၁ ဘုရင်များ ၂၁:၁-၂၉

  • နာဗုတ်ရဲ့စပျစ်ခြံကို အာဟပ်လိုချင် (၁-၄)

  • နာဗုတ်သေအောင် ယေဇဗေလ ဉာဏ်ဆင် (၅-၁၆)

  • အာဟပ်အတွက် ဧလိယရဲ့သတင်းစကား (၁၇-၂၆)

  • အာဟပ် နှိမ့်ချမှုပြ (၂၇-၂၉)

၂၁  အဲဒီနောက် ယေဇရေလမြို့သား+ နာဗုတ်ရဲ့ စပျစ်ခြံနဲ့ ပတ်သက်တဲ့  ဖြစ်ရပ်တစ်ခု  ဖြစ်လာတယ်။ အဲဒီစပျစ်ခြံက ယေဇရေလမြို့မှာရှိတဲ့ ရှမာရိဘုရင်အာဟပ်ရဲ့ နန်းတော်ဘေးမှာ ရှိတယ်။ ၂  အာဟပ်မင်းက “နန်းတော်ဘေးမှာရှိတဲ့ မင်းရဲ့ စပျစ်ခြံကို ငါ့ကိုအပ်ပါ။ ဟင်းသီးဟင်းရွက်ခြံ လုပ်ချင်တယ်။ အဲဒီခြံအစား ပိုကောင်းတဲ့ စပျစ်ခြံကို ငါပေးမယ်။ ဒါမှမဟုတ် စပျစ်ခြံအတွက် တန်ရာတန်ကြေး ပေးဆိုရင်လည်း ပေးမယ်” လို့ ကမ်းလှမ်းပေမဲ့၊ ၃  နာဗုတ်က “ဘိုးဘေးတွေရဲ့ အမွေမြေကို မင်းကြီးကိုပေးဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ယေဟောဝါဘုရား တားမြစ်ထားလို့ပါ”+ ဆိုပြီးပြန်ဖြေတယ်။ ၄  ယေဇရေလမြို့သား နာဗုတ်က “ဘိုးဘေးတွေရဲ့အမွေမြေကို မင်းကြီးကို မပေးနိုင်ပါဘူး” လို့ပြောတဲ့အတွက် အာဟပ်မင်းလည်း မျက်နှာ မသာမယာဖြစ်ပြီး နန်းတော်ကို စိတ်ပျက်လက်ပျက် ပြန်သွားတယ်။ ပြီးတော့ အိပ်ရာပေါ်မှာ လှဲပြီး နံရံဘက်ကို မျက်နှာလှည့်ထားတယ်။ အစာလည်း မစားဘူး။ ၅  အဲဒီအခါ မိဖုရားယေဇဗေလ+ ဝင်လာပြီး  “မောင်တော်၊  မစားမသောက်နိုင်လောက်အောင် ဘာများ စိတ်ညစ်စရာရှိလို့လဲ” လို့ မေးတော့၊ ၆  အာဟပ်မင်းက  “ယေဇရေလမြို့သား နာဗုတ်ကို ‘မင်းရဲ့ စပျစ်ခြံကို ရောင်းပါ။ ဒါမှမဟုတ် အဲဒီခြံအစား တခြားစပျစ်ခြံကို  ပေးဆိုရင်လည်း ပေးမယ်’ လို့ကမ်းလှမ်းပေမဲ့ သူက ‘မပေးနိုင်ပါဘူး’  တဲ့” ဆိုပြီးဖြေတယ်။ ၇  မိဖုရားယေဇဗေလက  “မောင်တော်ဟာ အစ္စရေးပြည်ရဲ့ ဘုရင်ပဲ။ ထပြီး တစ်ခုခုသုံးဆောင်ပါ။ ပျော်ပျော်သာ နေပါ။ ယေဇရေလမြို့သား နာဗုတ်ရဲ့ စပျစ်ခြံကို ရအောင် ကျွန်မလုပ်ပေးမယ်”+ လို့ပြောတယ်။ ၈  ပြီးတော့ ယေဇဗေလက  အာဟပ်ရဲ့နာမည်နဲ့ စာတွေရေး၊ တံဆိပ်တော် ခတ်နှိပ်ပြီး+ နာဗုတ်ရဲ့မြို့က အကြီးအကဲတွေ၊+ မှူးမတ်တွေဆီ ပို့လိုက်တယ်။ ၉  စာထဲမှာ “အစာရှောင်မယ့်နေ့ကို ကြေညာပြီး နာဗုတ်ကို လူတွေရှေ့မှာ ထိုင်ခိုင်းပါ။ ၁၀  လူဖျင်းနှစ်ယောက်က သူ့ရှေ့မှာ ထိုင်ပြီး ‘မင်းဟာ ဘုရားသခင်နဲ့ ဘုရင်ကို ကျိန်ဆဲတဲ့သူပဲ’+ လို့ သက်သေထွက်ဆိုစေ။+ အဲဒီနောက်  သူ့ကို  မြို့ပြင်ထုတ်၊ ကျောက်ခဲနဲ့ပေါက်သတ်စေ”+ ဆိုပြီး ရေးထားတယ်။ ၁၁  နာဗုတ်ရဲ့  နေရင်းမြို့မှာရှိတဲ့ အကြီးအကဲတွေ၊ မှူးမတ်တွေလည်း ယေဇဗေလရဲ့စာမှာ ပါတဲ့အတိုင်း လုပ်ကြတယ်။ ၁၂  အစာရှောင်တဲ့နေ့ကို သူတို့ ကြေညာပြီး နာဗုတ်ကို လူတွေရှေ့မှာ ထိုင်ခိုင်းတယ်။ ၁၃  အဲဒီအချိန်မှာ လူဖျင်းနှစ်ယောက် ဝင်လာပြီး နာဗုတ်ရှေ့မှာ ထိုင်တယ်။ “နာဗုတ်ဟာ ဘုရားသခင်နဲ့ ဘုရင်ကို ကျိန်ဆဲတဲ့သူပဲ”+  ဆိုပြီး  လူတွေရှေ့မှာ သက်သေထွက်ဆိုတယ်။ ပြီးတော့ သူ့ကို မြို့ပြင်ထုတ်ပြီး  ကျောက်ခဲနဲ့ပေါက်သတ်လိုက်တယ်။+ ၁၄  အဲဒီနောက် ယေဇဗေလဆီ လူလွှတ်ပြီး “နာဗုတ်ကို ကျောက်ခဲနဲ့ ပေါက်သတ်လိုက်ပြီ”+ ဆိုပြီး သတင်းပို့တယ်။ ၁၅  နာဗုတ်ကို ကျောက်ခဲနဲ့ ပေါက်သတ်လိုက်ပြီဆိုတဲ့ သတင်းကို ကြားတာနဲ့ ယေဇဗေလက “မောင်တော့်ကို စပျစ်ခြံ မရောင်းချင်တဲ့ ယေဇရေလမြို့သား နာဗုတ် မရှိတော့ဘူး၊ သေသွားပြီ။ အခု သူ့စပျစ်ခြံကို သွားသိမ်းပါတော့”+ လို့ အာဟပ်မင်းကို ပြောတယ်။ ၁၆  နာဗုတ် သေပြီဆိုတာလည်း ကြားရော အာဟပ်မင်းက စပျစ်ခြံကို သိမ်းဖို့ ထသွားတယ်။ ၁၇  အဲဒီအခါ ယေဟောဝါက တိရှဘိရွာသား ဧလိယကို+ ပြောတယ်– ၁၈  “အခု ထပြီး ရှမာရိမြို့ကို+ သွားပါ။ အစ္စရေးဘုရင် အာဟပ်ကို သွားတွေ့ပါ။ နာဗုတ်ရဲ့ စပျစ်ခြံကို သိမ်းဖို့ စပျစ်ခြံထဲ ရောက်နေတယ်။ ၁၉  သူ့ကို ပြောလိုက်ပါ။ ‘ယေဟောဝါ ပြောတာက– “လူကိုသတ်ရုံမက+ သူပိုင်တဲ့မြေကိုပါ မင်း သိမ်းလိုက်ပြီလား။”+ ဒါကြောင့် ယေဟောဝါပြောတာက “ခွေးတွေက နာဗုတ်ရဲ့သွေးကို လျက်တဲ့နေရာမှာပဲ မင်းရဲ့သွေးကိုလည်း လျက်လိမ့်မယ်။”’”+ ၂၀  အဲဒီအခါ အာဟပ်မင်းက “ရန်သူကြီး၊+ မင်း ငါ့ကို ရှာတွေ့ပြီပေါ့” လို့မေးတော့ ဧလိယက “ဟုတ်တယ်၊ ရှာတွေ့ပြီ။ ဘုရားသခင် ပြောတာက ‘မင်းဟာ ငါယေဟောဝါရှေ့မှာ မကောင်းတာတွေလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက်၊+ ၂၁  မင်းအပေါ် ငါဘေးဆိုးကျရောက်စေပြီး မင်းကို ရှင်းထုတ်မယ်။ အစ္စရေးပြည်က ခိုကိုးရာမဲ့သူနဲ့ နိမ့်ကျသူအပါအဝင် အာဟပ်အမျိုးထဲက ယောက်ျားမှန်သမျှကို ငါပယ်ရှင်းမယ်။+ ၂၂  ငါ့ကို အမျက်ထွက်အောင်လုပ်ပြီး အစ္စရေးတွေကို အပြစ်ကျူးလွန်စေတဲ့အတွက် မင်းရဲ့အမျိုးကို နေဗတ်ရဲ့သား ယေရောဗောင်ရဲ့အမျိုးလို၊+ အဟိယရဲ့သား ဗာရှာရဲ့အမျိုးလို+ ငါဖြစ်စေမယ်။’ ၂၃  ယေဇဗေလနဲ့ ပတ်သက်ပြီးတော့လည်း ယေဟောဝါ ပြောတာက ‘ယေဇရေလမြို့က မြေကွက်မှာ ယေဇဗေလကို ခွေးတွေစားလိမ့်မယ်။+ ၂၄  အာဟပ်အမျိုးထဲက ဘယ်သူမဆို မြို့ထဲမှာသေရင် ခွေးတွေစားလိမ့်မယ်။ မြို့ပြင်မှာသေရင် ငှက်တွေစားလိမ့်မယ်။+ ၂၅  မိဖုရားယေဇဗေလရဲ့ သွေးထိုးမှုကြောင့်+ ယေဟောဝါရှေ့မှာ မကောင်းတာတွေလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အာဟပ်လို ဘုရင်မျိုး မရှိခဲ့ဖူးဘူး။+ ၂၆  အာဟပ်က အစ္စရေးတွေရှေ့ကနေ ယေဟောဝါနှင်ထုတ်ခဲ့တဲ့ အာမောရိလူတွေလိုပဲ ရွံမုန်းဖွယ်ရုပ်တုတွေကို* ကိုးကွယ်တယ်။ ဒီနည်းနဲ့ ရွံမုန်းစရာအကောင်းဆုံး လုပ်ရပ်ကို လုပ်ခဲ့တယ်’”+ ဆိုပြီး အာဟပ်မင်းကို ပြန်ပြောတယ်။ ၂၇  အာဟပ်မင်းက ဧလိယပြောတဲ့ စကားကိုလည်း ကြားရော အဝတ်ကိုဆွဲဆုတ်၊ အထည်ကြမ်းဝတ်ပြီး အစာရှောင်တယ်။  အိပ်တဲ့အခါလည်း အထည်ကြမ်းနဲ့ပဲ။ သွားလာတဲ့အခါလည်း မှိုင်တွေတွေဖြစ်နေတယ်။ ၂၈  အဲဒီအခါ ယေဟောဝါက တိရှဘိရွာသား ဧလိယကို၊ ၂၉  “ငါ့စကားကြောင့် အာဟပ် ဘယ်လောက်တောင် နှိမ့်ချသွားသလဲဆိုတာ+  မင်းတွေ့တယ်မဟုတ်လား။ ငါ့ရှေ့မှာ အဲဒီလိုနှိမ့်ချတဲ့အတွက် ဒီဘေးဆိုးကို သူ့လက်ထက်မှာ မဟုတ်ဘဲ သူ့သားလက်ထက်ကျမှပဲ သူ့အမျိုးပေါ် ငါကျရောက်စေမယ်”+ လို့ပြောတယ်။

အောက်ခြေမှတ်ချက်များ

မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်။