အောက်တိုဘာ ၁၄၊ ၂၀၂၀
ရုရှား
နှိပ်စက်ညှဉ်းဆဲခံရပေမဲ့ ယေဟောဝါအပေါ် သစ္စာရှိခဲ့ကြတဲ့ မျိုးဆက်သုံးဆက်
လောလောဆယ်မှာ ရာဇဝတ်မှု ကျူးလွန်သူအဖြစ် တရားစွဲဆိုခံနေရတဲ့ ညီအစ်ကို အီဗန် ပြူဒါဟာ ယေဟောဝါအပေါ် သစ္စာစောင့်ခဲ့ကြတဲ့ အဖိုးနဲ့ အဖေတို့ရဲ့ စံနမူနာကနေ ခွန်အားရယူနေပါတယ်။
ညနေပိုင်း အိမ်ပြန်ရောက်ပြီဆိုရင် အဖေက သူတို့မောင်နှမ ရှစ်ယောက်ကို ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် ဖတ်ပြတာကို ညီအစ်ကို အီဗန် ပြူဒါ အမှတ်ရနေတုန်းပဲ။ ခဗစ်တော့လို့ခေါ်တဲ့ ကျေးရွာလေးမှာ ဖခင် ဂရီဂိုရီနဲ့အတူ အမှုဆောင်သွားတာ၊ ဆရာ/မနဲ့ ကျောင်းနေဖက်တွေ အိမ်ကို သွားလည်ပတ်ခဲ့တာတွေကို ပြန်မြင်ယောင်ဆဲပါ။ ဆယ်ကျော်သက်ဘဝမှာ အဖိုးဖြစ်သူ ညီအစ်ကို ပျောတ ပတ်စီနဲ့အတူ မခန့်အပ်ရသေးတဲ့ ရပ်ကွက်ကို အမှုဆောင်သွားတော့လည်း အဖိုး ဘယ်လောက်ဇွဲထက်သန်မှန်း မြင်တွေ့ခဲ့ရတယ်။
အဖိုးရော အဖေပါ ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာစောင်တွေကို ဖတ်ရှုလေ့လာတတ်မှန်း ညီအစ်ကို ပြူဒါ သတိထားမိတယ်။ သူလည်း အဲဒီစံနမူနာအတိုင်း လိုက်လုပ်ဖို့ ပန်းတိုင်ထားတယ်။
အခု အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်ကို ပြူဒါဟာ မမျှော်လင့်တဲ့နည်းနဲ့ အဖိုးနဲ့ အဖေရဲ့ ခြေရာကို နင်းမိလျက်သားဖြစ်နေတယ်။ ယေဟောဝါသက်သေဖြစ်လို့ ဖမ်းဆီးထောင်ချခံရခြင်းပါပဲ။ ၂၀၁၈၊ မေ ၃၀ ရက်နေ့မှာ ဖယ်ဒရယ်လုံခြုံရေးဌာန (FSB) ရဲတွေက ညီအစ်ကို ပြူဒါကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ လေးလကြာ ချုပ်နှောင်ထားပြီး ပြန်လွတ်လာတဲ့အခါ နေအိမ်အကျယ်ချုပ်နဲ့ ခြောက်လနေခဲ့ရတယ်။ အဖိုးဖြစ်တဲ့ ညီအစ်ကို ပတ်စီကတော့ နာဇီခေတ်မှာရော ဆိုဗီယက်အစိုးရလက်ထက်မှာပါ ဖမ်းဆီးထောင်ချခံခဲ့ရတယ်။ ဖခင် ညီအစ်ကို ဂရီဂိုရီလည်း ဆိုဗီယက်ပြည်ထောင်စုမှာ ထောင်ချခံခဲ့ရတယ်။
ညီအစ်ကို ပြူဒါ ဒီလိုပြောပြတယ်- “၂ တိမောသေ ၃:၁၄ မှာ ‘သင်ယူထားတဲ့အရာတွေ၊ လက်ခံယုံကြည်ထားတဲ့အရာတွေအတိုင်း ဆက်လုပ်ဆောင်နေပါ။ အဲဒါတွေကို ဘယ်သူတွေဆီက သင်ယူခဲ့မှန်း မင်းသိပါတယ်’ လို့ ပေါလု ရေးခဲ့တယ်။ ဘယ်သူတွေဆီက အမှန်တရား သင်ယူခဲ့မှန်း သိထားတာက ကျွန်တော့်ကို အားရှိစေတယ်။ ယေဟောဝါကို ကျွန်တော် ဝတ်မပြုအောင် ဘယ်အစိုးရ၊ ဘယ်အကျဉ်းထောင်ကမှ စွမ်းဆောင်နိုင်မှာ မဟုတ်သလို နှိပ်စက်ညှဉ်းပန်းမှုတွေကလည်း တစ်နေ့ အဆုံးတိုင်ရမှာပါ။ အခု အဖိုးနဲ့ အဖေတို့ရဲ့ စံနမူနာအတိုင်း၊ သူတို့သင်ပေးခဲ့တဲ့အတိုင်း ကျွန်တော် လိုက်လျှောက်နေပါတယ်။ ကျွန်တော် သစ္စာရှိနေသရွေ့ ယေဟောဝါ ဆုချမယ်ဆိုတာ ယုံတယ်။” တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ညီအစ်ကို ပြူဒါ စောင့်နေပါတယ်။
အဖိုးရော အဖေရော ထောင်အတွေ့အကြုံ ပြောတဲ့အခါ ထောင်သားဘဝ ဘယ်လောက်ခက်ခဲကြောင်း မပြောကြဘူး။ သတင်းကောင်း ဘယ်လို ဟောပြောခဲ့တဲ့အကြောင်းတွေပဲ ပြောတတ်ကြတယ်လို့ ညီအစ်ကို ပြူဒါ ပြောပြတယ်။
အခု အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်ကို ဂရီဂိုရီဟာ စစ်မှုထမ်းဖို့ ငြင်းဆန်မှုနဲ့ အလုပ်ကြမ်းစခန်းမှာ ထောင်ဒဏ် တစ်နှစ်ကျခံပြီးနောက် ၁၉၇၅ မှာ နှစ်ခြင်းခံခဲ့တယ်။ ၁၉၇၇ မှာ ထောင်ကနေ လွတ်လာတယ်။ ပိတ်ပင်ထားတဲ့ ဘာသာရေးစာစောင်တွေ လက်ဝယ်ပိုင်ဆိုင်မှုနဲ့ ၁၉၈၆ မှာ ထောင်ကျပြန်တယ်။ အီဗန်လို့လည်းခေါ်တဲ့ သူ့ဖခင်ဟာ ခရစ်ယာန်ကြားနေမှုကြောင့် ၁၉၄၄ ကနေ ၁၉၅၀ အထိ အလုပ်ကြမ်းစခန်းမှာ နေခဲ့ရတယ်။
“ယုံကြည်ခြင်း ခိုင်မာနေလို့ နှိပ်စက်ညှဉ်းပန်းမှုကို ကျွန်တော် ခံရပ်နိုင်ခဲ့တာ။ အမှန်တရားလမ်းမှာ လျှောက်လှမ်းနေတယ်။ ယေဟောဝါသာ စစ်မှန်တဲ့ဘုရား ဖြစ်တယ်ဆိုတဲ့အချက်ကို နည်းနည်းလေးမှ သံသယမဖြစ်ဘူး” ဆိုပြီး ညီအစ်ကို ဂရီဂိုရီ ပြောတယ်။
အခုတော့ သား အီဗန်လည်း သူ့လိုမျိုး ကြုံတွေ့နေရတယ်။ “ဆိုဗီယက်အစိုးရလက်ထက်တုန်းကလို အဖြစ်မျိုး ပြန်ကြုံနေရသလိုပဲ။ ဒါကြောင့် ခုလို စမ်းသပ်မှုကြုံရချိန်မှာ အီဗန် ဆက်သစ္စာရှိဖို့၊ ခံနိုင်ရည်တင်ပြပြီး ယေဟောဝါရဲ့နာမည်ကို သန့်ရှင်းမြင့်မြတ်စေဖို့ ကျွန်တော် ဆုတောင်းတယ်” လို့ ဂရီဂိုရီ ပြောတယ်။
ဆုံးပါးသွားပြီဖြစ်တဲ့ အီဗန်ရဲ့အဖိုး ညီအစ်ကို ပတ်စီဟာ ၁၉၄၃ ခုနှစ်မှာ မိုင်ဒါနက်ခ်အကျဉ်းစခန်းကို အပို့ခံရတယ်။ နောက်ပိုင်းမှာ ယုံကြည်ချက်ကို စွန့်လွှတ်ကြောင်း လက်မှတ်မထိုးတဲ့အတွက် နာဇီတွေက ရာဗန်ဘရွတ်ခ် ချွေးတပ်စခန်းဆီ ပို့လိုက်ပြန်တယ်။ ၁၉၄၅ ခုနှစ်၊ မဟာမိတ်တပ်တွေ ဝင်လာတဲ့အခါ လွတ်မြောက်လာတယ်။ ၁၉၅၂ မှာ ပြန်အဖမ်းခံရပြီး ပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်ကြတယ်။ ဒါပေမဲ့ ပြစ်ဒဏ်ပြောင်းလဲသွားလို့ ၁၉၅၆ မှာ ပြန်လွတ်လာတယ်။ ၁၉၅၈ မှာ ယုံကြည်ချက်ကြောင့် နောက်တစ်ကြိမ် ပြန်အဖမ်းခံရပြီး ၁၉၆၄ မှာ လွတ်မြောက်လာတယ်။
အီဗန် ဒီလိုပြောတယ်- “အဖိုးရဲ့ သစ္စာစောင့်သိတဲ့ ပုံသက်သေက ကျွန်တော့်ကို အားရှိစေတယ်။ အဖိုး အသက်ပြန်ရှင်လာတဲ့အခါ ကျွန်တော်လည်း အဖိုးလိုပဲ စမ်းသပ်မှုတွေ ကြုံခဲ့ရတယ်၊ အဖိုးရဲ့ပုံသက်သေကြောင့် ကျွန်တော် ရဲစွမ်းသတ္တိရှိရှိ၊ သစ္စာစောင့်သိနိုင်ခဲ့တယ်ဆိုတာ ပြောပြရမယ်။”
“ယေဟောဝါဘုရားကို ချစ်တဲ့စိတ် ပျောက်သွားအောင်၊ ယုံကြည်ချက် ယိမ်းယိုင်သွားအောင် ဘယ်သူမှ မစွမ်းဆောင်နိုင်ပါဘူး။ ‘ကျွန်တော့်ကို ဖမ်းဆီးထောင်ချတာပဲ လုပ်နိုင်မယ်၊ ကျန်တာတွေကိုတော့ ခင်ဗျားတို့ မတတ်နိုင်ပါဘူး’ လို့ စစ်ဆေးမေးမြန်းသူတွေကို ကျွန်တော် မကြာခဏ ပြောတယ်။”
ဆင်းရဲဒုက္ခတွေ ခံရပ်နိုင်အောင် ဒီညီအစ်ကိုတွေကို ဘာက ကူညီပေးသလဲ။
အီဗန် ဒီလိုပြောတယ်- “တမန်တော် ၁၄:၂၂ မှာ ‘ကျွန်တော်တို့က ဒုက္ခအများကြီးခံပြီးမှ ဘုရားသခင့် နိုင်ငံတော် ဝင်ရမယ်’ လို့ ဆိုထားတယ်။ ခရစ်ယာန်ယောက်တိုင်း ဆင်းရဲဒုက္ခ ကြုံတွေ့ရမှာပါ။ ထောင်ဒဏ်ချမှတ်ခံရတာ ဖြစ်ချင်မှဖြစ်မယ်။ ရောဂါခံစားရတာ၊ ချစ်ရသူတစ်ဦး ဆုံးပါးသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ စိတ်ကို ထားတတ်ဖို့၊ ဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိဖို့ အရေးကြီးဆုံးပါပဲ။ ယေဟောဝါက မိမိရဲ့လူတွေကို ကူညီထောက်မဖို့ အသင့်ရှိတယ်။”
အီဗန့်ဖခင် ညီအစ်ကို ဂရီဂိုရီက “ယေဟောဝါနဲ့ ရင်းနှီးမှုနှောင်ကြိုး ခိုင်မြဲအောင် လုပ်ပါ။ မိတ်ဆွေရင်းချာဖြစ်နေပါ။ အမှန်တရားမှာ ရှိနေကြောင်း ယုံကြည်စိတ်ချနေရင် စွန့်လွှတ်အနစ်နာခံဖို့ အသင့်ရှိနေလိမ့်မယ်။ တစ်နေ့ ဆုချခံရမှာပါ” လို့ ပြောတယ်။
ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းဆဲခံနေရတဲ့ ညီအစ်ကို/မတွေကို ယေဟောဝါ ကူညီထောက်မပေးပုံအကြောင်း ဖတ်ရတာ တကယ် အားရှိစရာပါပဲ။ ရုရှားက ညီအစ်ကို/မတွေ ရဲစွမ်းသတ္တိ ရှိနေစေဖို့၊ “မကြောက်နဲ့။ ... မင်းရမယ့်ဆုလာဘ် သိပ်ကြီးမားတယ်” ဆိုတဲ့ ယေဟောဝါရဲ့ ကတိစကားကနေ ခွန်အားရစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ကမ္ဘာဦး ၁၅:၁။