၂ ရာဇဝင်ချုပ် ၇:၁-၂၂
၇ ရှောလမုန် ဆုတောင်းပြီးတာနဲ့+ ကောင်းကင်ကနေ မီးကျလာပြီး+ မီးရှို့ရာအလှူနဲ့ ပူဇော်သက္ကာတွေကို လောင်ကျွမ်းသွားတယ်။ အိမ်တော်လည်း ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်နေတယ်။+
၂ ယေဟောဝါရဲ့အိမ်တော်ဟာ ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်နေတဲ့အတွက် ပုရောဟိတ်တွေ ယေဟောဝါရဲ့အိမ်တော်ထဲ ဝင်လို့မရဘူး။+
၃ အစ္စရေးတွေက အဲဒီလို မီးကျလာတာ၊ အိမ်တော်ပေါ်မှာ ယေဟောဝါရဲ့ ဘုန်းအသရေ တည်နေတာကို မြင်တဲ့အခါ ကျောက်ခင်းကြမ်းပြင်ပေါ် ပျပ်ဝပ်ကြတယ်။ “ဘုရားသခင်ဟာ ကောင်းမြတ်တယ်။ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်” ဆိုပြီး ယေဟောဝါကို ကျေးဇူးတင်ကြတယ်။
၄ အဲဒီနောက် ရှောလမုန်မင်းနဲ့ လူအားလုံးက ယေဟောဝါရှေ့မှာ ပူဇော်သက္ကာတွေ ဆက်သကြတယ်။+
၅ ရှောလမုန်မင်းက နွား ၂၂,၀၀၀၊ သိုး ၁၂၀,၀၀၀ ပူဇော်တယ်။ ဒီနည်းနဲ့ မင်းကြီးနဲ့လူအားလုံးက စစ်မှန်တဲ့ဘုရားသခင်ရဲ့ အိမ်တော်အပ်နှံတဲ့ အခမ်းအနားကို လုပ်ကြတယ်။+
၆ ပုရောဟိတ်တွေက တာဝန်ကျတဲ့နေရာမှာ ရပ်နေတယ်။ လေဝိအမျိုးသားတွေလည်း ယေဟောဝါကို ချီးမွမ်းသီဆိုတဲ့အခါ တီးမှုတ်ဖို့ တူရိယာတွေကိုကိုင်ပြီး ရပ်နေတယ်။+ (ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းရာမှာ သုံးဖို့ ဒါဝိဒ်မင်း လုပ်ထားတဲ့ တူရိယာတွေပဲ။ ဒါဝိဒ်က သူတို့နဲ့အတူ ဘုရားသခင်ကို ချီးမွမ်းတဲ့အခါတိုင်း “ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်” ဆိုပြီး သီဆိုလေ့ရှိတယ်။) မျက်နှာချင်းဆိုင် ရပ်နေတဲ့ ပုရောဟိတ်တွေက ခရာကို အကျယ်ကြီး မှုတ်ကြတယ်။+ အဲဒီအချိန်မှာ အစ္စရေးအားလုံး ရပ်နေကြတယ်။
၇ ပြီးတော့ ရှောလမုန်က ယေဟောဝါရဲ့အိမ်တော်ရှေ့ ရင်ပြင်အလယ်မှာ မီးရှို့ရာအလှူတွေ၊+ မိတ်သဟာယ ပူဇော်သက္ကာတွေရဲ့ အဆီတွေကို ပူဇော်ရမှာဖြစ်လို့ အဲဒီနေရာကို ဆက်ကပ်လိုက်တယ်။ ရှောလမုန်လုပ်ထားတဲ့ ကြေးနီပလ္လင်မှာ+ မီးရှို့ရာပူဇော်သက္ကာတွေ၊ ကောက်နှံအလှူတွေနဲ့+ အဆီတွေ+ ပူဇော်ဖို့ နေရာမဆံ့လို့ပဲ။
၈ အဲဒီအချိန်မှာ ရှောလမုန်က ဟာမတ်လမ်းဝကနေ အီဂျစ်သဲချောင်းအထိ အရပ်ရပ်က ရောက်လာကြတဲ့ အစ္စရေးလူစုကြီးနဲ့အတူ ခုနစ်ရက်လုံး+ ပွဲတော်ကျင်းပတယ်။+
၉ ပူဇော်ရာပလ္လင် အပ်နှံပွဲကို ခုနစ်ရက်၊ ပွဲတော်ကို ခုနစ်ရက် ကျင်းပတယ်။ ရှစ်ရက်မြောက်နေ့* မှာတော့ အထူးအစည်းအဝေး ကျင်းပတယ်။+
၁၀ ရှောလမုန်က လူတွေကို ခုနစ်လပိုင်း၊ ၂၃ ရက်နေ့မှာ ပြန်လွှတ်လိုက်တယ်။ ဒါဝိဒ်၊ ရှောလမုန်နဲ့ အစ္စရေးလူမျိုးအတွက် ယေဟောဝါ လုပ်ဆောင်ပေးတဲ့ ကောင်းမြတ်မှုကြောင့် လူတွေ ဝမ်းသာကြည်နူးပြီး ကိုယ့်အိမ်ကိုယ့်ရာဆီ ပြန်သွားကြတယ်။+
၁၁ ဒီလိုနဲ့ ရှောလမုန်က ယေဟောဝါရဲ့အိမ်တော်နဲ့ နန်းတော်ကို တည်ဆောက်ပြီးသွားတယ်။+ ယေဟောဝါရဲ့အိမ်တော်၊ နန်းတော်နဲ့ပတ်သက်ပြီး သူလုပ်ချင်တာအားလုံး ပြီးမြောက်အောင်မြင်ခဲ့တယ်။+
၁၂ အဲဒီည ရှောလမုန်ရဲ့ အိပ်မက်ထဲမှာ ယေဟောဝါ ရောက်လာပြီး+ ပြောတယ်– “မင်းဆုတောင်းတာကို ငါကြားတယ်။ ပူဇော်သက္ကာဆက်သရာ အိမ်တော်အဖြစ် ဒီနေရာကို ငါ ရွေးချယ်လိုက်ပြီ။+
၁၃ ငါက မိုးကောင်းကင်ကို ပိတ်ပြီး မိုးခေါင်စေတဲ့အခါ၊ ပြည်ထွက်သီးနှံတွေကို ဖျက်ဆီးဖို့ နှံကောင်တွေ လွှတ်လိုက်တဲ့အခါ၊ ငါ့လူတွေအပေါ် ကပ်ရောဂါဘေး ကျရောက်စေတဲ့အခါ၊
၁၄ ငါ့နာမည်ခံယူထားတဲ့ လူမျိုးက+ စိတ်နှိမ့်ချလာပြီး+ မကောင်းတဲ့လမ်းစဉ်ကို ကျောခိုင်းမယ်၊+ ငါ့မျက်နှာသာရဖို့ အသနားခံဆုတောင်းမယ်ဆိုရင် ကောင်းကင်ကနေ ငါနားထောင်မယ်။ သူတို့အပြစ်ကို ခွင့်လွှတ်ပြီး သူတို့ပြည်ကို ပြန်ထူထောင်ပေးမယ်။+
၁၅ လူတွေ ဒီနေရာမှာ ဆုတောင်းတဲ့အခါ ငါ ဂရုတစိုက် နားထောင်မယ်။ သူတို့ကို ငါကြည့်နေမယ်။+
၁၆ ငါ့နာမည်ကို ထာဝစဉ်တည်စေဖို့ ဒီအိမ်တော်ကို ငါရွေးချယ်ပြီး သန့်ရှင်းမြင့်မြတ်စေပြီ။+ ဒါကြောင့် ဒီအိမ်တော်ကို ငါ အမြဲကြည့်ရှုစောင့်ရှောက်မယ်။+
၁၇ “မင်းက မင်းရဲ့ဖခင် ဒါဝိဒ်လို ငါ့ရှေ့မှာ လျှောက်လှမ်းမယ်၊ ငါမိန့်မှာသမျှအတိုင်း လုပ်ဆောင်မယ်၊ ငါ့စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေကို နာခံမယ်ဆိုရင်၊+
၁၈ ငါလည်း ‘အစ္စရေးပြည်ကို အုပ်ချုပ်တဲ့ မင်းရဲ့မျိုးဆက် ဘယ်တော့မှ မပြတ်စေရဘူး’ ဆိုပြီး မင်းရဲ့ဖခင် ဒါဝိဒ်နဲ့ ပဋိညာဉ်ဖွဲ့ခဲ့တဲ့အတိုင်း+ မင်းရဲ့ရာဇပလ္လင်ကို တည်မြဲစေမယ်။+
၁၉ ဒါပေမဲ့ မင်းက ငါပေးထားတဲ့ ပညတ်ချက်တွေ၊ ဥပဒေတွေကို ကျောခိုင်းပြီး ပစ်ပယ်မယ်၊ တခြားဘုရားတွေကို သွားပြီး ဦးချဝတ်ပြုမယ်ဆိုရင်၊+
၂၀ ငါလည်း ငါပေးထားတဲ့ပြည်ကနေ အစ္စရေးတွေကို နုတ်ပစ်မယ်။+ ငါ့နာမည်အတွက် သန့်ရှင်းမြင့်မြတ်စေတဲ့ ဒီအိမ်တော်ကို ငါ့ရှေ့ကနေ ဖယ်ရှားမယ်။ ဒီအိမ်တော်ကို လူမျိုးတွေအလယ်မှာ နှာခေါင်းရှုံ့စရာ၊ လှောင်ပြောင်စရာ ဖြစ်စေမယ်။+
၂၁ ဒီအိမ်တော်ဟာ အပျက်အယွင်းပုံကြီး ဖြစ်သွားမယ်။ လမ်းသွားလမ်းလာတွေက အံ့သြတကြီး ကြည့်ပြီး+ ‘ယေဟောဝါက ဒီပြည်နဲ့ ဒီအိမ်တော်ကို ဘာကြောင့် ဒီလိုလုပ်လိုက်တာပါလိမ့်’ ဆိုပြီး ပြောကြလိမ့်မယ်။+
၂၂ ပြီးတော့ ‘သူတို့က ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာခဲ့တဲ့ဘုရား+ ယေဟောဝါကို စွန့်ပစ်တဲ့အပြင်+ တခြားဘုရားတွေကို ဆည်းကပ်ပြီး ဦးချဝတ်ပြုခဲ့တာကိုး။+ ဒါကြောင့် ဘုရားက သူတို့ကို ဒီဘေးဆိုးတွေ ကြုံစေတာပေါ့’ ဆိုပြီး ပြောကြလိမ့်မယ်။”+
အောက်ခြေမှတ်ချက်များ
^ ပွဲတော်ပြီး နောက်တစ်နေ့၊ ၁၅ ရက်မြောက်နေ့။