စက်တင်ဘာ ၂၇၊ ၂၀၂၁
ရိုမေးနီးယား
ရိုမေးနီးယားမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြည်လုံးကျွတ် စည်းဝေးပွဲကြီး ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့
ရိုမေးနီးယားမှာ ယေဟောဝါသက်သေတွေရဲ့ ပထမဆုံး ပြည်လုံးကျွတ် အစည်းအဝေး ကျင်းပခဲ့တာ ၂၀၂၁၊ စက်တင်ဘာ ၂၈ ရက်ဆိုရင် ၇၅ နှစ် ပြည့်ပါပြီ။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး နိုင်ငံတွေ ပြန်ပြီးနာလန်ထူချိန်၊ အကြီးအကျယ် နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ကြား ဒီအစည်းအဝေးကြီး ကျင်းပဖို့ စီစဉ်ခဲ့ကြတယ်။ ဆန့်ကျင်သူတွေက ပွဲပျက်အောင် နှောင့်ယှက်ပေမဲ့ အစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြတယ်။
အစည်းအဝေးကြီးကို ၁၉၄၆၊ စက်တင်ဘာ ၂၈-၂၉ မှာ ဘူခါရက်စ်မြို့က ရောမအားကစားကွင်းကြီးမှာ ကျင်းပခဲ့ကြတယ်။ ရိုမေးနီးယားက ညီအစ်ကိုတွေဟာ အစည်းအဝေးကြီး တက်မယ့် ကိုယ်စားလှယ်တွေအတွက် ရထားတစ်စင်း ငှားကြတယ်။ ဒါပေမဲ့ ဩဇာကြီးတဲ့ ဩသဒေါက် ဓမ္မဆရာတွေက ရထားကို အကြောင်းမဲ့ ခဏခဏ ရပ်ခိုင်းပြီး ခရီးဖင့်အောင်၊ ရထား နောက်ကျအောင် လုပ်ခဲ့ကြတယ်။
အစည်းအဝေးကြီး မတိုင်ခင် သောကြာနေ့ မနက် ၉ နာရီမှာ ညီအစ်ကိုတွေက ဘူတာရုံကို ရောက်နေကြပြီ။ မနက် ၁၀ နာရီ ဆိုက်မယ့် ရထားကို လာကြိုကြတာပါ။ လမ်းမှာ ကြန့်ကြာနေတဲ့ ရထားကို စိတ်ရှည်လက်ရှည် စောင့်ကြတယ်။ နောက်ဆုံးတော့ ညနေ ၆ နာရီမှာ ရထားဆိုက်ရောက်လာတယ်။
စစ်ကြောင့် အိမ်ပေါင်းများစွာ ပျက်စီးကုန်လို့ ညီအစ်ကို/မတွေ တည်းခိုစရာနေရာ မလောက်မင ဖြစ်ပြန်တယ်။ ဒါနဲ့ ညီအစ်ကိုတွေက အစည်းအဝေးကြီး ကျင်းပတဲ့နေရာ အနီးတစ်ဝိုက်က ညီအစ်ကို တစ်ယောက်ရဲ့ ခြံဝင်းထဲ ကောက်ရိုးတွေ ခင်းလိုက်တယ်။ ရာသီဥတုကလည်း မပူမအေး ဖြစ်နေလို့ မိသားစုတွေဟာ ကြယ်အလင်းရောင်အောက် သက်သောင့်သက်သာ အိပ်စက်နိုင်ကြတယ်။
စနေနေ့ မနက်ပိုင်း အစီအစဉ်ကို တက်ရောက်သူ ၃,၄၀၀ နီးပါး ရှိတယ်။ ကင်းမျှော်စင်ကို ရိုမေးနီးယား၊ ဟန်ဂေရီ ဘာသာစကားနဲ့ တစ်လနှစ်ကြိမ် ပြန်ထုတ်ဝေတော့မယ်လို့ ကြေညာတယ်။ ပထမအကြိမ် ထုတ်ဝေတဲ့ စာစောင် ၁,၀၀၀ ကိုလည်း ပရိသတ်ဆီ ဝေပေးတယ်။ စစ်ပွဲကာလအတွင်း မဖတ်လိုက်ရတဲ့ အကြောင်းအရာတွေကို ဖတ်နိုင်ဖို့ လေ့လာရန် ဆောင်းပါး အပိုတွေကို စာစောင်မှာ အချိန်အတော်ကြာ ထည့်ပေးခဲ့တယ်။
တနင်္ဂနွေနေ့ လူထုဟောပြောချက်မှာ တက်ရောက်သူ ၁၅,၀၀၀ လောက် ဖြစ်သွားတယ်။ အစိုးရ အရာရှိတွေ၊ ရဲတွေ လာကြတယ်။ ဩသဒေါက် ဘုန်းတော်ကြီးတွေလည်း ဘုန်းကြီးဝတ်နဲ့ လာကြတယ်။ အစည်းအဝေး ကျင်းပနေတုန်း ပေါက်ကွဲမှု ဖြစ်အောင်လို့ အားကစားကွင်းနားမှာ ဓာတ်ဆီပုံးတွေ ချထားဖို့ ဘုန်းတော်ကြီးတွေ စီစဉ်ထားမှန်း ညီအစ်ကိုတွေ သိလိုက်ရတယ်။ အာဏာပိုင်တွေနဲ့ ညီအစ်ကိုတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုကြောင့် သူတို့ရဲ့ အစီအစဉ် မအောင်မြင်လိုက်ဘူး။
ဟောပြောချက် ပေးနေတုန်း ဘုန်းတော်ကြီးတစ်ဦးက စတိတ်စင်ပေါ် တက်မယ် လုပ်လို့ ညီအစ်ကိုတွေ ဝိုင်းတားရတယ်။ ညီအစ်ကို တစ်ယောက်က “ဒီစည်းဝေးပွဲမှာ ဩသဒေါက် ဘုန်းတော်ကြီး ဟောဖို့ မလိုပါဘူး။ ထိုင်ပြီး နားထောင်ဖို့ ခင်ဗျားကို ဖိတ်ထားတာပါ” လို့ ပြောလိုက်တယ်။ ဒါနဲ့ ပွဲဖျက်ဖို့ သူ မကြိုးစားတော့ဘူး။ နောက်ပိုင်းမှာ ရှေ့နေချုပ်က စည်းဝေးပွဲ စည်းစနစ်ကျနမှုအတွက် ညီအစ်ကိုတွေကို ချီးမွမ်းခဲ့တယ်။
ညီအစ်ကိုတွေဟာ ခြိမ်းခြောက်မှုတွေ ကြုံရပေမဲ့ နောက်တွန့်မသွားကြဘူး။ အစည်းအဝေးကြီး တက်ရောက်ခဲ့သူ၊ အခု အသက် ၉၆ နှစ် ရှိပြီ ဖြစ်တဲ့ ညီအစ်ကို ဗာဆီလီ ဆာဘာဒါက “ကြောက်စိတ် နည်းနည်းမှ မဝင်ခဲ့ဘူး။ ဘယ်ကြောက်မလဲ။ ညီအစ်ကိုတွေက နှိပ်စက်ညှဉ်းပန်းမှုနဲ့ နေသားကျနေပြီလေ။ နည်းနည်းလေးမှကို မကြောက်တာ” လို့ ပြောပြတယ်။
ဒီအစည်းအဝေးကြီးက ရိုမေးနီးယားမှာ ရှိတဲ့ ယေဟောဝါသက်သေတွေကို စည်းလုံးစေခဲ့တယ်လို့ ညီအစ်ကို ဗာဆီလီပြောတယ်။ အများစုက စစ်အတွင်း ကျမ်းစာလေ့လာပြီး နှစ်ခြင်းခံခဲ့ကြတယ်။ အမှန်တရားမှာ လူသစ်တွေဖြစ်လို့ စစ်နဲ့ပတ်သက်ပြီး စိတ်ဝမ်းကွဲခဲ့ကြတယ်။ ဒါပေမဲ့ အစည်းအဝေးကြီး ပြီးတဲ့နောက်မှာတော့ “ညီအစ်ကိုတွေ စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်နေလိုက်ကြတာ။ အစည်းအဝေးကြီးကို မပြီးဆုံးစေချင်ဘူး။ နှုတ်ဆက်ခွဲခွာတဲ့စကား ဘယ်လိုမှ ပြောမထွက်ဘူး” လို့ ညီအစ်ကို ဗာဆီလီ ပြောပြတယ်။
ခုချိန်မှာတော့ ရိုမေးနီးယားမှာ ရှိတဲ့ ညီအစ်ကို/မတွေဟာ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်နိုင်ကြပြီ။ ၂၀၂၀ ပြည့်နှစ်မှာ ယေဟောဝါသက်သေ ၃၉,၀၀၀ ကျော် ရှိနေပါပြီ။ ၂၀၂၁ မှာတော့ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်သူ ၁၀၀,၀၀၀ ကျော် ရှိလို့ စံချိန်သစ်တင်ခဲ့တယ်။
ရိုမေးနီးယားမှာ ရှိတဲ့ ညီအစ်ကို/မတွေဟာ ဘာအခက်အခဲ ကြုံရပါစေ အတူစုဆုံစည်းဝေးဖို့ ကြိုးစားခဲ့ကြတဲ့အတွက် ချီးမွမ်းစရာပါပဲ။ သမိုင်းဝင် စည်းပွဲကြီးကို ကောင်းချီးပေးပြီး မိမိလူမျိုးကို ကာကွယ်ပေးတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။—ဟီဘရူး ၁၀:၂၄၊ ၂၅။