ယေရမိ ၇:၁-၃၄

  • ယေဟောဝါရဲ့ အိမ်တော်ကို တလွဲကိုးစား (၁-၁၁)

  • ဗိမာန်တော် ရှိလောအရပ်လို ဖြစ်သွားမယ် (၁၂-၁၅)

  • မှားယွင်းတဲ့ကိုးကွယ်မှုကို တားမြစ် (၁၆-၃၄)

    • “ကောင်းကင်မိဖုရား” ကိုးကွယ်မှု (၁၈)

    • ဟိန်နုံချိုင့်ဝှမ်းမှာ သားသမီး မီးရှို့ပူဇော် (၃၁)

 ယေဟောဝါက ယေရမိကို ပြောတယ်– ၂  “ယေဟောဝါရဲ့ အိမ်တော်တံခါးမှာ ရပ်ပြီး ဒီသတင်းကို ကြေညာပါ– ‘ယေဟောဝါကို ဦးညွှတ်ဖို့ ဒီတံခါးတွေထဲ ဝင်လာတဲ့ ယုဒလူအပေါင်းတို့၊ ယေဟောဝါရဲ့စကားကို နားထောင်ကြပါ။ ၃  အစ္စရေးတို့ရဲ့ ဘုရားသခင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– “မင်းတို့ရဲ့ လမ်းစဉ်တွေ၊ လုပ်ရပ်တွေကို ပြုပြင်ပြောင်းလဲကြပါ။ ဒါဆိုရင် ဒီနေရာမှာ ဆက်နေထိုင်ခွင့်ပေးမယ်။+ ၄  လှည့်စားတဲ့စကားကို မယုံကြနဲ့။ ‘ဒါဟာ ယေဟောဝါရဲ့ ဗိမာန်တော်၊ ယေဟောဝါရဲ့ ဗိမာန်တော်၊ ယေဟောဝါရဲ့ ဗိမာန်တော်ပဲ’ လို့ မပြောကြနဲ့။+ ၅  မင်းတို့ရဲ့လမ်းစဉ်တွေ၊ လုပ်ရပ်တွေကို တကယ် ပြုပြင်ပြောင်းလဲမယ်ဆိုရင်၊ လူနှစ်ယောက် အမှုအခင်းဖြစ်တဲ့အခါ တရားမျှတစွာ စီရင်ပေးမယ်ဆိုရင်၊+ ၆  တိုင်းတစ်ပါးသားတွေ၊ မိဘမဲ့တွေ၊ မုဆိုးမတွေကို မဖိနှိပ်ဘူးဆိုရင်၊+ ဒီနေရာမှာ အပြစ်မဲ့သူကို မသတ်ဘူးဆိုရင်၊ တခြားဘုရားတွေနောက်ကို လိုက်ပြီး ကိုယ်ကျိုးနည်းအောင် မလုပ်ဘူးဆိုရင်၊+ ၇  ဘိုးဘေးတွေ အမြဲပိုင်ဆိုင်ဖို့ ငါပေးထားတဲ့ ဒီပြည်၊ ဒီနေရာမှာ မင်းတို့ကို ဆက်ပြီးနေထိုင်ခွင့်ပေးမယ်။”’” ၈  “ဒါပေမဲ့ မင်းတို့က လှည့်စားတဲ့ စကား၊ အကျိုးမရှိတဲ့ စကားတွေကို ယုံနေတယ်။+ ၉  ခိုးတာ၊+ လူသတ်တာ၊ အိမ်ထောင်ရေးဖောက်ပြန်တာ၊ မဟုတ်မမှန် ကျိန်ဆိုတာ၊+ ဗာလဆီ ယဇ်ပူဇော်တာ၊+ ကိုယ်မသိတဲ့ဘုရားတွေနောက် လိုက်တာတွေကို လုပ်နေလျက်နဲ့၊ ၁၀  ငါ့နာမည်ခံယူထားတဲ့ ဒီအိမ်တော်ကို လာပြီး ငါ့ရှေ့မှာ ရပ်နေသင့်သလား။ ဒီလိုရွံစရာကောင်းတာတွေကို လုပ်နေလျက်နဲ့ ‘ငါတို့ ကယ်တင်ခံရမှာပါ’ လို့ပြောသင့်သလား။ ၁၁  ငါ့နာမည်ခံယူထားတဲ့ ဒီအိမ်ကို ဓားပြခိုအောင်းတဲ့နေရာ မှတ်နေလား။+ မင်းတို့လုပ်နေတာတွေကို ငါမြင်တယ်” လို့ ယေဟောဝါပြောတယ်။ ၁၂  “‘အခု၊ ငါ့နာမည်တည်စေဖို့ ဦးဆုံးရွေးချယ်ခဲ့တဲ့+ ရှိလောအရပ်က+ သန့်ရှင်းရာဌာနတော်ဆီ သွားပါ။ ငါ့လူမျိုး အစ္စရေးတွေရဲ့ မကောင်းမှုကြောင့် အဲဒီနေရာကို ငါဘာလုပ်ခဲ့သလဲဆိုတာ ကြည့်လိုက်ပါ။+ ၁၃  ဒါပေမဲ့ မင်းတို့က အဲဒါတွေကို ဆက်လုပ်နေတုန်းပဲ’ လို့ ယေဟောဝါ ပြောတယ်။ ‘ငါ အထပ်ထပ်ပြောတာတောင် နားမထောင်ကြဘူး။+ ငါ အကြိမ်ကြိမ်ခေါ်ပေမဲ့ ပြန်မထူးကြဘူး။+ ၁၄  ဒါကြောင့် မင်းတို့ ယုံကြည်ကိုးစားနေတဲ့ ဒီအိမ်တော်၊+ ငါ့နာမည်ခံယူထားတဲ့ ဒီအိမ်တော်၊+ မင်းတို့နဲ့ ဘိုးဘေးတွေဆီ ပေးခဲ့တဲ့ ဒီနေရာကို ရှိလောအရပ်ကို လုပ်ခဲ့သလို ငါလုပ်ပစ်မယ်။+ ၁၅  ဧဖရိမ်ရဲ့ သားမြေးတွေဖြစ်တဲ့ မင်းတို့ရဲ့ ညီနောင်အားလုံးကို ငါနှင်ထုတ်ခဲ့သလို မင်းတို့ကိုလည်း ငါ့ရှေ့ကနေ နှင်ထုတ်မယ်။’+ ၁၆  “မင်းကတော့ ဒီလူတွေအတွက် ဆုမတောင်းပေးနဲ့။ သူတို့အတွက် ငါ့ဆီ အော်ဟစ်အကူအညီတောင်းတာ၊ ဆုတောင်းတာ၊ အသနားခံတာတွေ မလုပ်နဲ့။+ ငါနားထောင်မှာ မဟုတ်ဘူး။+ ၁၇  ယုဒရဲ့မြို့တွေ၊ ဂျေရုဆလင်ရဲ့ လမ်းတွေမှာ သူတို့ဘာတွေလုပ်နေမှန်း မင်းမမြင်ဘူးလား။ ၁၈  ကောင်းကင်မိဖုရားကို*+ မုန့်ပူဇော်ဖို့ သားတွေက ထင်းကောက်တယ်၊ ဖခင်တွေက မီးမွှေးတယ်၊ အိမ်ရှင်မတွေက မုန့်နယ်တယ်။ တခြားဘုရားတွေကို သွန်းလောင်းရာ ပူဇော်သက္ကာတွေ သွန်းလောင်းပြီး ငါစိတ်ဆိုးအောင် လုပ်ကြတယ်။+ ၁၉  ‘သူတို့ ထိခိုက်အောင်* လုပ်နေတာ ငါ့ကိုလား။ တကယ်တော့ သူတို့ပဲ ထိခိုက်ပြီး အရှက်ကွဲရတာ မဟုတ်လား’+ လို့ ယေဟောဝါ ပြောတယ်။ ၂၀  ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက ‘ဒီနေရာအပေါ်၊ လူတွေနဲ့ တိရစ္ဆာန်တွေ၊ တောသစ်ပင်တွေနဲ့ မြေထွက်သီးနှံတွေအပေါ် ငါ့အမျက်ဒေါသကို သွန်းလောင်းမယ်။+ ငါ့ဒေါသမီးဟာ မငြိမ်းတမ်း တောက်လောင်လိမ့်မယ်’+ လို့ပြောတယ်။ ၂၁  “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက– ‘ဆက်လုပ်ကြ။ တခြားပူဇော်သက္ကာတွေအပြင် အကုန်အစင် မီးရှို့ရာအလှူတွေကိုပါ ထပ်ပူဇော်ပြီး အသားတွေ စားကြ။+ ၂၂  မင်းတို့ရဲ့ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ငါခေါ်ထုတ်လာတုန်းက အကုန်အစင် မီးရှို့ရာအလှူတွေ၊ ပူဇော်သက္ကာတွေအကြောင်း ငါမပြောခဲ့ဘူး၊ မမိန့်မှာခဲ့ဘူး။+ ၂၃  အဲဒီအစား “ငါ့စကားကို နာခံပါ။ ဒါဆိုရင် ငါဟာ မင်းတို့ရဲ့ ဘုရားသခင် ဖြစ်လာပြီး မင်းတို့လည်း ငါ့လူတွေ ဖြစ်လာမယ်။+ ငါမိန့်မှာတဲ့ လမ်းစဉ်အတိုင်းသာ လိုက်လျှောက်ပါ။ ဒါဆိုရင် ကောင်းစားလိမ့်မယ်”’+ လို့ မိန့်မှာခဲ့တယ်။ ၂၄  ဒါပေမဲ့ သူတို့ နားမထောင်ဘူး။ နားမစွင့်ဘူး။+ ကိုယ့်အကြံအစည်တွေအတိုင်း လိုက်လျှောက်ကြတယ်။ ဆိုးညစ်တဲ့စိတ်အလိုနောက် ခေါင်းမာမာနဲ့ လိုက်ကြတယ်။+ ရှေ့မတိုးဘဲ နောက်ဆုတ်ကြတယ်။ ၂၅  အီဂျစ်ပြည်ကနေ ဘိုးဘေးတွေ ထွက်လာတဲ့နေ့ကစပြီး ဒီနေ့အထိ အဲဒီလိုလုပ်ခဲ့ကြတယ်။+ ဒါကြောင့် ငါ့ကျွန်ပရောဖက်တွေကို မင်းတို့ဆီ နေ့တိုင်း အကြိမ်ကြိမ် စေလွှတ်ခဲ့တယ်။+ ၂၆  ဒါပေမဲ့ ငါ့စကားကို သူတို့ နားမထောင်ဘူး၊ နားမစွင့်ဘူး။+ အဲဒီအစား ခေါင်းမာကြတယ်။* ဘိုးဘေးတွေထက်တောင် ဆိုးသေးတယ်။ ၂၇  “မင်းက ဒီစကားတွေကို တစ်ခွန်းမကျန် ပြောပြရမယ်။+ ဒါပေမဲ့ သူတို့ နားထောင်မှာ မဟုတ်ဘူး။ သူတို့ကို ခေါ်ရမယ်။ ဒါပေမဲ့ သူတို့ ပြန်ထူးမှာ မဟုတ်ဘူး။ ၂၈  ‘ခင်ဗျားတို့ဟာ ကိုယ့်ရဲ့ဘုရား ယေဟောဝါရဲ့စကားကို မနာခံတဲ့လူမျိုး၊ ဆုံးမမှုကို လက်မခံတဲ့လူမျိုးပဲ။ သစ္စာတရား ပျောက်ပျက်သွားပြီ။ အဲဒီအကြောင်း တစ်ခွန်းတောင် မဟကြတော့ဘူး’+ လို့ သူတို့ကို ပြောရမယ်။ ၂၉  “မဖြတ်ဘဲထားတဲ့* မင်းရဲ့ဆံပင်ကို ညှပ်ပြီး လွှင့်ပစ်လိုက်ပါ။ တောင်ကတုံးတွေပေါ်မှာ ငိုချင်းချပါ။ ငါယေဟောဝါက ဒေါသထွက်အောင်လုပ်တဲ့ ဒီလူမျိုးဆက်ကို စွန့်လိုက်ပြီ။ ၃၀  ယေဟောဝါ ပြောတာက– ‘ယုဒလူတွေက ငါ့ရှေ့မှာ မကောင်းတာတွေ လုပ်ကြတယ်။ ငါ့နာမည်ခံယူထားတဲ့ အိမ်တော် ညစ်ညူးအောင် ရွံရှာဖွယ်ရုပ်တုတွေကို အဲဒီမှာထားကြတယ်။+ ၃၁  ဟိန်နုံသားရဲ့ချိုင့်ဝှမ်း*+ မှာရှိတဲ့ တောဖက်အရပ်မှာ အထွတ်အမြတ်နေရာတွေကို တည်ဆောက်ပြီး သားသမီးတွေကို မီးရှို့ကြတယ်။+ အဲဒီလိုလုပ်ဖို့ ငါမမိန့်မှာခဲ့ဘူး။ စဉ်းတောင် မစဉ်းစားဖူးဘူး။’+ ၃၂  “ဒါကြောင့် ယေဟောဝါ ပြောတာက– ‘အဲဒီနေရာကို တောဖက်အရပ် ဒါမှမဟုတ် ဟိန်နုံသားရဲ့ ချိုင့်ဝှမ်းလို့ မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းလို့ ခေါ်ရမယ့်နေ့ ရောက်တော့မယ်။ တောဖက်အရပ်မှာ နေရာလပ်မကျန်တော့တဲ့အထိ လူသေတွေကို မြှုပ်နှံကြလိမ့်မယ်။+ ၃၃  အဲဒီအလောင်းတွေကို မိုးကောင်းကင်ငှက်တွေ၊ မြေသားရဲတွေ စားကြတဲ့အခါ မောင်းထုတ်မယ့်သူ ရှိမှာမဟုတ်ဘူး။+ ၃၄  ယုဒရဲ့မြို့တွေ၊ ဂျေရုဆလင်ရဲ့ လမ်းတွေမှာ အားရရွှင်လန်းတဲ့အသံ၊ ပျော်မြူးတဲ့အသံ၊ သတို့သားရဲ့အသံ၊ သတို့သမီးရဲ့အသံတွေ တိတ်ဆိတ်သွားအောင် ငါလုပ်မယ်။+ ပြည်ဟာ ပျက်စီးသွားမယ်။’”+

အောက်ခြေမှတ်ချက်များ

အယူဖောက်ပြန်တဲ့ အစ္စရေးတွေ ကိုးကွယ်တဲ့ ဘုရားမရဲ့ဘွဲ့နာမည်။ မျိုးပွားဘုရားမ ဖြစ်နိုင်။
ဒါမှမဟုတ်၊ “စိတ်ဆိုးအောင်။”
မူရင်း၊ “လည်ပင်းခိုင်မာကြတယ်။”
ဒါမှမဟုတ်၊ “ဆက်ကပ်ထားတဲ့။”
ခက်ဆစ် “ဂေဟင်နာ” ကိုကြည့်။