ယေရမိ ၂၉:၁-၃၂

  • ဗာဗုလုန်ပြည်နှင်ခံတွေဆီ ယေရမိစာရေး (၁-၂၃)

    • အနှစ် ၇၀ ပြည့်တဲ့အခါ အစ္စရေးပြန်လာရမယ် (၁၀)

  • ရှေမာယအတွက် သတင်းစကား (၂၄-၃၂)

၂၉  ဗာဗုလုန်ကို နေဗုခဒ်နေဇာ ဖမ်းခေါ်သွားတဲ့ ပြည်နှင်ခံတွေထဲက အကြီးအကဲတွေ၊ ပုရောဟိတ်တွေ၊ ပရောဖက်တွေနဲ့ လူအားလုံးဆီကို ပရောဖက်ယေရမိက ဂျေရုဆလင်ကနေ စာရေးပို့လိုက်တယ်။ ၂  ဘုရင်ယေခေါနိ၊+ မယ်တော်ကြီး၊+ နန်းတွင်းအရာရှိတွေ၊ ယုဒနဲ့ဂျေရုဆလင်ရဲ့ မင်းညီမင်းသားတွေ၊ လက်မှုပညာသည်တွေ၊ ပန်းပဲဆရာတွေ* ဂျေရုဆလင်ကနေ ထွက်သွားပြီးနောက်+ ရေးပို့လိုက်တာ ဖြစ်တယ်။ ၃  ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဆီ ယုဒဘုရင်ဇေဒကိ+ လွှတ်လိုက်တဲ့ ရှာဖန်ရဲ့သား+ ဧလာသာနဲ့ ဟိလခိရဲ့သား ဂေမရိကတစ်ဆင့် ဒီစာကို ပါးလိုက်တယ်– ၄  “ဂျေရုဆလင်ကနေ ဗာဗုလုန်ကို ပြည်နှင်ဒဏ်ခံရပြီး သုံ့ပန်းဘဝ ရောက်သွားသူတွေကို အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ၅  ‘အဲဒီမှာ အိမ်တွေဆောက်ပြီး နေထိုင်ကြ။ ဥယျာဉ်တွေစိုက်ပြီး အသီးတွေ စားသုံးကြ။ ၆  အိမ်ထောင်ပြုပြီး သားသမီးတွေ မွေးဖွားကြ။ သားသမီးတွေကိုလည်း အိမ်ထောင်ပြုပေးလိုက်ပါ။ သူတို့လည်း သားသမီးတွေ မွေးဖွားပါစေ။ အဲဒီမှာ မင်းတို့ တိုးပွားလာရမယ်။ လျော့နည်းမသွားရဘူး။ ၇  ငါပြည်နှင်ဒဏ်ပေးလိုက်လို့ မင်းတို့ရောက်နေတဲ့မြို့ကို ငြိမ်သက်အေးချမ်းအောင် ကြိုးစားကြ။ အဲဒီမြို့အတွက် ယေဟောဝါဆီ ဆုတောင်းကြ။ မြို့က ငြိမ်သက်အေးချမ်းနေရင် မင်းတို့လည်း အေးချမ်းလိမ့်မယ်။+ ၈  အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက– “မင်းတို့ဆီမှာရှိတဲ့ ပရောဖက်တွေ၊ နတ်ဆရာတွေ လှည့်စားတာကို မခံပါနဲ့။+ သူတို့မြင်တဲ့ အိပ်မက်တွေကို နားမထောင်ပါနဲ့။ ၉  ‘သူတို့က ငါမစေလွှတ်ဘဲနဲ့ ငါ့နာမည်သုံးပြီး လိမ်ညာပရောဖက်ပြုနေတယ်။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”’” ၁၀  “‘ဗာဗုလုန်မှာ အနှစ် ၇၀ ပြည့်တဲ့အခါ မင်းတို့ကို ငါပြန်ကြည့်ရှုမယ်။+ ငါ့ရဲ့ ကောင်းမွန်တဲ့ကတိအတိုင်း မင်းတို့ကို ဒီနေရာ ငါပြန်ခေါ်လာမယ်’+ လို့ ယေဟောဝါ ပြောတယ်။ ၁၁  “ယေဟောဝါ ပြောတာက– ‘မင်းတို့နဲ့ပတ်သက်ပြီး ငါဘာတွေ တွေးနေမှန်း ငါသိတာပေါ့။ မင်းတို့ကို ငြိမ်သက်အေးချမ်းစေချင်တယ်။ ဘေးဆိုး မကြုံစေချင်ဘူး။+ မင်းတို့မျှော်လင့်တဲ့ အနာဂတ်မျိုး ပေးချင်တယ်။+ ၁၂  မင်းတို့က ငါ့ကို ခေါ်ကြလိမ့်မယ်။ ငါ့ဆီ ဆုတောင်းကြလိမ့်မယ်။ ငါကလည်း မင်းတို့ပြောတာကို နားထောင်မယ်။’+ ၁၃  “‘မင်းတို့ ငါ့ကို ရှာဖွေလိမ့်မယ်။+ စိတ်စွမ်းရှိသမျှနဲ့ ရှာတဲ့အတွက် ငါ့ကိုတွေ့လိမ့်မယ်။+ ၁၄  ငါကလည်း အတွေ့ခံမယ်။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။ ‘မင်းတို့သုံ့ပန်းတွေကို ပြန်စုသိမ်းမယ်။ မင်းတို့ တကွဲတပြား ရောက်နေတဲ့ နိုင်ငံတွေ၊ နေရာဒေသတွေကနေ ပြန်စုစည်းမယ်။+ ဒီနေရာကနေ ပြည်နှင်ဒဏ်ပေးခဲ့ပေမဲ့ ဒီနေရာကိုပဲ ပြန်ခေါ်ဆောင်လာမယ်။’+ ဒါဟာ ယေဟောဝါ ပြောတဲ့ စကားပဲ။ ၁၅  “ဒါပေမဲ့ ‘ယေဟောဝါက ဗာဗုလုန်မှာ ငါတို့အတွက် ပရောဖက်တွေ ပေါ်ထွန်းစေပြီ’ လို့ မင်းတို့ ပြောနေကြတယ်။ ၁၆  “ဒါဝိဒ်ရဲ့ရာဇပလ္လင်ပေါ်မှာ နန်းထိုင်တဲ့ဘုရင်နဲ့+ ဒီမြို့သူမြို့သားတွေ၊ မင်းတို့နဲ့အတူ ပြည်နှင်မခံရတဲ့ ညီအစ်ကိုတွေကို ယေဟောဝါ ပြောတာက– ၁၇  ‘“ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးကို မင်းတို့ဆီ ငါစေလွှတ်မယ်။+ စားလို့မရအောင် ပုပ်နေတဲ့* သဖန်းသီးတွေလို မင်းတို့ကို ဖြစ်စေမယ်။”+ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတဲ့ စကားပဲ။ ၁၈  “‘ငါက ဓားဘေး၊+ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ မင်းတို့ နောက်ကိုလိုက်မယ်။ မင်းတို့ကို ကမ္ဘာ့တိုင်းနိုင်ငံတွေ ထိတ်လန့်စရာ၊+ ကျိန်ဆဲစရာ၊ အံ့သြမိန်းမောစရာ၊ လှောင်ပြောင်စရာ* ဖြစ်စေမယ်။+ မင်းတို့ တကွဲတပြား ရောက်သွားတဲ့ လူမျိုးတွေအလယ်မှာ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေမယ်။+ ၁၉  မင်းတို့က ငါအကြိမ်ကြိမ် စေလွှတ်လိုက်တဲ့ ငါ့ကျွန်ပရောဖက်တွေရဲ့ စကားကို နားမထောင်ကြဘဲကိုး။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။ “‘မင်းတို့လည်း* ငါ့စကားကို နားမထောင်ခဲ့ကြဘူး။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။ ၂၀  “ဒါကြောင့် ဂျေရုဆလင်ကနေ ဗာဗုလုန်ကို ငါနှင်ထုတ်လိုက်တဲ့ ပြည်နှင်ခံအပေါင်းတို့၊ ယေဟောဝါ ပြောတာကို နားထောင်ပါ။ ၂၁  ငါ့နာမည်သုံးပြီး လိမ်ညာပရောဖက်ပြုနေတဲ့+ ကောလာယရဲ့သား အာဟပ်၊ မာသေယရဲ့သား ဇေဒကိနဲ့ပတ်သက်ပြီး အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘သူတို့ကို ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ ငါအပ်မယ်။ အဲဒီဘုရင်က မင်းတို့ရှေ့မှာပဲ သူတို့ကို ကွပ်မျက်လိမ့်မယ်။ ၂၂  သူတို့ကြုံရတဲ့အဖြစ်ဆိုးကို အစွဲပြုပြီး ဗာဗုလုန်မှာရှိတဲ့ ယုဒပြည်နှင်ခံတွေက ကျိန်စာတိုက်တဲ့အခါ “ဗာဗုလုန်ဘုရင် မီးကင်လိုက်တဲ့ ဇေဒကိနဲ့အာဟပ်လို မင်းကို ယေဟောဝါဘုရား လုပ်ပါစေ” လို့ပြောကြလိမ့်မယ်။ ၂၃  သူတို့က အစ္စရေးပြည်မှာ အိမ်နီးချင်းရဲ့မိန်းမနဲ့ အရှက်မရှိ အိမ်ထောင်ရေး ဖောက်ပြန်တယ်။+ ငါ့နာမည်သုံးပြီး ငါမမိန့်မှာတဲ့စကားကို လိမ်လည်ပြောဆိုတယ်။+ “‘“ငါဟာ အဲဒါကိုသိတဲ့အရှင်၊ အဲဒါကိုသိတဲ့ သက်သေပဲ။”+ ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ။’” ၂၄  “နဟေလံမြို့က ရှေမာယကို+ မင်းပြောလိုက်ပါ။ ၂၅  ‘အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက “မာသေယရဲ့သား ပုရောဟိတ်ဇေဖနိနဲ့+ တခြားပုရောဟိတ်တွေ၊ ဂျေရုဆလင်မှာရှိတဲ့ လူတွေဆီ မင်းဒီလိုစာရေးပြီး ပို့ခဲ့တယ်– ၂၆  ‘ခင်ဗျားကို ပုရောဟိတ် ယောယဒရဲ့နေရာမှာ ယေဟောဝါဘုရား ခန့်ထားတာက ယေဟောဝါရဲ့ အိမ်တော်မှာ ပုရောဟိတ်အဖြစ် ကြီးကြပ်ဖို့၊ ပရောဖက်လိုပြုမူနေတဲ့ အရူးတွေကို ဖမ်းပြီး လည်ပင်းကိုရော ခြေလက်တွေကိုပါ ထိတ်တုံးခတ်ပစ်ဖို့ပဲ။+ ၂၇  ဒါဆိုရင် အာနသုတ်မြို့သား ယေရမိက+ ပရောဖက်လိုပြုမူနေတာကို ခင်ဗျားမြင်လျက်သားနဲ့ ဘာလို့ သူ့ကို မဆုံးမသေးတာလဲ။+ ၂၈  သူက ဗာဗုလုန်မှာရှိတဲ့ ကျုပ်တို့ကို “ပြည်နှင်ခံရတဲ့ကာလ ကြာဦးမယ်။ ဒါကြောင့် အဲဒီမှာ အိမ်တွေဆောက်ပြီး နေထိုင်ကြပါ။ ဥယျာဉ်တွေစိုက်ပြီး အသီးတွေ စားသုံးကြပါ။”+. . . လို့တောင် စာရေးလိုက်သေးတယ်။’”’” ၂၉  ပုရောဟိတ်ဇေဖနိက+ ပရောဖက်ယေရမိကို အဲဒီစာ ဖတ်ပြတဲ့အခါ၊ ၃၀  ယေဟောဝါက ယေရမိကို ပြောတယ်– ၃၁  “ပြည်နှင်ခံတွေဆီ စာရေးပို့လိုက်ပါ။ ‘နဟေလံမြို့က ရှေမာယနဲ့ပတ်သက်ပြီး ယေဟောဝါပြောတာက “ငါမစေလွှတ်ဘဲနဲ့ ရှေမာယက မင်းတို့ကို ပရောဖက်ပြုနေတယ်။ အလိမ်အညာတွေပြောပြီး မင်းတို့ကို အယုံသွင်းနေတယ်။+ ၃၂  ဒါကြောင့် ယေဟောဝါ ပြောမယ်– ‘နဟေလံမြို့က ရှေမာယနဲ့ သူ့သားမြေးတွေကို ငါအရေးယူမယ်။ ယေဟောဝါကို ပုန်ကန်ဖို့ အားပေးအားမြှောက် လုပ်တဲ့အတွက် သူ့သားမြေးတစ်ယောက်မှ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူး။ ငါ့လူတွေအတွက် လုပ်ပေးမယ့်ကောင်းမှုကို သူမြင်ခွင့်ရမှာ မဟုတ်ဘူး။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”’”

အောက်ခြေမှတ်ချက်များ

“မြေကတုတ် တည်ဆောက်သူတွေ” လည်းဖြစ်နိုင်။
“ပေါက်ပြဲနေတဲ့” လည်းဖြစ်နိုင်။
မူရင်း၊ “လေချွန်စရာ။”
ပြည်နှင်ဒဏ်ခံရသူတွေ။