၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်
စပိန်
လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး အထူးခုံရုံးက ယေဟောဝါသက်သေ လူနာတွေရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အတည်ပြု
ပင်ဒို မူလာ နှင့် စပိန် အမှုကို တရားရုံးက တညီတညွတ်တည်း ဆုံးဖြတ်ချက်ချ
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်မှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး အထူးခုံရုံးက လူနာရဲ့ယုံကြည်ချက်နဲ့အညီ ဆေးကုသမှု ရွေးချယ်ပိုင်ခွင့်ကို လေးစားရမှာဖြစ်ကြောင်း တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီသမိုင်းဝင် စီရင်ချက်ကြောင့် စပိန်နိုင်ငံသာမက ဥရောပကောင်စီ အဖွဲ့ဝင် ၄၆ နိုင်ငံစလုံးဟာ ဆေးကုသမှုနဲ့ပတ်သက်ပြီး လူနာရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို လေးစားကြရတော့မှာဖြစ်တယ်။
၂၀၁၈ ခုနှစ်၊ ဇွန်လတုန်းက ၄၇ နှစ်အရွယ် ညီအစ်မ ရိုစာ ပင်ဒို မူလာဟာ အသေးစား ဆေးကုသမှု ခံယူဖို့ စပိန်နိုင်ငံ၊ မဒရစ်မြို့က ဆေးရုံတစ်ရုံမှာ တက်ရောက်ကုသခဲ့တယ်။ ဆေးကုသမှု မခံယူခင် ရိုစာက ကြိုတင် ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက် သွေးကတ်ကို ဆရာဝန်ကိုပေးပြီး ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်ကြောင့် သွေးမသွင်းနိုင်ကြောင်း မိမိရဲ့ ခံယူချက်ကိုပါ ရှင်းပြခဲ့တယ်။ (တမန်တော် ၁၅:၂၈၊ ၂၉) ဆေးရုံဝန်ထမ်းတွေက အဲဒီအချက်အလက်တွေကို ရိုစာရဲ့ ဆေးကုသမှုမှတ်တမ်းမှာ ထည့်ထားပေးတယ်။ ဒါပေမဲ့ တာဝန်ကျ တရားသူကြီးက ရိုစာကို အသိမပေးဘဲ ရိုစာကို ကုသပေးနေတဲ့ ဆရာဝန်တွေကို ခွဲစိတ်ကုသမှုလုပ်ဖို့နဲ့ သွေးသွင်းဖို့ ခွင့်ပြုပေးလိုက်တယ်။ သွေးမသွင်းဖို့ ရှင်းရှင်းလင်းလင်း ပြောထားတာကို လျစ်လျူရှုပြီး ဆေးရုံဝန်ထမ်းတွေက သွေးသွင်းပေးလိုက်တယ်ဆိုတာကို ခွဲစိတ်ပြီးနောက်မှ ရိုစာ သိလိုက်ရတဲ့အခါ စိတ်ထိခိုက်သွားတယ်။
ပင်ဒို မူလာ နှင့် စပိန် အမှု စီရင်ချက်ကို ဖတ်ကြားချိန်မှာ “အရွယ်ရောက်ပြီးသား လူနာတစ်ဦးဟာ” သူအလိုမရှိတဲ့ ဘယ်ကုသမှုကိုမဆို “ငြင်းဆိုပိုင်ခွင့်” ရှိကြောင်း အထူးခုံရုံးက တရားသူကြီး ၁၇ ဦးစလုံး သဘောတူကြတယ်။ “ကျန်းမာရေးစောင့်ရှောက်မှုမှာ အရေးအကြီးဆုံး စည်းမျဉ်းတွေထဲက တစ်ခုကတော့ ကုသမှုကို လက်ခံ/ငြင်းဆန်တဲ့ လူနာရဲ့လုပ်ပိုင်ခွင့်ကို လေးစားခြင်းဖြစ်ကြောင်း” တရားရုံးက အတည်ပြုပေးခဲ့တယ်။
ကျွန်တော်တို့ဟာ စည်းလုံးတဲ့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းဖြစ်တဲ့အတွက် ညီအစ်မ ပင်ဒို မူလာ အပါအဝင် တခြားသန်းနဲ့ချီတဲ့သူတွေဟာ ကိုယ့်ယုံကြည်ချက်၊ စံနှုန်းတွေနဲ့အညီ ဆေးကုသမှုကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိကြောင်း အတည်ပြုပေးတဲ့ တရားရုံးဆုံးဖြတ်ချက်ကိုကြားရလို့ ကျွန်တော်တို့ ဝမ်းသာကြတယ်။