၃ ယောဟန် ၁:၁-၁၄

  • နှုတ်ခွန်းဆက်စကား။ ဆုတောင်းချက် (၁-၄)

  • ဂါယုနဲ့ပတ်သက်တဲ့ ထောက်ခံချက် (၅-၈)

  • ဒယောတရပ်ရဲ့ ရည်မှန်းချက်ကြီးခြင်း (၉၊ ၁၀)

  • ဒေမေတရိ နာမည်ကောင်းရ (၁၁၊ ၁၂)

  • လာလည်ပတ်ဖို့ အစီအစဉ်များ။ နှုတ်ဆက်စကား (၁၃၊ ၁၄)

၁  အသက်ကြီးသူ*  ကျွန်တော်ယောဟန်က မေတ္တာစစ်နဲ့ ချစ်ခင်ရတဲ့ ဂါယုဆီ စာရေးလိုက်တယ်။ ၂  ချစ်ရတဲ့သူ၊ အခုလိုပဲ ကိုယ်စိတ်နှစ်ဖြာ  အမြဲ  ကျန်းမာချမ်းသာပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။ ၃  ခင်ဗျားက  အမှန်တရားလမ်းစဉ်မှာ အမြဲ   လျှောက်လှမ်းခဲ့သလိုပဲ အခုလည်း အမှန်တရားမှာ သစ္စာရှိနေတဲ့အကြောင်း ညီအစ်ကိုတချို့ ရောက်လာပြီး ပြောပြတဲ့အတွက် ကျွန်တော် သိပ်ဝမ်းသာတယ်။+ ၄  ကျွန်တော့်ရဲ့ သားသမီးတွေ အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေတဲ့အကြောင်း ကြားသိရတာထက် ပိုဝမ်းသာစရာကောင်းတဲ့ သတင်း* မရှိတော့ပါဘူး။+ ၅  ချစ်ရတဲ့ ဂါယု၊ ခင်ဗျားက မသိကျွမ်းတဲ့ ညီအစ်ကိုတွေအတွက် လုပ်ဆောင်ပေးခြင်းအားဖြင့် သစ္စာရှိမှုကို ဖော်ပြတယ်။+ ၆  အဲဒီညီအစ်ကိုတွေက ခင်ဗျားရဲ့ မေတ္တာအကြောင်း အသင်းတော်မှာ ပြန်ပြောပြကြတယ်။ သူတို့ ခရီးဆက်တဲ့အခါ  ဘုရားသခင် နှစ်သက်တဲ့အတိုင်း  ကူညီပေးလိုက်ပါ။+ ၇  သူတို့ဟာ လူမျိုးခြားတွေဆီကနေ ဘာအကူအညီမှ မယူဘဲ+ ဘုရားသခင့် နာမည်အကြောင်း ဟောပြောဖို့ ခရီးသွားနေသူတွေပါ။ ၈  အဲဒီလိုလူတွေကို ဧည့်ဝတ်ပြုရမယ့် တာဝန်  ရှိတယ်။+ ဒါမှ ကျွန်တော်တို့ဟာ အမှန်တရား ကြေညာတဲ့ လုပ်ငန်းမှာ လုပ်ဖော်ဆောင်ဖက်တွေ ဖြစ်ကြမှာပေါ့။+ ၉  အသင်းတော်ဆီ ကျွန်တော် စာရေးလိုက်သေးတယ်။ ဒါပေမဲ့ အသင်းတော်မှာ  ထိပ်ဆုံးနေရာ ရချင်တဲ့+ ဒယောတရပ်က  ကျွန်တော်တို့ ပြောသမျှကို  တလေးတစားနဲ့  လက်မခံဘူး။+ ၁၀  ဒါကြောင့် ကျွန်တော် လာရင် ကျွန်တော်တို့နဲ့ပတ်သက်ပြီး မလိုတမာစိတ်နဲ့ သူပြောခဲ့တာတွေကို ဖော်ထုတ်မယ်။+ သူက အဲဒီလိုပြောတာနဲ့တင် မကျေနပ်သေးဘဲ ညီအစ်ကိုတွေကို+ လေးလေးစားစား မကြိုဆိုဘူး၊ ကြိုဆိုချင်တဲ့သူတွေကိုလည်း တားဆီးပြီး  အသင်းတော်ကနေ  နှင်ထုတ်ဖို့ ကြိုးစားတယ်။ ၁၁  ချစ်ရတဲ့ ဂါယု၊ အဆိုးကို အတုမယူပါနဲ့။ အကောင်းကို အတုယူပါ။+ ကောင်းမွန်တာကို လုပ်တဲ့သူဟာ ဘုရားသခင်ရဲ့ ဘက်တော်သားပဲ။+ အဆိုးကို လုပ်တဲ့သူကတော့ ဘုရားသခင်ကို မသိတဲ့သူပဲ။+ ၁၂  ဒေမေတရိကတော့ ညီအစ်ကိုအားလုံးရှေ့မှာ နာမည်ကောင်း ရတယ်။ သူ့ရဲ့ အသက်ရှင်နေထိုင်ပုံက အမှန်တရားနဲ့ ကိုက်ညီတယ်။ ကျွန်တော်တို့ကလည်း သူ့ကို ထောက်ခံပါတယ်။ ကျွန်တော်တို့ ထောက်ခံတာ မှန်ကန်မှန်း ခင်ဗျား သိပါတယ်။ ၁၃  ခင်ဗျားကို ပြောစရာ အများကြီး ရှိပေမဲ့  စာနဲ့  မရေးချင်ဘူး။ ၁၄  မကြာခင် ခင်ဗျားနဲ့ တွေ့ရမယ်လို့ မျှော်လင့်တယ်။ အဲဒီအခါမှပဲ မျက်နှာချင်းဆိုင် စကားပြောကြတာပေါ့။ ငြိမ်သက်ခြင်း ခံစားရပါစေ။ ဒီမှာရှိတဲ့  မိတ်ဆွေတွေက  နှုတ်ခွန်းဆက်သလိုက်တယ်။  အဲဒီက မိတ်ဆွေအားလုံးကိုလည်း နှုတ်ဆက်ပေးပါ။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “အကြီးအကဲ။”
“ကျေးဇူးတင်စရာ အကြောင်းရင်း” လည်းဖြစ်နိုင်။