၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂ ရက်
အာဂျင်တီးနား
အာဂျင်တီးနား ဌာနခွဲအသစ်ကို ဆက်ကပ်အပ်နှံ
၂၀၂၄ ခုနှစ်၊ ဧပြီ ၆ ရက်မှာ အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီစ်မြို့က ဌာနခွဲအဆောက်အအုံသစ်ကို ဆက်ကပ်အပ်နှံခဲ့တယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂျက်ဖရီ ဝင်ဒါက ဆက်ကပ်အပ်နှံ ဟောပြောချက်ပေးခဲ့တယ်။ ဗေသလအသစ်ရဲ့ အစည်းအဝေးခန်းမသုံးခုမှာ ညီအစ်ကို/မ ၅၀၀ နီးပါး တက်ရောက်ကြတယ်။ အေစေးဆာမြို့နားက အစည်းအဝေးပွဲခန်းမကနေလည်း ဗီဒီယိုနဲ့ချိတ်ဆက်တက်ရောက်သူ ၅,၈၄၄ ယောက်ရှိတယ်။ နောက်တစ်နေ့ အစည်းအဝေးပွဲခန်းမမှာ အထူးအစည်းအဝေး ကျင်းပပြီး အာဂျင်တီးနားနဲ့ဥရုဂွေးက အသင်းတော်အားလုံးဆီ ထုတ်လွှင့်ပေးတယ်။ စုစုပေါင်းတက်ရောက်သူ ၁၈၁,၆၄၃ ယောက်ရှိတယ်။
အဆောက်အအုံအသစ်တွေကို ဧည့်သည်တွေ လာလည်နိုင်အောင်၊ အထူးအစီအစဉ်တွေမှာ ပါဝင်နိုင်အောင်လည်း စီစဉ်ပေးခဲ့တယ်။ လာလည်ပတ်သူတွေထဲမှာ နိုင်ငံနဲ့ဒေသပေါင်း ၂၅ ခုက ညီအစ်ကို/မ ၂၃၀ ကျော်လည်း ပါဝင်တယ်။ အာဂျင်တီးနား ဌာနခွဲဆောက်လုပ်ရေးမှာ ပါဝင်ကူညီပေးခဲ့တဲ့ ညီအစ်ကို ဆာဂျီအို စပါကာဆာဆီက အခု အီကွေဒေါမှာ အမှုဆောင်နေတယ်။ အပ်နှံပွဲအတွက် ရောက်နေကြတဲ့ နိုင်ငံတကာက ညီအစ်ကို/မတွေကိုကြည့်ပြီး “ယေဟောဝါဘုရားကို ကိုးကွယ်တဲ့ ကျွန်တော်တို့တွေ မိသားစုလို ရင်းနှီးချစ်ခင်လာအောင် ဘုရားသခင်က ဒီလိုအထူးအစီအစဉ်တွေကို အသုံးပြုနေတာ” လို့ မှတ်ချက်ချခဲ့တယ်။
အာဂျင်တီးနားဌာနခွဲကော်မတီဝင် ညီအစ်ကို ဟွမ်ကားလို့စ် နီဂရို အခုလိုပြောတယ်– “ဒီလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ ယေဟောဝါရဲ့ လမ်းပြကောင်းချီးပေးမှုကို မြင်တွေ့ခဲ့ရတယ်။ နာမတော်ကို ဂုဏ်တင်ချီးမွမ်းစရာဖြစ်စေမယ့် ဒီအဆောက်အအုံလှလှလေးကို ကျွန်တော်တို့အတွက် ဘုရားသခင် ပြင်ဆင်ပေးခဲ့တာ။”
“အရာအားလုံးကို သူ့အချိန်နဲ့သူ တင့်တယ်လှပစွာ လုပ်” တဲ့ ယေဟောဝါဘုရားကို အာဂျင်တီးနားက ညီအစ်ကို/မတွေနဲ့အတူ ကျွန်တော်တို့ ကျေးဇူးတင်ချီးမွမ်းပါတယ်။—ဒေသနာ ၃:၁၁။