၂ ရှမွေလ ၁၉:၁-၄၃
၁၉ “မင်းကြီးက အဗရှလုံအတွက် ဝမ်းနည်းပူဆွေးပြီး ငိုကြွေးနေတယ်”+ ဆိုတဲ့သတင်း ယွာဘဆီ ရောက်လာတယ်။
၂ သားတော်အတွက် မင်းကြီး ဝမ်းနည်းနေတယ်ဆိုတဲ့ သတင်းကြောင့် အဲဒီနေ့မှာ အောင်ပွဲဟာ လူအားလုံးအတွက် ဝမ်းနည်းစရာ ဖြစ်သွားတယ်။
၃ အဲဒီနေ့မှာ လူတွေလည်း စစ်ရှုံးလို့ အရှက်တကွဲ ထွက်ပြေးလာသူတွေလို မြို့ထဲကို တိတ်တိတ်ဆိတ်ဆိတ် ဝင်လာကြတယ်။+
၄ ဒါဝိဒ်မင်းက မျက်နှာကိုဖုံးပြီး “ငါ့သား အဗရှလုံ။ ငါ့သား အဗရှလုံ။ ငါ့သားရယ်” လို့ အကျယ်ကြီး ငိုနေတော့တယ်။+
၅ ယွာဘလည်း စံအိမ်ထဲ ဝင်လာပြီး “မင်းကြီးရဲ့အသက်၊ သားတော်+ သမီးတော်တွေ၊+ မိဖုရားမောင်းမတွေရဲ့+ အသက်ကို ကယ်ခဲ့တဲ့ မင်းမှုထမ်းတွေကို ဒီနေ့ မင်းကြီး အရှက်ခွဲလိုက်တာပဲ။
၆ မင်းကြီးက ကိုယ့်ကို မုန်းတဲ့သူတွေကို ချစ်ပြီး ကိုယ့်ကို ချစ်တဲ့သူတွေကိုကျတော့ မုန်းတယ်။ ဗိုလ်ချုပ်တွေ၊ မင်းမှုထမ်းတွေဟာ မင်းကြီးအတွက် ဘာမှမဟုတ်ဘူးဆိုတာ ဒီနေ့ ပြလိုက်တာပဲ။ ဒီနေ့ အဗရှလုံပဲ အသက်ရှင်ပြီး ကျွန်တော်တို့အားလုံး သေသွားခဲ့ရင်တောင် မင်းကြီးအတွက် ကောင်းဦးမယ်ဆိုတာ ကျွန်တော် သိလိုက်ပြီ။
၇ အခု ထပါ။ မင်းမှုထမ်းတွေဆီ သွားပြီး အားပေးစကား ပြောလိုက်ပါဦး။ မသွားဘူးဆိုရင် ဒီည မင်းကြီးနားမှာ တစ်ယောက်မှ ရှိနေမှာမဟုတ်ဘူးဆိုတာ ယေဟောဝါဘုရားကို တိုင်တည်ပြီး ကျွန်တော် ကျိန်ပြောရဲတယ်။ ငယ်ငယ်ကတည်းကနေ အခုချိန်အထိ မင်းကြီးကြုံခဲ့ရတဲ့ ဒုက္ခတွေထဲမှာ ဒါဟာ အဆိုးဆုံး ဖြစ်ပါလိမ့်မယ်” လို့ပြောတယ်။
၈ ဒါဝိဒ်လည်း ထပြီး မြို့တံခါးမှာ ထိုင်တယ်။ “မြို့တံခါးမှာ မင်းကြီး ထိုင်နေတယ်” ဆိုတာကို ကြားသိရတဲ့အခါ လူတွေအားလုံး ရှေ့မှာ လာခစားကြတယ်။
စစ်ရှုံးသွားတဲ့ အစ္စရေးတွေကတော့ ကိုယ့်အိမ်ကိုယ့်ရာဆီ ထွက်ပြေးကြပြီ။+
၉ အစ္စရေးအနွယ်အားလုံးက “ငါတို့ကို ရန်သူတွေလက်ကနေ ကယ်တင်ခဲ့တာ မင်းကြီးပဲ။+ ဖိလိတိလူတွေလက်ကနေ ကယ်ခဲ့တာလည်း မင်းကြီးပဲ။ အခုတော့ အဗရှလုံကြောင့် တိုင်းပြည်ကနေ သူထွက်ပြေးနေရပြီ။+
၁၀ ငါတို့ဘိသိက်ပေးပြီး မင်းမြှောက်လိုက်တဲ့ အဗရှလုံက+ တိုက်ပွဲမှာ ကျဆုံးသွားပြီပဲ။+ အခု မင်းကြီးကို ပြန်မခေါ်ဘဲ ဘာလုပ်နေကြတာလဲ” ဆိုပြီး အချင်းချင်း ပြောကြတယ်။
၁၁ ဒါဝိဒ်မင်းလည်း ပုရောဟိတ်တွေဖြစ်တဲ့ ဇာဒုတ်နဲ့+ အဗျာသာဆီ+ လူလွှတ်ပြီး “‘အစ္စရေးတွေပြောနေတဲ့ စကားတွေက ငါနေတဲ့စံအိမ်အထိ ရောက်လာပြီ။ ငါ့ကို နန်းတော်ပြန်ခေါ်ဖို့ ဘာလို့ နောက်ကျနေတာလဲ။
၁၂ မင်းတို့ဟာ ငါ့ညီအစ်ကိုတွေ၊ ငါ့ရဲ့ သွေးသားရင်းချာတွေပါ။ ငါ့ကိုပြန်ခေါ်ဖို့ ဘာလို့ နောက်ကျနေတာလဲ’ ဆိုပြီး ယုဒအကြီးအကဲတွေကို+ ပြောလိုက်ပါ။
၁၃ အာမသကိုတော့+ ‘မင်းဟာ ငါ့ရဲ့သွေးသားရင်းချာပဲ။ ဒီတော့ အခုအချိန်ကစပြီး မင်းကို ယွာဘနေရာမှာ ဗိုလ်ချုပ်ခန့်လိုက်ပြီ။ ဒီလိုမခန့်ခဲ့ရင် ငါ့ကို ဘုရားသခင် ပြစ်ဒဏ်တစ်ခုပြီးတစ်ခု ပေးပါစေ’ လို့ပြောလိုက်”+ ဆိုပြီး မှာတယ်။
၁၄ ဒီနည်းနဲ့ ဒါဝိဒ်က ယုဒအမျိုးသားအားလုံးကို ပြန်စည်းရုံးနိုင်ခဲ့တယ်။ သူတို့လည်း “မင်းကြီးနဲ့ မင်းမှုထမ်းအားလုံး ပြန်လာကြပါ” လို့ စကားပါးလိုက်တယ်။
၁၅ ဒါဝိဒ်မင်းလည်း အပြန်ခရီးမှာ ဂျော်ဒန်မြစ်ကို ရောက်လာတယ်။ ယုဒအမျိုးသားတွေက မင်းကြီးကို ကြိုဆိုပြီး ဂျော်ဒန်မြစ်တစ်ဖက်ကမ်းကို ပြန်ခေါ်လာဖို့ ဂိလဂါလမြို့ကို+ လာကြတယ်။
၁၆ ဗာဟုရိမ်ရွာက ဗင်ယာမိန်အမျိုးသား ဂေရရဲ့သား ရှိမိလည်း+ ဒါဝိဒ်မင်းကို ကြိုဆိုဖို့ ယုဒအမျိုးသားတွေနဲ့အတူ မြန်မြန်ဆင်းလာတယ်။
၁၇ ရှိမိနဲ့အတူ ဗင်ယာမိန်အမျိုးသား ၁,၀၀၀ ပါလာတယ်။ ရှောလုအမျိုးရဲ့အမှုထမ်း ဇိဘလည်း+ သား ၁၅ ယောက်၊ ကျွန် ၂၀ နဲ့အတူ မင်းကြီးထက်အရင် ဂျော်ဒန်မြစ်ကို မြန်မြန်ဆင်းလာတယ်။
၁၈ သူက* မင်းကြီးရဲ့မိသားစုကို တစ်ဖက်ကမ်း ခေါ်လာဖို့၊ မင်းကြီးအလိုရှိသမျှ လုပ်ပေးဖို့ ရေတိမ်ပိုင်းကနေ ကူးလာတယ်။ ဂေရရဲ့သား ရှိမိကတော့ ဂျော်ဒန်မြစ်ကို မင်းကြီးဖြတ်ကူးခါနီးမှာ ပျပ်ဝပ်ပြီး၊
၁၉ “အရှင်မင်းကြီး၊ ကျွန်တော်ပြစ်မှားခဲ့တာကို ခွင့်လွှတ်ပါ။ ဂျေရုဆလင်မြို့ကနေ မင်းကြီးထွက်လာတဲ့နေ့တုန်းက ကျွန်တော်လုပ်ခဲ့တဲ့ အမှားကို မမှတ်ထားပါနဲ့။+ အဲဒါကို စိတ်ထဲမထားပါနဲ့။
၂၀ ကျွန်တော့်မှာ အပြစ်ရှိမှန်း သိပါတယ်။ ဒါကြောင့် ဒီနေ့ မင်းကြီးကို ကြိုဆိုဖို့ ယောသပ်အမျိုးထဲကနေ ကျွန်တော် ဦးဆုံးရောက်လာတာပါ” လို့လျှောက်တင်တယ်။
၂၁ ဇေရုယာရဲ့သား+ အဘိရှဲက+ ချက်ချင်းပဲ “ရှိမိဟာ ယေဟောဝါဘုရား ဘိသိက်ပေးထားသူကို ကျိန်ဆဲခဲ့တဲ့အတွက် သေဒဏ်ခံထိုက်တယ်”+ လို့ပြောတယ်။
၂၂ ဒါပေမဲ့ ဒါဝိဒ်က “ဇေရုယာရဲ့သားတို့၊ မင်းတို့က ငါ့ကို ဆန့်ကျင်ပြီးလုပ်ရအောင် မင်းတို့နဲ့ ဘာဆိုင်လို့လဲ။+ ဒီနေ့ အစ္စရေးပြည်မှာ တစ်ယောက်ယောက်ကို သေဒဏ်ပေးမှ ဖြစ်မှာလား။ အခု၊ ငါဟာ အစ္စရေးဘုရင် မဟုတ်ဘူးလား” လို့ပြောတယ်။
၂၃ ပြီးတော့ ရှိမိကိုလည်း “မင်းကို သေဒဏ်မပေးဘူး” လို့ ကတိပေးလိုက်တယ်။+
၂၄ ရှောလုရဲ့မြေး မေဖိဗောရှက်လည်း+ ဒါဝိဒ်မင်းကို ကြိုဆိုဖို့ ဆင်းလာတယ်။ သူဟာ မင်းကြီးထွက်သွားတဲ့နေ့ကစပြီး ချောချောမောမော ပြန်လာတဲ့နေ့အထိ ခြေထောက်ကို မဆေးဘူး။ နှုတ်ခမ်းမွေးကို မတိဘူး။ အဝတ်တွေကိုလည်း မလျှော်ဘူး။
၂၅ မင်းကြီးကို ကြိုဆိုဖို့ ဂျေရုဆလင်မြို့ကို* သူရောက်လာတဲ့အခါ မင်းကြီးက “မေဖိဗောရှက်၊ ငါနဲ့အတူ ဘာလို့ မလိုက်ခဲ့တာလဲ” လို့မေးတော့၊
၂၆ “အရှင်မင်းကြီး၊ အစေခံက+ ကျွန်တော့်ကို လှည့်စားခဲ့တာပါ။ ခြေမသန်တဲ့ ကျွန်တော်က+ ‘မြည်းပေါ်မှာ ကုန်းနှီးတင်ပေး။ မြည်းစီးပြီး မင်းကြီးနဲ့အတူ ငါလိုက်သွားမယ်’ လို့ပြောပေမဲ့၊
၂၇ သူက ကျွန်တော့်ကို မင်းကြီးဆီမှာ ကုန်းချောခဲ့ပါတယ်။+ ဒါပေမဲ့ မင်းကြီးဟာ စစ်မှန်တဲ့ဘုရားသခင်ရဲ့ ကောင်းကင်တမန်လိုပဲဆိုတော့ ကောင်းမယ်ထင်သလိုသာ လုပ်ပါ။
၂၈ မင်းကြီးက ကျွန်တော့်အဖေရဲ့ အိမ်သူအိမ်သားအားလုံးကို သတ်လို့ရပါလျက်နဲ့ ကျွန်တော့်ကို မင်းကြီးရဲ့စားပွဲမှာ စားသောက်ခွင့် ပေးထားပါပြီ။+ ဒါကြောင့် မင်းကြီးကို ထပ်ပြီးတောင်းဆိုပိုင်ခွင့် ကျွန်တော့်မှာ မရှိပါဘူး” လို့ဖြေတယ်။
၂၉ ဒါပေမဲ့ ဒါဝိဒ်က “ဆက်မပြောပါနဲ့တော့။ မင်းနဲ့ဇိဘကို လယ်မြေခွဲပေးဖို့ ငါဆုံးဖြတ်ပြီးပြီ”+ လို့ ပြောတဲ့အခါ၊
၃၀ မေဖိဗောရှက်က “သူ အားလုံးယူချင်ရင်လည်း ယူပါစေ။ အခု မင်းကြီးက နန်းတော်ကို ချောချောမောမော ပြန်ရောက်လာပြီပဲ” ဆိုပြီး ပြန်ပြောတယ်။
၃၁ ဂိလဒ်ပြည်သား ဗာဇိလဲက+ ဒါဝိဒ်ကို ဂျော်ဒန်မြစ်အထိ လိုက်ပို့ဖို့ ရောဂေလိမ်မြို့ကနေ ဂျော်ဒန်မြစ်ကို ဆင်းလာတယ်။
၃၂ ဗာဇိလဲဟာ အသက် ၈၀ ဆိုတော့ တော်တော်အိုမင်းနေပြီ။ သူက သိပ်ချမ်းသာတဲ့အတွက် မဟာနိမ်မြို့မှာ ဒါဝိဒ်ရှိနေတုန်း အစာရေစာတွေ ထောက်ပံ့ပေးခဲ့တယ်။+
၃၃ ဒါကြောင့် ဒါဝိဒ်က “ကျွန်တော်နဲ့အတူ တစ်ဖက်ကမ်းကို လိုက်ခဲ့ပါ။ ဂျေရုဆလင်ရောက်ရင် လိုလေသေးမရှိအောင် ကျွန်တော် စောင့်ရှောက်ပါ့မယ်”+ လို့ပြောတယ်။
၃၄ ဗာဇိလဲက “မင်းကြီးနဲ့အတူ ဂျေရုဆလင်မြို့ကို လိုက်သွားရင်လည်း ကျုပ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်ဦးမှာမို့လို့လဲ။
၃၅ အခုတောင် အသက် ၈၀ ရှိနေပြီ။+ ကောင်းမကောင်းကို မပိုင်းခြားနိုင်တော့ဘူး။ အစားအသောက်တွေကို အရသာ မခံနိုင်တော့ဘူး။ သီချင်းသံတွေကိုလည်း နားမဆင်နိုင်တော့ဘူး။+ ဒီတော့ မင်းကြီးအတွက် လူပိုပဲ ဖြစ်နေမှာပါ။
၃၆ မင်းကြီးကို ဂျော်ဒန်မြစ်အထိ လိုက်ပို့ပေးရတာကိုပဲ ကျေနပ်လှပါပြီ။ ဒီလိုဆုလာဘ်မျိုး ဘာလို့ပေးနေတာလဲ။
၃၇ ကျွန်တော့်ဇာတိမြို့ကိုပဲ ပြန်ပါရစေ။ မိဘတွေရဲ့ သင်္ချိုင်းမှာပဲ သေပါရစေ။+ ဒီမှာ မင်းကြီးရဲ့ကျွန် ခိမဟံရှိပါတယ်။+ သူ့ကို မင်းကြီးခေါ်သွားပြီး ကောင်းမယ်ထင်သလိုသာ စီမံပေးပါ” လို့ဖြေတယ်။
၃၈ ဒါဝိဒ်မင်းက “ကောင်းပြီ၊ ခိမဟံကို ခေါ်သွားမယ်။ ကောင်းမယ်ထင်သလို စီမံပေးလိုက်မယ်။ ခင်ဗျားတောင်းဆိုသမျှ လုပ်ပေးမယ်” လို့ပြောတယ်။
၃၉ ဒါနဲ့ လူအားလုံး ဂျော်ဒန်မြစ်ကို ဖြတ်ကူးကြတယ်။ မင်းကြီးက ထွက်ခွာခါနီးမှာ ဗာဇိလဲကို နမ်းပြီး+ ဆုမွန်ကောင်း တောင်းပေးတယ်။ ဗာဇိလဲလည်း အိမ်ပြန်သွားတယ်။
၄၀ မင်းကြီးက မြစ်ကိုဖြတ်ပြီး ဂိလဂါလမြို့ကို သွားတဲ့အခါ+ ခိမဟံလည်း လိုက်သွားတယ်။ ယုဒလူအားလုံးနဲ့ အစ္စရေးလူထက်ဝက်လောက်က မင်းကြီးကို တစ်ဖက်ကမ်းဆီ ခေါ်လာကြတယ်။+
၄၁ အဲဒီနောက် အစ္စရေးအမျိုးသားတွေက ဒါဝိဒ်မင်းဆီ လာပြီး “ကျွန်တော်တို့ရဲ့ညီအစ်ကို ယုဒအမျိုးသားတွေက မင်းကြီးကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်း ခေါ်သွားပြီး အခု မင်းကြီးနဲ့မိသားစုတွေ၊ မင်းကြီးရဲ့လူတွေကို ပြန်ခေါ်လာတယ်။ ကျွန်တော်တို့ကို အသိမပေးဘဲ ဘာလို့ ဒီလိုလုပ်ရတာလဲ”+ ဆိုပြီး ပြောကြတယ်။
၄၂ ယုဒအမျိုးသားတွေကလည်း “မင်းကြီးက ငါတို့ရဲ့ ဆွေမျိုးရင်းချာလေ။+ ငါတို့ကို ဘာလို့ စိတ်ဆိုးရတာလဲ။ ငါတို့က မင်းကြီးရဲ့ စားနပ်ရိက္ခာတွေကို စားရလို့လား။ ဆုလာဘ်တွေ ရထားလို့လား” ဆိုပြီး ပြန်ပြောတယ်။
၄၃ ဒါပေမဲ့ အစ္စရေးအမျိုးသားတွေက “ငါတို့က ဆယ်နွယ်တောင် ရှိတာ။ မင်းကြီးနဲ့ပတ်သက်ရင် ငါတို့က မင်းတို့ထက် လုပ်ပိုင်ခွင့်ပိုရှိတယ်။ ဒီတော့ ငါတို့ကို ဘာကြောင့် အလေးမထားရတာလဲ။ မင်းကြီးကို ဦးဆုံးပြန်ခေါ်လာသူဟာ ငါတို့ပဲ ဖြစ်သင့်တာပေါ့” လို့ပြန်ပြောတယ်။ ဒါပေမဲ့ ယုဒအမျိုးသားတွေရဲ့ စကားက အစ္စရေးအမျိုးသားတွေရဲ့ စကားကို လွှမ်းမိုးနိုင်ခဲ့တယ်။