မာတိကာဆီ ကျော်သွား

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်
တာ့ခ်မင်နစ္စတန်

ညီအစ်ကို အာစလန် ဗက်ပါယေ့

တာ့ခ်မင်နစ္စတန် အာဏာပိုင်တွေက ညီအစ်ကို အာစလန် ဗက်ပါယေ့ကို ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ ပြစ်ဒဏ်ချမှတ်

လေးနှစ်နီးပါး ကြာပြီးနောက် ယေဟောဝါသက်သေတစ်ယောက်ကို ဦးဆုံးအကြိမ် ပြစ်ဒဏ်ချမှတ်

တာ့ခ်မင်နစ္စတန် အာဏာပိုင်တွေက ညီအစ်ကို အာစလန် ဗက်ပါယေ့ကို ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ ပြစ်ဒဏ်ချမှတ်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်မှာ မေရီ ဒေသန္တရတရားရုံးက အသက် ၂၁ နှစ်အရွယ် ညီအစ်ကို အာစလန် ဗက်ပါယေ့ကို ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ စာရိတ္တပြုပြင်ရေး စခန်းမှာ နှစ်နှစ် အလုပ်လုပ်ပေးဖို့ ပြစ်ဒဏ်ချမှတ်လိုက်တယ်။ အာစလန်ဟာ အချုပ်ထောင်ကနေ ချက်ချင်းလွတ်လာပေမဲ့လည်း နိုင်ငံအတွက် သူ့လစာထဲက ၂၀ ရာခိုင်နှုန်းကို နှစ်နှစ်ကြာ ပြန်ပေးရမှာဖြစ်တယ်။

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်း၊ စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန်မှာ အာစလန်က စစ်သားစုဆောင်းရေးရုံးကိုသွားပြီး မိမိရဲ့ ကြားနေမှုအကြောင်း လေးလေးစားစား ရှင်းပြတယ်။ အရပ်ဘက်အစားထိုးအလုပ်ကို လုပ်ဆောင်ဖို့ တလိုတလားရှိကြောင်းကိုလည်း ပြောပြတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အာဏာပိုင်တွေက အာစလန်ကို ပြစ်မှုနဲ့ တရားစွဲတယ်။ ၂၀၂၄၊ နိုဝင်ဘာလမှာ အာစလန် အဖမ်းခံရပြီး အချုပ်ထောင်မှာ ချုပ်ထားခံရတယ်။ ၂၀၂၄၊ ဒီဇင်ဘာလမှာ ယေယာမလီမြို့တရားရုံးက အာစလန်ကို ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ငြင်းဆိုမှုနဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်။ အာစလန်က ချက်ချင်းအယူခံဝင်တဲ့အတွက် ခရိုင်တရားရုံးက စာရိတ္တပြုပြင်ရေး စခန်းမှာ နှစ်နှစ် ချမှတ်လိုက်တယ်။

ကြားနေမှုကြောင့် ယေဟောဝါသက်သေတစ်ယောက်ကို တာ့ခ်မင်နစ္စတန် အာဏာပိုင်တွေ အပြစ်ရှိကြောင်း စီရင်ချက်ချတာဟာ လေးနှစ်နီးပါးကြာပြီးနောက် ပထမဦးဆုံး အကြိမ်ပါ။ ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုလို့ ထောင်ကျနေတဲ့ ယေဟောဝါသက်သေအားလုံးကို ၂၀၂၁ ခုနှစ်၊ မေလမှာ အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။ အဲဒီနောက်ပိုင်း တာ့ခ်မင်နစ္စတန်မှာ ကျွန်တော်တို့ရဲ့ ညီအစ်ကိုများစွာဟာ ပြစ်ဒဏ်ပေးခြင်းမခံရဘဲ ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ အာစလန်ကို ပြစ်ဒဏ်ချမှတ်တာဟာ အစိုးရက ယခင်အခြေအနေကို ရုတ်တရက် ပြောင်းလဲလိုက်တာကို ဖော်ပြတယ်။ အာစလန်ရဲ့အမှုအပြင် ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ တခြားညီအစ်ကို ဆယ်ယောက်ကျော်ရဲ့ အမှုတွေကို အစိုးရရှေ့နေရုံးဆီ တင်ထားကြောင်း အာဏာပိုင်တွေ အကြောင်းကြားလာပါတယ်။

ယေဟောဝါဟာ “သစ္စာစောင့်သိသူတွေကို ဘယ်တော့မှ မစွန့်ဘူး” ဆိုတာကို ယုံကြည်စိတ်ချတဲ့အတွက် အာစလန်နဲ့ တာ့ခ်မင်နစ္စတန်က သစ္စာရှိလူငယ် ညီအစ်ကိုတွေအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေပါတယ်။—ဆာလံ ၃၇:၂၈