၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်
အာမေးနီးယား
အာမေးနီးယားမှာ ယေဟောဝါသက်သေတွေ အစားထိုးအရပ်ဘက်လုပ်ငန်း လုပ်လာတာ ဆယ်နှစ်တိုင်ပြီ
“နိုင်ငံတော်ချမှတ်ခဲ့တဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုကတော့ အစားထိုးလုပ်ငန်း ချမှတ်လိုက်တာပါပဲ။”—အစားထိုးလုပ်ငန်းနဲ့ပတ်သက်ပြီး အာမေးနီးယား ရီပဗ္ဗလစ်ကန်ကော်မတီ ကိုယ်စားလှယ်ရဲ့မှတ်ချက်။
အာမေးနီးယားမှာ အစားထိုးအရပ်ဘက်လုပ်ငန်း အစီအစဉ် စတင်လာတာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်ဆိုရင် ၁၀ နှစ်တင်းတင်း ပြည့်ပါပြီ။ ခံယူချက်အရ စစ်မှုမထမ်းသူတွေ ဒီအစီအစဉ်ကနေ အကျိုးရကြတယ်။ စစ်မှုထမ်းမယ့်အစား အများအကျိုးပြုလုပ်ငန်းအမျိုးမျိုးမှာ ပါဝင်နိုင်ကြလို့ပါ။ ဆောက်လုပ်ရေး၊ ဥယျာဉ်ထိန်းသိမ်းရေး ဒါမှမဟုတ် အများအကျိုးပြုလုပ်ငန်းတစ်ခုခုမှာ တာဝန်ထမ်းဆောင်နိုင်ကြတယ်။ ဒီအစီအစဉ် စတင်ချိန်ကစလို့ ယေဟောဝါသက်သေ လူငယ် ၄၅၀ ကျော်က အရပ်ဘက်လုပ်ငန်းကဏ္ဍအသီးသီးမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
အစားထိုးအရပ်ဘက်လုပ်ငန်းမှာ ပါဝင်နေတဲ့ ညီအစ်ကို ဆမ်မြူရယ် ပီထရိုစီရန်က လောလောဆယ် ဥယျာဉ်ထိန်းသိမ်းရေးပိုင်းမှာ တာဝန်ကျတယ်။ သူ အခုလိုပြောတယ်– “ကျွန်တော် နာမည်ကောင်းရဖို့ ကြိုးစားတယ်။ အလုပ်ကို ကောင်းကောင်းမွန်မွန် ပြီးစီးအောင်လုပ်ဖို့၊ အရာရာမှာ ရိုးသားဖို့ ကြိုးစားတယ်။ ဒါကြောင့်လည်း အထက်လူကြီးတွေက ကျွန်တော့်ကို အမြဲကောင်းကောင်းဆက်ဆံပြီး လေးစားကြတာ။”
ညီအစ်ကို အာတိုး မာတာရိုစီရန်ဟာ ဆေးရုံမှာ သုံးနှစ် အလုပ်လုပ်ပြီး အရပ်ဘက်တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူအခုလို ပြန်ပြောင်းပြောပြတယ်– “အကူအညီလိုနေသူတွေကို ကူညီပေးခွင့်ရလို့ ဝမ်းသာတယ်။ အဲဒီအတွေ့အကြုံက ကျွန်တော့်ကို ပိုကောင်းတဲ့သူတစ်ယောက် ဖြစ်လာအောင် ကူညီပေးခဲ့တယ်။ ပိုပြီး အလိုက်သင့် ပြောင်းလဲတတ်ဖို့၊ ပြောဆိုဆက်သွယ်တတ်ဖို့၊ ဖိစီးမှုကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းတတ်ဖို့ သင်ပေးခဲ့တယ်။”
၂၀၁၄ ခုနှစ်မတိုင်ခင်က အာမေးနီးယားက ညီအစ်ကိုငယ်တွေဟာ ခရစ်ယာန်မှားမှန်သိစိတ်ကြောင့် စစ်မှုမထမ်းလို့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရတယ်။ အာမေးနီးယားက အစားထိုးအရပ်ဘက်လုပ်ငန်းရဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီး ထိပ်တန်းအရာရှိတစ်ယောက် အခုလို မှတ်ချက်ပြုတယ်– “အစတုန်းက အစားထိုးအရပ်ဘက်လုပ်ငန်း အစီအစဉ်ကို ကျွန်တော် ကန့်ကွက်ခဲ့တယ်။ ပြည်သူတွေရဲ့လုံခြုံရေးကို ထိခိုက်မှာ၊ အစီအစဉ်ကို တလွဲအသုံးချမှာ စိုးရိမ်မိလို့ပါ။ . . . ဒါပေမဲ့ ကျွန်တော့်အမြင် မှားသွားတယ်။ အစားထိုးအရပ်ဘက်လုပ်ငန်းလုပ်တဲ့ ယေဟောဝါသက်သေတွေဟာ ပြည်သူတွေရဲ့ လုံခြုံရေးကို ထိပါးသူတွေ မဟုတ်ဘူးဆိုတာ နှစ်တွေကြာလာတဲ့အမျှ . . . ပိုထင်ရှားလာတယ်။ တကယ်တော့ သူတို့ဟာ ကဏ္ဍအသီးသီးမှာ ကြိုးစားပမ်းစား လုပ်ဆောင်နေကြသူတွေပါ။ အစားထိုးလုပ်ငန်းအစီအစဉ်က တကယ်အကျိုးရှိတယ်။”
အစားထိုးလုပ်ငန်းနဲ့ပတ်သက်ပြီး ရီပဗ္ဗလစ်ကန်ကော်မတီရဲ့ အဖွဲ့ဝင်တစ်ယောက် အခုလို မှတ်ချက်ပြုတယ်– “အာမေးနီးယားမှာ အစားထိုးအရပ်ဘက်လုပ်ငန်း လုပ်လာတာ ဆယ်နှစ်ရှိပြီ။ . . . ဂုဏ်ယူဝင့်ကြွားစွာ ဝန်ခံရမှာက နိုင်ငံတော်ချမှတ်ခဲ့တဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုကတော့ အစားထိုးလုပ်ငန်း ချမှတ်လိုက်တာပါပဲ။ အစားထိုးလုပ်ငန်းလုပ်ဆောင်နေတဲ့ နေရာတွေကို ဝင်ရောက် စစ်ဆေးတိုင်း အလုပ်ကို သူတို့ ကြိုးစားပမ်းစား ပြုံးပြုံးပျော်ပျော် လုပ်နေကြတာ တွေ့ရတယ်။ အစားထိုးအရပ်ဘက်လုပ်ငန်းမှာ ယေဟောဝါသက်သေတွေရဲ့ ထူးခြားပြောင်မြောက်တဲ့ လုပ်ဆောင်မှုကို လူတွေ သိပ်ကျေးဇူးတင်ကြတယ်။ နှစ်တိုင်းနှစ်တိုင်း ကျေးဇူးတင်စာတွေ အများကြီးရတယ်။ အကောင်းဆုံးအလုပ်သမားတွေဆိုပြီးလည်း နေရာတိုင်းက အလုပ်ကြီးကြပ်မှူးတွေ ချီးမွမ်းကြတယ်။”
အစားထိုးအရပ်ဘက်လုပ်ငန်းမှာ ပါဝင်ပြီး ပြည်သူလူထုကို အကျိုးပြုနိုင်လို့ အာမေးနီးယားက ယေဟောဝါသက်သေတွေ ဝမ်းသာကျေးဇူးတင်ကြတယ်။ “ကောင်းမွန်တဲ့အကျင့်” နဲ့ ယေဟောဝါကို သူတို့ ဂုဏ်တင်ချီးမွမ်းနေကြပါတယ်။—၁ ပေတရု ၂:၁၂။