အဖြစ်ဆိုးကို သူ ကြံ့ကြံ့ခံ
ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ ဗာဂျီးနီးယားဟာ ကိုယ်ခန္ဓာတစ်ခုလုံး မလှုပ်နိုင်တဲ့ အကြောသေရောဂါ (LIS) ခံစားနေရတယ်။ ကြားနိုင်၊ မြင်နိုင်တယ်။ မျက်လုံး အဖွင့်အပိတ် လုပ်နိုင်တယ်။ ခေါင်းလေး နည်းနည်း လှုပ်နိုင်တယ်။ စကားမပြောနိုင်ဘူး။ အစာမစားနိုင်ဘူး။ တစ်ချိန်ကတော့ ကျန်းမာဖျတ်လတ်သူပါ။ ၁၉၉၇ ခုနှစ် တစ်မနက်မှာတော့ နောက်စေ့မှာ စူးစူးရှရှ ဝေဒနာကို ဆက်တိုက်ခံစားခဲ့ရတယ်။ အမျိုးသားက ဆေးရုံခေါ်သွားတယ်။ ညနေရောက်တော့ သူ သတိလစ်သွားတယ်။ နှစ်ပတ်အကြာ အထူးကြပ်မတ်ဆောင်မှာ ပြန်သတိရလာတဲ့အချိန် တစ်ကိုယ်လုံး လှုပ်လို့ မရတော့ဘူး။ အသက်ရှူစက် တပ်ထားရတယ်။ ရက်အနည်းငယ်လောက် ဘာဆိုဘာမှ မမှတ်မိဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း မမှတ်မိဘူး။
ဗာဂျီးနီးယားက အတွေ့အကြုံကို အခုလို ဝေမျှတယ်- “တဖြည်းဖြည်း မှတ်ဉာဏ်ပြန်ရလာတယ်။ ကျွန်မ အသည်းအသန် ဆုတောင်းတယ်။ မသေချင်ဘူး။ သားလေးကို အမေ မရှိတဲ့ဘဝနဲ့ မထားခဲ့ချင်ဘူး။ သတ္တိမွေးဖို့ ကျမ်းချက် များနိုင်သမျှ များများ မှတ်မိအောင် ကြိုးစားတယ်။
“နောက်တော့ ဆရာဝန်တွေက ကျွန်မကို အထူးကြပ်မတ်ဆောင်ကနေ ရွှေ့ပေးလိုက်တယ်။ ဆေးရုံတွေ၊ ပြန်လည်ထူထောင်ရေး စင်တာတွေမှာ ၆ လကြာ နေခဲ့ရပြီးနောက် အိမ်ပြန်ရောက်လာတယ်။ လုံးဝ မလှုပ်နိုင်ဘူး။ အရာအားလုံးအတွက် အကူအညီလိုတယ်။ တခြားသူတွေအတွက်ရော၊ ယေဟောဝါအတွက်ပါ အသုံးမဝင်ဘူးလို့ ခံစားရပြီး တော်တော် စိတ်ဓာတ်ကျတယ်။ သားလေးကို ဂရုမစိုက်ပေးနိုင်မှာလည်း စိုးရိမ်တယ်။
“ကျွန်မလို အခြေအနေမျိုး ကြုံတွေ့ခဲ့တဲ့ သက်သေခံတွေအကြောင်း ဖတ်ကြည့်တဲ့အခါ ယေဟောဝါအတွက် သူတို့လုပ်နိုင်ခဲ့တာတွေကို အံ့ဩမိတယ်။ ဒါနဲ့ ကျွန်မလည်း ကိုယ်လုပ်နိုင်တာတွေကို အာရုံစိုက်တယ်။ အကောင်းမြင်စိတ် မွေးတယ်။ ကျွန်မ ကျန်းမာရေးကောင်းတုန်းက ဘုရားရေးရာဘက် အချိန်သိပ်မပေးနိုင်ဘူး။ အခုတော့ နေ့တိုင်းလိုလို တစ်နေကုန် အချိန်ရတယ်။ ဒီအတွက် စိတ်ပျက်လက်ပျက် ဖြစ်နေမဲ့အစား ယေဟောဝါကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ အာရုံစိုက်တယ်။
“ကွန်ပျူတာ သုံးတတ်အောင် သင်တယ်။ ကျွန်မခေါင်းရဲ့ လှုပ်ရှားမှုကို တုံ့ပြန်တဲ့ ဆော့ဖ်ဝဲ သုံးပြီး စာရေးတယ်။ ပင်ပန်းပေမဲ့ ကျမ်းစာ လေ့လာဖို့၊ တခြားသူတွေကို ကိုယ့်မျှော်လင့်ချက်အကြောင်း စာတို့၊ အီးမေးတို့နဲ့ ဝေမျှဖို့ အခွင့်အရေး ရစေတယ်။ ဘေးကလူတွေနဲ့ စကားပြောဖို့ ကျွန်မမှာ အက္ခရာတွေရေးထားတဲ့ ကတ်ပြားတစ်ခု ရှိတယ်။ အက္ခရာတစ်ခု ပြတဲ့အခါ ကျွန်မ လိုချင်တာ မဟုတ်ရင် မျက်လုံး ပြူးပြတယ်။ ဟုတ်ရင် မျက်လုံး မှိတ်ပြတယ်။ ဒီလိုနဲ့ စကားလုံးတွေ၊ စာကြောင်းတွေ ဖြစ်လာတယ်။ ကျွန်မကို အချိန်အများကြီးပေးတဲ့ ညီအစ်မတချို့ဆို ကျွန်မ ပြောချင်တာကို ခန့်မှန်းတဲ့နေရာမှာ တော်တော် ကျွမ်းကျင်လာကြတယ်။ မှားတဲ့အခါလည်း ရယ်ရတာပေါ့။
“အသင်းတော် လုပ်ဆောင်မှုတွေမှာ ပါဝင်ရတာ ပျော်တယ်။ အစည်းအဝေးတွေကို ဗီဒီယိုနဲ့ ချိတ်ဆက် နားထောင်တယ်။ မှတ်ချက်တွေကို ရေးထားတယ်။ အဲဒါကို မေးဖြေဆွေးနွေးခန်းမှာ တစ်ယောက်ယောက်က ကျွန်မကိုယ်စား ဖတ်ပြတယ်။ သက်သေခံ အုပ်စုငယ်လေးနဲ့အတူ လစဉ် JW ရုပ်သံထုတ်လွှင့်မှု အစီအစဉ် ကြည့်ကြတယ်။ a
“အခုလို မလှုပ်နိုင်တာ ၂၃ နှစ် ရှိသွားပြီ။ တစ်ခါတလေတော့ ဝမ်းနည်းမိတာပေါ့။ ဒါပေမဲ့ ဆုတောင်းတယ်။ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်းတယ်။ ဘုရားအမှုတော်မှာ အလုပ်များနေတယ်။ ဒီလိုနဲ့ အချိန်တွေကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ အခုဆို အသင်းတော်ရဲ့ အကူအညီနဲ့ ကျွန်မ အရန်ရှေ့ဆောင်လုပ်တာ ခြောက်နှစ်တောင် ရှိသွားပြီ။ ကျွန်မသား အလက်ဆန်ဒရိုလည်း အိမ်ထောင်ကျပြီး အကြီးအကဲ ဖြစ်နေပါပြီ။ သူ့အတွက် စံနမူနာကောင်းသူ ဖြစ်ဖို့ ကျွန်မ အမြဲကြိုးစားတယ်။ သူနဲ့ သူ့ဇနီးက မှန်မှန်ရှေ့ဆောင် လုပ်နေကြတယ်။
“အနာဂတ် ပရဒိသုမှာ ကျွန်မ လုပ်နိုင်မယ့်အရာတွေကို တစ်ခါတစ်ခါ တွေးကြည့်မိတယ်။ ပထမတစ်ခုကတော့ ကျွန်မရဲ့ အသံနဲ့ ယေဟောဝါအကြောင်း ပြောပြမယ်။ ကျေးလက် စမ်းချောင်းနားမှာ လမ်းလျှောက်ရင်း လှပတဲ့ရှုခင်းတွေ ကြည့်မယ်။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လုံးလုံး ကျွန်မကို အစာပြွန်ကနေ အရည်တွေပဲ သွင်းပေးခဲ့ရတော့ ပန်းသီးတစ်လုံးလောက် အပင်ကနေ ခူးပြီး ကိုက်စားချင်လိုက်တာ။ အီတလီ လူမျိုးဆိုတော့ အီတလီအစားအစာတွေလည်း လုပ်စားမယ်။ ပီဇာလည်း ပါတာပေါ့။
“‘ကယ်တင်ခြင်း မျှော်လင့်ချက်’ က ကျွန်မရဲ့ စိတ်ကို ကာကွယ်ပေးတယ်။ (၁ သက်သာလောနိတ် ၅:၈) ကိုယ့်ကိုယ်ကိုယ် ကမ္ဘာသစ်မှာ ရောက်နေတယ်လို့ မြင်ယောင်ကြည့်တာက ကျွန်မကို ပျော်ရွှင်စေတယ်။ အခု ကျွန်မခံစားနေရတဲ့ ဝေဒနာတွေ မကြာခင် ပျောက်ကွယ်သွားမယ်ဆိုတာ တထစ်ချ ယုံတယ်။ နိုင်ငံတော်အားဖြင့် ဆောင်ကြဉ်းပေးမယ်လို့ ဘုရား ကတိပြုထားတဲ့ ‘စစ်မှန်တဲ့ အသက်’ ရဖို့ ကျွန်မ တအား မျှော်နေပြီ။”—၁ တိမောသေ ၆:၁၉။ မဿဲ ၆:၉၊ ၁၀။
a JW ရုပ်သံထုတ်လွှင့်မှု လင့်ခ်ကို jw.org မှာ တွေ့နိုင်။