မဿဲ ၃:၁-၁၇
၃ နောက်ပိုင်းမှာ နှစ်ခြင်းပေးသူ ယောဟန်က+ ယုဒတောကို လာပြီး၊
၂ “နောင်တရကြပါ။ ကောင်းကင်နိုင်ငံ နီးနေပြီ”+ လို့ ဟောတယ်။+
၃ ယောဟန်နဲ့ပတ်သက်ပြီး ပရောဖက် ဟေရှာယက+ ‘ယေဟောဝါ* ဘုရားရဲ့ လမ်းကို အသင့်ပြင်ကြ။ လမ်းတွေ ဖြောင့်ဖြူးအောင် လုပ်ကြ’ ဆိုပြီး တောထဲမှာ လူတစ်ယောက် ကြွေးကြော်နေတယ်”+ လို့ ဟောခဲ့ဖူးတယ်။
၄ ယောဟန်က ကုလားအုတ်မွေးနဲ့ ရက်တဲ့ အဝတ်ကို ဝတ်ပြီး သားရေခါးပတ် ပတ်တယ်။+ ကျိုင်းကောင်နဲ့ တောထဲက ပျားရည်ကို စားလေ့ရှိတယ်။+
၅ ဂျေရုဆလင်မြို့၊ ယုဒနယ်၊ ဂျော်ဒန်မြစ်ဝှမ်း တစ်လျှောက်မှာ နေတဲ့ လူတွေ လာတဲ့အခါ၊+
၆ ယောဟန်က ဂျော်ဒန်မြစ်မှာ နှစ်ခြင်းပေးတယ်။+ သူတို့လည်း လူအများရှေ့မှာ ကိုယ့်အပြစ်ကို ဝန်ခံကြတယ်။
၇ နှစ်ခြင်းပေးတဲ့ နေရာကို ဖာရိရှဲတွေ၊* ဇဒ္ဒုကဲတွေ*+ အတော်များများ ရောက်လာတာကို မြင်တော့ ယောဟန်က “မြွေဆိုးအမျိုးတို့၊+ ရောက်လာတော့မယ့် အမျက်တော်ကနေ လွတ်အောင် ပြေးဖို့ ခင်ဗျားတို့ကို ဘယ်သူကများ သတိပေးလိုက်ပါလိမ့်။+
၈ တကယ် နောင်တရတယ်ဆိုရင် လုပ်ရပ်နဲ့ သက်သေပြကြ။
၉ ‘ငါတို့ဟာ အာဗြဟံရဲ့ သားမြေးတွေ’+ ဆိုပြီး အထင်မကြီးကြနဲ့။ ဒီမှာ ကျွန်တော် ပြောမယ်၊ ဘုရားသခင်က ဒီကျောက်ခဲတွေကိုတောင် အာဗြဟံရဲ့ သားမြေးတွေ ဖြစ်အောင် လုပ်နိုင်တယ်။
၁၀ ပုဆိန်က သစ်ပင်ရင်းမှာ ရှိနေတယ်။ အသီးကောင်း မသီးတဲ့ အပင် ရှိသမျှဟာ ခုတ်လှဲပြီး မီးထဲ ပစ်ချခံရမယ်။+
၁၁ ကျွန်တော်ကတော့ ခင်ဗျားတို့ ပြတဲ့ နောင်တကြောင့် ရေနဲ့ နှစ်ခြင်းပေးတယ်။+ ဒါပေမဲ့ ကျွန်တော့်နောက်မှာ လာနေသူဟာ ကျွန်တော့်ထက် ကြီးမြတ်တယ်။ သူ့ဖိနပ်ကို ချွတ်ပေးဖို့တောင် ကျွန်တော် မထိုက်တန်ဘူး။+ သူက ခင်ဗျားတို့ကို သန့်ရှင်းသော စွမ်းအားတော်နဲ့ရော+ မီးနဲ့ပါ နှစ်ခြင်းပေးလိမ့်မယ်။+
၁၂ စပါးလှေ့တဲ့ ဂေါ်ပြားကို သူကိုင်နေပြီ။ ကောက်နယ်တလင်းကို ပြောင်အောင် ရှင်းတော့မယ်။ ဂျုံစပါးတွေကို ကျီထဲ စုသိမ်းပြီး အဖျင်းတွေကိုတော့ မငြိမ်းနိုင်တဲ့ မီးနဲ့ ရှို့လိမ့်မယ်”+ လို့ ပြောတယ်။
၁၃ ယေရှုက ယောဟန်ဆီမှာ နှစ်ခြင်းခံဖို့ ဂါလိလဲပြည်ကနေ ဂျော်ဒန်မြစ်ကို ရောက်လာတယ်။+
၁၄ ဒါပေမဲ့ ယောဟန်က “ကျွန်တော့်ဆီမှာ နှစ်ခြင်းခံဖို့ လာတာလား။ ကျွန်တော်ကသာ ခင်ဗျားဆီမှာ နှစ်ခြင်းခံရမှာပါ” ဆိုပြီး တားတယ်။
၁၅ ယေရှုက “မတားပါနဲ့။ ဘုရားသခင် လုပ်စေချင်တာ မှန်သမျှ လုပ်ဆောင်သင့်ပါတယ်။ ကျွန်တော့်ကို အခု နှစ်ခြင်းပေးပါ” လို့ ပြောတဲ့အတွက် ယောဟန်လည်း မတားတော့ဘူး။
၁၆ ယေရှု နှစ်ခြင်းခံပြီး ရေထဲကနေ ပေါ်လာတာနဲ့ ကောင်းကင် ပွင့်လာပြီး+ ဘုရားသခင့် စွမ်းအားတော်က ချိုးငှက်သဏ္ဌာန်နဲ့ ယေရှုအပေါ် ဆင်းသက်တာကို သူမြင်ရတယ်။+
၁၇ ဒါ့ပြင် “သူဟာ ငါမြတ်နိုးတဲ့+ ငါ့ရဲ့ ချစ်သားပဲ”+ ဆိုတဲ့ အသံ ကောင်းကင်ကနေ ထွက်လာတာကိုလည်း+ ကြားရတယ်။