၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်
အီရီထရီးယား
အီရီထရီးယားနိုင်ငံရှိ ယေဟောဝါသက်သေတွေ ညှဉ်းပန်းနှိပ်စက်ခံရတာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာဆိုရင် အနှစ်သုံးဆယ် ရှိပြီ
အီရီထရီးယားနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှု ခံလာရတာ အနှစ်သုံးဆယ် ရှိပြီ။ ၁၉၉၄ ခုနှစ်ကစပြီး ညီအစ်ကို/မ အယောက် ၂၇၀ ဟာ ယုံကြည်ချက်ကြောင့် မတရား ဖမ်းဆီးခံရတဲ့အပြင် နှိပ်စက်ညှဉ်းပန်းမှုပါ ကြုံကြရတယ်။ လက်ရှိမှာ အကျဉ်းကျနေတဲ့ ညီအစ်ကို/မ ၆၄ ယောက် ရှိတယ်။ အားလုံးက တရားစွဲခြင်း၊ ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးထောင်ချခံရတာ ဖြစ်တယ်။
၁၉၉၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှာ အီရီထရီးယား သမ္မတ အီဆိုက်စ် အက်ဖ်ဝါကီက အီရီထရီးယားမှာရှိတဲ့ ယေဟောဝါသက်သေအားလုံးရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ရုတ်သိမ်းမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်။ ညီအစ်ကိုတွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မပါဝင်လို့၊ စစ်မှုထမ်းဖို့ ငြင်းဆိုကြလို့ပါ။ တကယ်ဆိုရင် အီရီထရီးယား ညီအစ်ကို/မတွေဟာ ၁၉၉၄ ခုနှစ် မတိုင်ခင်ကတည်းက ဆန့်ကျင့်မှု ကြုံရတာပါ။ ဒီအမိန့်ထုတ်ပြန်တဲ့နောက်ပိုင်းမှာတော့ ဆန့်ကျင်တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာတယ်။ အဲဒီအချိန်က စပြီး နောက်အနှစ်သုံးဆယ်ကြာအောင် ညီအစ်ကို/မတွေ မတရားဖမ်းဆီးခံရတယ်၊ ထောင်ချခံရတယ်၊ ရက်ရက်စက်စက် နှိပ်စက်ခံရတယ်။
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကြားမှာ သက်သေခံ ၃၂ ယောက် ထောင်က လွတ်လာတာကို ကြည့်ပြီး အီရီထရီးယားမှာ အခြေအနေ ကောင်းလာတော့မယ်လို့ ထင်ရနိုင်ပေမဲ့ အဖြစ်မှန်က တခြားစီပါ။ ထောင်ထဲမှာ သက်သေခံ အယောက် ၂၀ ကျန်ခဲ့တဲ့အပြင် အရင်ကအတိုင်း ညီအစ်ကိုတွေကို ဖမ်းဆီးနေဆဲပါ။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ လကုန်ပိုင်းမှာ ကျမ်းစာအကြောင်း ဆွေးနွေးဖို့ ငြိမ်းချမ်းစွာ စည်းဝေးနေတဲ့ အိမ်တစ်အိမ်ကို ရဲတွေ ဝင်ပြီး လူ ၂၅ ယောက်ကို ဖမ်းဆီးလိုက်တယ်။ အဖမ်းခံရသူတွေထဲမှာ အသက် ၈၀ ကျော်တဲ့သူ သုံးယောက်၊ ကိုယ်ဝန်ခြောက်လနဲ့ အမျိုးသမီးတစ်ယောက်၊ အသက်မပြည့်သေးတဲ့ ကလေးနှစ်ယောက်လည်း ပါတယ်။ ကလေးနှစ်ယောက်ကို နောက်ပိုင်း ပြန်လွှတ်ပေးပေမဲ့ ကျန်တဲ့သူတွေကိုတော့ မိုင်ဆာဝါထောင်ဆီ ပြောင်းရွှေ့လိုက်တယ်။
ယုံကြည်ချက်ကြောင့် ထောင်ချခံရသူတွေဟာ ရက်ရက်စက်စက် နှိပ်စက်ခံရပြီး ထောင်ထဲမှာ ဆိုးဝါးတဲ့အခြေအနေအောက် နေထိုင်ကြရတယ်။ ၂၆ နှစ်ကြာအောင် ထောင်ကျခဲ့တဲ့ ညီအစ်ကို နေဂဲဒဲ တက်ကလီမာရီယမ် အခုလို ပြန်ပြောပြတယ်– “အစောင့်တွေရဲ့ လက်ချက်နဲ့ ခံရတာ အလူးအလဲပဲ။ ကျွန်တော်တို့ကို ကြိုးနဲ့တုပ်ပြီး ရိုက်နှက်နှိပ်စက်တယ်၊ အလုပ်ကြမ်းတွေ အတင်းအကြပ် လုပ်ခိုင်းတယ်။ . . . ကျွန်တော်တို့ . . . သေမှာကိုပဲ သူတို့ စောင့်နေကြတာပါ။” ဝမ်းနည်းစရာက ဆိုးဝါးတဲ့ ဒီအခြေအနေတွေကြောင့် ညီအစ်ကို လေးယောက် ဆုံးပါးသွားတယ်။ နောက်သုံးယောက်က ထောင်ကနေ လွတ်ပြီး မကြာဘူး၊ ဆုံးပါးသွားတယ်။
ထောင်မကျရင်တောင်မှ ညီအစ်ကို/မတွေ အခက်အခဲအမျိုးမျိုး ကြုံတွေ့ကြရတယ်။ ဥပမာ၊ နိုင်ငံသားဖြစ်ခွင့် ရုတ်သိမ်းခံရတော့ အလုပ်လက်မဲ့ ဖြစ်သွားကြတယ်၊ နေအိမ်တွေ ဆုံးရှုံးသွားတယ်၊ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့် မရှိတော့ဘူး။ သူတို့ရဲ့ ခရစ်ယာန် ကြားနေမှုကြောင့် အိမ်နီးချင်းတွေ၊ အစိုးရ အရာရှိတွေက နှုတ်နဲ့ရော ကိုယ်ထိလက်ရောက်ပါ စော်ကားကြတယ်။ ဒါ့အပြင် ကျောင်းသူကျောင်းသားတိုင်း စစ်ရေးလေ့ကျင့်မှု ခံယူရမယ်လို့ အစိုးရ တောင်းဆိုထားလို့ လူငယ်သက်သေခံတွေဟာ ကျောင်းပြီးတဲ့အထိ တက်ခွင့်မရကြဘူး။
အီရီထရီးယားမှာ ညီအစ်ကိုတွေ အခုလို နှိပ်စက်ခံရတာ ကြားရလို့ ကျွန်တော်တို့ တကယ် ဝမ်းနည်းကြေကွဲရပါတယ်။ ဆန့်ကျင်မှုကို ဆယ်စုနှစ်ကြာအောင် သတ္တိရှိရှိ ခံရပ်နေတဲ့ အီရီထရီးယားက ညီအစ်ကို/မ တစ်ယောက်ချင်းစီကို ယေဟောဝါ သတိရမယ်ဆိုတာ စိတ်ချပါတယ်။ ယုံကြည်ချက်ကြောင့် “မီးလို ပူလောင်တဲ့ စမ်းသပ်မှုတွေ” ကြုံနေရတဲ့ ညီအစ်ကို/မတွေကို ဘုရားဆက်ပြီး ခွန်အားပေးမယ်ဆိုတာ ကျွန်တော်တို့အားလုံး ယုံကြည်ပါတယ်။—၁ ပေတရု ၄:၁၂-၁၄။