၂ ဘုရင်များ ၁၉:၁-၃၇
၁၉ ဟေဇကိမင်းဟာ အဲဒီအကြောင်းကို ကြားတာနဲ့ ကိုယ့်အဝတ်ကို ဆွဲဆုတ်၊ အထည်ကြမ်းဝတ်ပြီး ယေဟောဝါရဲ့ အိမ်တော်ကို သွားတယ်။+
၂ ပြီးတော့ အထည်ကြမ်းဝတ်ထားတဲ့ နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ရှေဗနနဲ့ ပုရောဟိတ် အကြီးအကဲတွေကို အာမွတ်ရဲ့သား ပရောဖက်ဟေရှာယဆီ+ လွှတ်လိုက်တယ်။
၃ သူတို့က “‘ဒီနေ့ဟာ ဒုက္ခရောက်တဲ့နေ့၊ စော်ကားခံရတဲ့နေ့၊ အရှက်ကွဲတဲ့နေ့ပဲ။ သားဖွားချိန်ရောက်ပေမဲ့ သားဖွားဖို့ ခွန်အားမရှိတဲ့ အဖြစ်မျိုးပဲ။+
၄ အသက်ရှင်တဲ့ ဘုရားသခင်ကို ကဲ့ရဲ့ဖို့+ အဆီးရီးယားဘုရင် လွှတ်လိုက်တဲ့ ရာဗရှာခရဲ့ စကားတွေကို ယေဟောဝါဘုရား ကြားမှာပါ။ အဲဒီစကားတွေအတွက် သူ့ကို ယေဟောဝါဘုရား ဖြေရှင်းချက်တောင်းလိမ့်မယ်။ ဒါကြောင့် ကျန်နေသေးတဲ့လူတွေအတွက် ဆုတောင်းပေးပါ’+ ဆိုပြီး ဟေဇကိ မှာလိုက်ပါတယ်” လို့ ဟေရှာယကို ပြောကြတယ်။
၅ ဟေဇကိမင်းရဲ့ မင်းမှုထမ်းတွေ အဲဒီလိုပြောပြီးတဲ့နောက်၊+
၆ ဟေရှာယက “မင်းကြီးကို ပြောလိုက်ပါ။ ‘ယေဟောဝါဘုရား ပြောတာက– “ငါ့ကို အဆီးရီးယားဘုရင်ရဲ့ မင်းမှုထမ်းတွေ စော်ကားပြောဆိုနေတာကို+ ကြားရလို့ ကြောက်မနေနဲ့။+
၇ အဲဒီဘုရင်ရဲ့စိတ်ထဲမှာ ငါအကြံတစ်ခု ထည့်ပေးမယ်။ သူ သတင်းတစ်ခုကြားပြီး နေရင်းပြည်ကို ပြန်သွားလိမ့်မယ်။ သူ့ကို အဲဒီမှာပဲ ဓားဘေးနဲ့ ငါကျဆုံးစေမယ်”’”+ လို့ မှာတယ်။
၈ ရာဗရှာခဟာ လာခိရှမြို့ကနေ အဆီးရီးယားဘုရင် တပ်ဆုတ်သွားတဲ့ သတင်းကို ကြားတော့+ ဘုရင့်ဆီ ပြန်သွားတယ်။ အဲဒီအခါ လိဗနမြို့ကို ဘုရင်တိုက်ခိုက်နေတာ သူတွေ့လိုက်ရတယ်။+
၉ အဲဒီအချိန်မှာ အဆီးရီးယားဘုရင်က အီသီယိုးပီးယားဘုရင် တိရခါ “စစ်ချီလာပြီ” ဆိုတဲ့သတင်းကို ကြားတယ်။ ဒါနဲ့ ဟေဇကိမင်းဆီ တမန်တွေပြန်လွှတ်ပြီး၊+
၁၀ “ယုဒဘုရင် ဟေဇကိကို ပြောလိုက်– ‘မင်းအားကိုးနေတဲ့ ဘုရားသခင်က “ဂျေရုဆလင်မြို့ဟာ အဆီးရီးယားဘုရင်လက်ထဲ ရောက်မှာမဟုတ်ဘူး” ဆိုပြီး လှည့်စားနေတာကို လက်မခံနဲ့။+
၁၁ အဆီးရီးယားဘုရင်တွေက တိုင်းနိုင်ငံအားလုံးကို ဖျက်ဆီးပစ်တယ်ဆိုတာ မင်းကြားဖူးသားပဲ။+ မင်းကျမှ ငါ့လက်ကနေ လွတ်မတဲ့လား။
၁၂ ငါ့ရဲ့ဘိုးဘေးတွေ ဖျက်ဆီးပစ်ခဲ့တဲ့ လူမျိုးတွေရဲ့ဘုရားတွေက သူတို့ကို ကယ်တင်ခဲ့လို့လား။ ဂေါဇန်ပြည်သား၊ ခါရန်ပြည်သား၊+ ရေဇပ်ပြည်သားတွေ၊ တေလသာမြို့မှာနေထိုင်တဲ့ ဧဒင်လူမျိုးတွေ ဘယ်မှာရှိတော့လို့လဲ။
၁၃ ဟာမတ်ဘုရင်၊ အာပဒ်ဘုရင်၊ သေဖရဝိမ်မြို့၊ ဟေနမြို့နဲ့ အိဝါမြို့တို့ရဲ့ ဘုရင်တွေကော ဘယ်မှာရှိတော့လို့လဲ’”+ ဆိုပြီး ပြောခိုင်းလိုက်တယ်။
၁၄ ဟေဇကိမင်းက တမန်တွေဆီက စာတွေကို ယူဖတ်တယ်။ ပြီးတော့ ယေဟောဝါရဲ့ အိမ်တော်ကို တက်သွားပြီး ယေဟောဝါရှေ့မှာ စာတွေကိုဖြန့်ချထားတယ်။+
၁၅ အဲဒီနောက် ယေဟောဝါရှေ့မှာ ဟေဇကိ ဒီလိုဆုတောင်းတယ်-+ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ၊ ခေရုဗိမ်တွေပေါ်* စံမြန်းတဲ့အရှင်၊+ ကိုယ်တော် တစ်ပါးတည်းသာ ကမ္ဘာ့တိုင်းနိုင်ငံရှိသမျှကိုပိုင်တဲ့ စစ်မှန်တဲ့ဘုရားသခင်၊+ ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတဲ့အရှင် ဖြစ်ပါတယ်။
၁၆ ယေဟောဝါဘုရား၊ နားကိုစွင့်ပြီး နားထောင်ပေးပါ။+ ယေဟောဝါဘုရား၊ မျက်စိကိုဖွင့်ပြီး ကြည့်ရှုပေးပါ။+ အသက်ရှင်တဲ့ ဘုရားသခင်ကို ကဲ့ရဲ့ဖို့ သနာခရိပ်မှာလိုက်တဲ့ စကားတွေကို ကြားလှည့်ပါ။
၁၇ ယေဟောဝါဘုရား၊ အဆီးရီးယားဘုရင်တွေက လူမျိုးတွေနဲ့တိုင်းပြည်တွေကို ဖျက်ဆီးပစ်ခဲ့တယ်ဆိုတာ အမှန်ပါပဲ။+
၁၈ အဲဒီလူမျိုးတွေရဲ့ ဘုရားတွေကိုလည်း မီးရှို့ခဲ့ကြတယ်။ အဲဒီဘုရားတွေဟာ လူ့လက်နဲ့လုပ်ထားတဲ့အရာတွေ၊+ သစ်သားတွေ၊ ကျောက်တွေပဲ။ ဘုရားမှ မဟုတ်တာ။+ ဒါကြောင့် အဆီးရီးယားတွေ ဖျက်ဆီးနိုင်ခဲ့တာပါ။
၁၉ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါ၊ အခု အဆီးရီးယားဘုရင်ရဲ့ လက်ထဲကနေ ကယ်တင်ပေးပါ။ ဒါမှ ယေဟောဝါ တစ်ပါးတည်းသာ ဘုရားသခင်ဖြစ်မှန်း ကမ္ဘာ့တိုင်းနိုင်ငံအားလုံး သိကြပါလိမ့်မယ်။”+
၂၀ အဲဒီအခါ အာမွတ်ရဲ့သား ဟေရှာယက ဟေဇကိမင်းကို အခုလို သတင်းပါးလိုက်တယ်– “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါပြောတာက ‘အဆီးရီးယားဘုရင် သနာခရိပ်နဲ့ပတ်သက်ပြီး+ မင်းဆုတောင်းတာကို ငါကြားတယ်။+
၂၁ သူ့ကို ယေဟောဝါပြောတာက–
“ဇိအုန်သမီးပျိုက မင်းကို အထင်သေးပြီး လှောင်နေပြီ။
ဂျေရုဆလင်သမီးပျိုက မင်းကိုကြည့်ပြီး ခေါင်းခါနေပြီ။
၂၂ မင်း ဘယ်သူ့ကို ကဲ့ရဲ့နေတာလဲ။ ဘယ်သူ့ကို စော်ကားပြောဆိုနေတာလဲ။+
ဘယ်သူ့ကို အော်ကြီးဟစ်ကျယ် ပြောနေတာလဲ။+
ဘယ်သူ့ကို မောက်မာတဲ့အကြည့်နဲ့ ကြည့်နေတာလဲ။
အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ကို မဟုတ်လား။+
၂၃ မင်းက တမန်တွေလွှတ်ပြီး+ ယေဟောဝါကို ကဲ့ရဲ့တယ်။+
‘လက်ဘနွန်ရဲ့တောင်ထိပ်တွေ၊အစွန်အဖျားဒေသတွေကိုစစ်မြင်းရထားအလုံးအရင်းနဲ့ ငါတက်မယ်။
မြင့်မားတဲ့ သစ်ကတိုးပင်တွေ၊ အကောင်းဆုံး ဂျူနီပါထင်းရှူးပင်တွေကို ခုတ်လှဲမယ်။
ဝေးလံလှတဲ့ ဆိတ်ငြိမ်ရာအရပ်တွေထဲ၊ တောနက်ကြီးတွေထဲ ငါဝင်မယ်။
၂၄ ရေတွင်းတွေတူးပြီး မသောက်ဖူးတဲ့ ရေကို ငါသောက်မယ်။
အီဂျစ်ချောင်းတွေကို ငါ့ခြေဖဝါးနဲ့ ခန်းခြောက်စေမယ်’ လို့ပြောတယ်။
၂၅ မင်း မကြားဖူးဘူးလား။
ဟိုးအရင်ကတည်းက ဒါကို ငါဆုံးဖြတ်ထားပြီးသားပဲ။+
ရှေးကတည်းက ငါပြင်ဆင်ထားပြီးသားပဲ။+
အခု အဲဒါကို အကောင်အထည် ဖော်တော့မယ်။+
မင်းက ခံတပ်မြို့တွေကို အပျက်အယွင်းပုံကြီး ဖြစ်စေမယ်။+
၂၆ ဒါကြောင့် အဲဒီမြို့သူမြို့သားတွေ ခိုကိုးရာမဲ့ဖြစ်သွားမယ်။
ထိတ်လန့်ပြီး အရှက်ကွဲကုန်မယ်။
အရှေ့လေကြောင့် ခြောက်သွေ့သွားတဲ့ တောမြက်ပင်တွေ၊+မြက်စိမ်းတွေ၊ ခေါင်မိုးပေါ်က မြက်ပင်တွေလို ဖြစ်သွားမယ်။
၂၇ ဒါပေမဲ့ မင်း ထိုင်နေတာ၊ ဝင်ထွက်သွားလာနေတာ၊+ငါ့ကို ဒေါသထွက်နေတာတွေ ငါကောင်းကောင်းသိတယ်။+
၂၈ မင်း ငါ့ကိုဒေါသထွက်ပြီး+ ကြိမ်းမောင်းနေတာကို ငါကြားတယ်။+
ဒါကြောင့် မင်းရဲ့နှာခေါင်းကို ချိတ်နဲ့ချိတ်ပြီး ပါးစပ်မှာ ဇက်ခွံ့မယ်။+
လာလမ်းအတိုင်း လှည့်ပြန်စေမယ်။”+
၂၉ “‘ဟေဇကိအတွက် နိမိတ်ကတော့– အလိုလိုပေါက်တဲ့ သီးနှံတွေကို ဒီနှစ်မှာ စားရလိမ့်မယ်။ အဲဒီကနေပေါက်လာတဲ့ ကောက်နှံတွေကို ဒုတိယနှစ်မှာ စားရလိမ့်မယ်။+ တတိယနှစ်မှာတော့ မျိုးစေ့ကြဲပြီး ရိတ်သိမ်းရလိမ့်မယ်။ စပျစ်ခြံတွေစိုက်ပျိုးပြီး စပျစ်သီးတွေ စားရလိမ့်မယ်။+
၃၀ ယုဒအမျိုးထဲက အသက်ရှင်ကျန်ရစ်ပြီး လွတ်မြောက်သွားသူတွေဟာ+ သစ်ပင်တွေလို အမြစ်စွဲပြီး သီးပွင့်လိမ့်မယ်။
၃၁ ကျန်ကြွင်းသူတွေ ဂျေရုဆလင်မြို့ကနေ ထွက်လာလိမ့်မယ်။ အသက်ရှင်ကျန်ရစ်သူတွေက ဇိအုန်တောင်ကနေ ထွက်လာလိမ့်မယ်။ ဗိုလ်ခြေတို့ရဲ့အရှင်၊ စိတ်ထက်သန်တဲ့ဘုရား ယေဟောဝါက ဒါကို လုပ်ဆောင်မယ်။+
၃၂ “‘ဒါကြောင့် အဆီးရီးယားဘုရင်နဲ့ ပတ်သက်ပြီး ယေဟောဝါပြောတာက–+
“သူ ဒီမြို့ထဲ ဝင်ရမှာမဟုတ်ဘူး။+
မြို့ထဲကို မြားတစ်စင်းမှ ပစ်ရမှာ မဟုတ်ဘူး။
ဒိုင်းလွှားကိုင်ပြီး တိုက်ရမှာ မဟုတ်ဘူး။
ထိုးစစ်ကုန်းရိုးကိုလည်း တည်ဆောက်ရမှာ မဟုတ်ဘူး။”’+
၃၃ ငါယေဟောဝါရဲ့အမိန့်ကတော့– “သူဟာ လာလမ်းအတိုင်း လှည့်ပြန်ရလိမ့်မယ်။
ဒီမြို့ထဲ ဝင်ရမှာ မဟုတ်ဘူး။
၃၄ ငါ့နာမည်အတွက်၊+ ငါ့ကျွန်ဒါဝိဒ်အတွက်+ဒီမြို့ကို ငါကာကွယ်မယ်၊ ကယ်တင်မယ်။”’”+
၃၅ အဲဒီညမှာပဲ ယေဟောဝါရဲ့ ကောင်းကင်တမန်တစ်ပါး ထွက်လာပြီး အဆီးရီးယား တပ်စခန်းမှာရှိတဲ့ စစ်သည် ၁၈၅,၀၀၀ ကို ကွပ်မျက်လိုက်တယ်။+ မနက်စောစော လူတွေနိုးလာချိန်မှာ အလောင်းတွေကိုပဲ တွေ့ရတယ်။+
၃၆ ဒါကြောင့် အဆီးရီးယားဘုရင် သနာခရိပ်လည်း ဆုတ်ခွာပြီး နိနဝေမြို့မှာ+ သွားနေထိုင်တယ်။+
၃၇ သနာခရိပ်က သူကိုးကွယ်တဲ့ဘုရား နိသရုတ်ရဲ့ ဗိမာန်မှာ ဦးချနေတုန်း သားတော် အာဒရာမေလက်နဲ့ ရှရေဇာက သူ့ကိုလုပ်ကြံပြီး+ အာရရတ်ပြည်ကို ထွက်ပြေးသွားတယ်။+ သားတော် ဧသရဟဒုန်+ ထီးနန်းဆက်ခံတယ်။
အောက်ခြေမှတ်ချက်များ
^ “ခေရုဗိမ်တွေကြားမှာ” လည်းဖြစ်နိုင်။