိပ်စက်ညှဉ်းပန်းခံနေရတာကို နိုင်ငံတကာက အထူး အာရုံစိုက်နေ

ကမ္ဘာပေါ်က ဘယ်နိုင်ငံထက်မဆို အီရီထရီးယားနိုင်ငံမှာ ယေဟောဝါသက်သေတွေ ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်းခံနေကြရတယ်။ ၁၉၉၃ ခုနှစ်၊ အီရီထရီးယားနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက ယေဟောဝါသက်သေတွေ မပြတ် ထောင်ချ၊ နှိပ်စက်၊ အကြဉ်ခံရကြတယ်။ နိုင်ငံရေးမှာ ကြားနေကြလို့၊ လက်နက် မကိုင်ဆောင်ကြလို့ပါ။

လောလောဆယ် အီရီထရီးယားမှာ ယေဟောဝါသက်သေ ၅၄ ယောက် ထောင်ကျနေတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း တစ်ယောက်ကလွဲလို့ ကျန်တဲ့သူအားလုံးဟာ စွဲချက် မရှိဘဲ၊ အမှုကြားနာမှု မရှိဘဲ ထောင်ချခံရကြတယ်။ အဲဒီထဲက သုံးယောက်ဟာ ၁၉၉၄ ခုနှစ်ကတည်းက ထောင်ကျနေကြတာပါ။

နိုင်ငံတကာရဲ့ စိုးရိမ်မှု မြင့်တက်လာ

ယေဟောဝါသက်သေတွေကို အီရီထရီးယား အစိုးရ နှိပ်စက်နေမှုကို လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အစိုးရ ကိုယ်စားလှယ်တွေ အစကတည်းက ရှုတ်ချကြတယ်။ ဒါပေမဲ့ မကြာသေးခင်က အီရီထရီးယား လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင် (COIE)၊ ယူအန် လုပ်ပိုင်ခွင့်ရ အဖွဲ့အစည်းက သက်သေခံတွေ နှိပ်စက်ခံနေရတာကို နိုင်ငံတကာ သတိပြုမိစေဖို့ လုပ်ဆောင်ခဲ့တယ်။ ၂၀၁၅၊ ဇွန်လမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (HRC) ဆီ တင်ပြတဲ့ ပထမဆုံး အစီရင်ခံစာမှာ COIE က ယေဟောဝါသက်သေတွေ ဖိနှိပ်ခံရမှု၊ ညှဉ်းပန်းခံရမှုအကြောင်း အပိုင်းတစ်ပိုင်း သတ်သတ်မှတ်မှတ် ထည့်သွင်းဖော်ပြခဲ့တယ်။

၂၀၁၆၊ ဇွန် ၂၁ မှာ COIE က HRC ဆီ ဒုတိယအကြိမ် အသေးစိတ် အစီရင်ခံခဲ့တယ်။ “ဘာသာရေး လွတ်လပ်ခွင့်ကို လေးစားဖို့၊ ယေဟောဝါသက်သေတွေကို ယုံကြည်ချက်ကြောင့် အာဏာသုံးပြီး ဖမ်းဆီးတာ၊ ထောင်ချတာ ရပ်တန်းက ရပ်ဖို့၊ ဥပဒေမဲ့၊ အာဏာသုံးပြီး ဖမ်းဆီးခံထားရသူ အားလုံးကို ချက်ချင်း၊ ခြွင်းချက် မရှိ လွှတ်ပေးဖို့” အီရီထရီးယား အစိုးရကို COIE တိုက်တွန်းခဲ့တယ်။

နိဂုံးချုပ်အပိုင်းမှာ COIE က “ဘာသာရေး၊ လူမျိုးရေး အဖွဲ့အစည်းတွေကို အီရီထရီးယား နှိပ်ကွပ်နေတာ” ဟာ နိုင်ငံတကာ ဥပဒေနဲ့ ဆန့်ကျင်နေတယ်၊ “လူ့အခွင့်အရေးဆိုင်ရာ ပြစ်မှုနဲ့” ငြိစွန်းနေတယ်လို့ တင်ပြသွားတယ်။ ဒီနှိပ်စက်ညှဉ်းပန်းမှုဟာ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ယူမှတ်ကြတယ်။ ၂၀၁၆၊ အောက်တိုဘာ ၂၇၊ ကုလသမဂ္ဂ အထွေထွေ အစည်းအဝေးမှာ နောက်ဆုံးရ အချက်အလက်တွေကို COIE တင်ပြသွားမှာ ဖြစ်တယ်။

သက်သေခံတွေကို မတရား ဆက်ဆံနေတာ အီရီထရီးယား ရပ်တန့်မလား

ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ယေဟောဝါသက်သေတွေဟာ အီရီထရီးယားမှာ ရှိတဲ့ ယုံကြည်သူချင်းတွေအတွက် စိုးရိမ်မကင်း ဖြစ်နေကြတယ်။ ရိုးသားတဲ့ ဒီခရစ်ယာန်တွေကို ညှဉ်းပန်းနှိပ်စက်နေတာတွေ ရပ်ဖို့၊ ရသင့်ရထိုက်တဲ့ အခြေခံ အခွင့်အရေးတွေ ပေးဖို့ အီရီထရီးယား အစိုးရကို အလေးအနက် တောင်းဆိုနေကြပါတယ်။