အသက်ကယ်တဲ့ကင်ပိန်း
မက္ကဆီကိုနိုင်ငံ၊ တဘက်စ်ကို ပြည်နယ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း မြင့်လာတယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ်မှာ ယေဟောဝါသက်သေတွေက နှစ်လ ကြာတဲ့ အထူးကင်ပိန်းတစ်ခုကို စီစဉ်ပြီး “အသက်ဆက်ရှင်သင့်တဲ့ အကြောင်းရင်း သုံးချက်” ခေါင်းစဉ်နဲ့ ၂၀၁၄၊ ဧပြီလထုတ် နိုးလော့! မဂ္ဂဇင်းကို ပြန်ဝေငှကြတယ်။ ဒီကင်ပိန်းကို တကယ်ကျေးဇူးတင် လေးမြတ်ကြတယ်။
အချိန်ကိုက် အကူအညီ
ဖော်စတီနိုလို့ ခေါ်တဲ့ ယေဟောဝါသက်သေ ညီအစ်ကိုဟာ အမျိုးသမီးတစ်ဦးနဲ့ စကားပြောဖြစ်တယ်။ အသက် ၂၂ နှစ်အရွယ် သားအတွက် ပူပန်သောကရောက်နေသူပါ။ စိတ်ကျဝေဒနာ ခံစားနေရပြီး သေကြောင်းကြံဖူးတဲ့ သားကို ဘယ်လို အကူအညီ ပေးရမှန်း မသိ ဖြစ်နေတာ။ ဖော်စတီနိုက မဂ္ဂဇင်း ပေးလိုက်တဲ့အခါ သူက “ငါ့သားလေး လိုနေတာ ဒါပဲ” လို့ ပြောတယ်။ နောက်တစ်ရက် အဲဒီအမျိုးသမီးရဲ့ သားဆီ ဖော်စတီနို သွားလည်ပြီး မဂ္ဂဇင်းမှာ ပါတဲ့ ကျမ်းစာအကြံပြုချက်တွေကို အတူဆွေးနွေးကြတယ်။ သုံးလေးခေါက် သွားလည်ပတ်ပြီးနောက် အခြေအနေ တိုးတက်လာတာ သတိထားမိတယ်။ “စိတ်ပေါ့ပါးလာပြီး ပိုပျော်လာပုံရတယ်” လို့ ဖော်စတီနို ပြောပြတယ်။ သိလာတာတွေကို သူ့လိုပဲ စိတ်ကျဝေဒနာ ခံစားနေတဲ့ ညီလေးကို ပြန်ဝေမျှပေးနေပြီ။
ဝီမန်ဂီယိုမြို့က ညီအစ်မ ကာလာဟာ အဲဒီမဂ္ဂဇင်း သုံးပြီး အတန်းဖော်ကို ကူညီပေးခဲ့တယ်။ “၁၄ နှစ်အရွယ် အတန်းဖော်တစ်ယောက် ဝမ်းနည်းနေတာ သတိထားမိတယ်။ စကားသွားပြောကြည့်တော့ သူ့မိသားစုအကြောင်း ပြောပြတယ်။ စကားပြောနေရင်း သူ့ဘယ်လက်မှာ အမာရွတ်တွေ ရှိတာ သတိထားမိတယ်” လို့ ကာလာ ပြောပြတယ်။ ကလေးမက သူ့လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်ကို လှီးဖြတ်တတ်သူ ဖြစ်နေတာကိုး။ ဘဝက အဓိပ္ပာယ် မရှိ၊ အကျည်းတန်တယ်လို့ ခံစားနေသူ ဖြစ်တယ်။ ကာလာက နိုးလော့! မဂ္ဂဇင်း ပေးဖတ်လိုက်တယ်။ ဖတ်ကြည့်ပြီးနောက် သူ့အတွက် ရေးထားသလိုပဲ။ အခုတော့ အသက်ရှင်ရကျိုး နပ်လာပြီလို့ ပြုံးရင်း ပြောတယ်။
ဗီလာဟာမိုလ်ဆာမြို့က လူတစ်ယောက် ဆောက်တည်ရာမရ ဖြစ်နေတယ်။ အလုပ်ပြုတ်ပြီးနောက် မိန်းမကလည်း ကလေးတွေနဲ့ သူ့ကို ထားရစ်ခဲ့တယ်။ အကူအညီရဖို့ ဘုရားဆီ ဆုတောင်းပေမဲ့ မျှော်လင့်ချက် မဲ့နေတုန်းပဲ။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံနေတုန်း မာတင်နဲ့ မီဂယ်ဆိုတဲ့ ယေဟောဝါသက်သေ နှစ်ယောက် အိမ်တံခါး လာခေါက်တယ်။ တံခါးဖွင့်ပေးတဲ့အခါ နိုးလော့! မဂ္ဂဇင်း ပေးဖတ်ကြတယ်။ ခေါင်းစဉ်လည်း တွေ့ရော သူ့ဆုတောင်းချက်ကို ဘုရား အဖြေပေးမှန်း သိလိုက်တယ်။ မာတင်နဲ့ မီဂယ်လည်း ကျမ်းစာ သုံးပြီး နှစ်သိမ့်ပေးကြတယ်။ နှစ်ရက်သုံးရက်ကြာတော့ သူ့ဆီ ပြန်လည်ပတ်တဲ့အခါ စိတ်တည်ငြိမ်လာတာ တွေ့ရတယ်။ အခု အဲဒီလူက တစ်ပတ်နှစ်ကြိမ် ကျမ်းစာလေ့လာနေပြီ။
ထောင်ကျနေသူတွေ သတင်းကောင်း ကြားရ
ကင်ပိန်းအတွင်း ယေဟောဝါသက်သေတွေဟာ တဘက်စ်ကို ပြည်နယ်က အကျဉ်းထောင်တချို့ဆီ သွားပြီး ဘဝရည်ရွယ်ချက် ရှိစေတဲ့ ကျမ်းစာအကြံပြုချက်တွေကို ဝေမျှကြတယ်။ ကျမ်းစာဟောပြောချက်တစ်ခု ဟောပြီး ဗီဒီယိုတွေ ပြတယ်၊ မဂ္ဂဇင်းမှာ ပါတဲ့ အသက်ဆက်ရှင်သင့်တဲ့ အကြောင်းရင်းတွေကို အကျဉ်းသားတွေနဲ့ ဆွေးနွေးကြတယ်။ ဒီလည်ပတ်မှုအတွက် ထောင်အမှုထမ်းတွေကော ထောင်သားတွေပါ ကျေးဇူးတင်ကြတယ်။ ထောင်သားတစ်ယောက်က “ကျွန်တော် သေကြောင်းကြံတာ သုံးခါရှိပြီ။ ကျွန်တော့်ကို ဘုရား ဂရုစိုက်ပါတယ်လို့ ပြောသူတချို့ ရှိပေမဲ့ သူတို့ ပြောတာ မှန်ကြောင်း ကျမ်းစာ သုံးပြီး မထောက်ပြဖူးဘူး။ ခင်ဗျားတို့ ပြောပြတာတွေကြောင့် ကျွန်တော် တကယ် အားရှိသွားပြီ” လို့ ပြောတယ်။
ဒီကင်ပိန်းကို လူတွေ သတိမထားမိဘဲ မနေဘူး။ လူထုအကျိုးပြုတဲ့ ယေဟောဝါသက်သေတွေရဲ့ ကြိုးပမ်းမှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြည်နယ် ကျန်းမာရေးမှူး ပြောကြားခဲ့တယ်။ ဒေသခံသတင်းစာကလည်း “သေကြောင်းကြံမှုကို သူတို့ တိုက်ထုတ်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကင်ပိန်းအကြောင်း သတင်းဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့တယ်။