မာကု ၇:၁-၃၇
၇ ဂျေရုဆလင်မြို့က ဖာရိရှဲနဲ့ ကျမ်းတတ်တချို့ဟာ ယေရှုဆီ ရောက်လာတဲ့အခါ၊+
၂ တပည့်တချို့ မသန့်ရှင်းတဲ့လက်နဲ့ တစ်နည်းအားဖြင့် လက်မဆေးဘဲနဲ့* အစာစားနေတာကို မြင်တယ်။
၃ (ဖာရိရှဲတွေနဲ့ ဂျူးတွေက ရှေးလူကြီးတွေရဲ့ ထုံးတမ်းစဉ်လာကို လိုက်ပြီး တံတောင်ဆစ်အထိ လက်ဆေးပြီးမှ အစာစားလေ့ရှိတယ်။
၄ စျေးကနေ ပြန်လာတဲ့အခါမှာ ကိုယ်လက်မဆေးဘဲ အစာမစားကြဘူး။ ခွက်၊ ကရား၊ ကြေးဖလားတွေကို ရေနှစ်ဆေးတဲ့ ဓလေ့ထုံးတမ်းတွေကိုလည်း လိုက်နာကျင့်သုံးကြတယ်။)+
၅ ဒါကြောင့် ဖာရိရှဲနဲ့ ကျမ်းတတ်တွေက “ရှေးလူကြီးတွေရဲ့ ထုံးတမ်းစဉ်လာကို ခင်ဗျားရဲ့တပည့်တွေ ဘာလို့ မလိုက်နာတာလဲ။ မသန့်ရှင်းတဲ့လက်နဲ့ ဘာလို့ အစာစားနေကြတာလဲ”+ ဆိုပြီးမေးတော့၊
၆ ယေရှုက “သူတော်ကောင်း ယောင်ဆောင်သူတို့၊ ခင်ဗျားတို့အကြောင်း ဟေရှာယ ပရောဖက်ပြုခဲ့တဲ့ စကားတွေဟာ သိပ်မှန်တာပဲ– ‘ဒီလူမျိုးက ငါ့ကို နှုတ်နဲ့ပဲ ရိုသေတယ်။ သူတို့ရဲ့စိတ်ကတော့ ငါနဲ့ဝေးလှတယ်။+
၇ သူတို့က လူ့ထုံးတမ်းစဉ်လာကို ငါ့အယူဝါဒသဖွယ် သွန်သင်တဲ့အတွက် ငါ့ကိုကိုးကွယ်နေတာ အချည်းနှီးပဲ’+ လို့ သူရေးခဲ့တယ်။
၈ ခင်ဗျားတို့က ဘုရားသခင်ရဲ့ပညတ်ကို ပယ်ပြီး လူ့ထုံးတမ်းစဉ်လာကိုတော့ လိုက်နာတယ်”+ လို့ပြောတယ်။
၉ ဒါ့အပြင် ယေရှုက “ထုံးတမ်းစဉ်လာကို လိုက်ဖို့အတွက် ခင်ဗျားတို့က ဘုရားသခင်ရဲ့ပညတ်ကို မလိမ့်တပတ်နဲ့ ပယ်ကြတယ်။+
၁၀ ဥပမာ၊ ‘မိဘကို ရိုသေပါ။+ မိဘကို ရင့်ရင့်သီးသီး ပြောဆိုတဲ့သူ သေဒဏ် ခံရမယ်’+ လို့ မောရှေပြောခဲ့တယ်။
၁၁ ဒါပေမဲ့ ခင်ဗျားတို့ကျတော့ ‘“အဖေနဲ့အမေကို ထောက်ပံ့မယ့်ပစ္စည်းတွေက ကော်ဘန် (ဘုရားသခင်ဆီ ဆက်ကပ်တဲ့အလှူ) ဖြစ်သွားပြီ” ဆိုပြီး မိဘကို ပြောတဲ့သူဟာ၊
၁၂ မိဘအတွက် ဘာမှလုပ်ပေးစရာ မလိုတော့ဘူး’+ လို့ပြောကြတယ်။
၁၃ အဆက်ဆက် ကျင့်သုံးလာတဲ့ ထုံးတမ်းစဉ်လာကို လိုက်ဖို့အတွက် ဘုရားသခင်ရဲ့ တရားစကားကို ခင်ဗျားတို့ ဘေးချိတ်လိုက်တယ်။+ အဲဒီလိုမျိုး လုပ်တာတွေ အများကြီး ရှိသေးတယ်” လို့ပြောတယ်။+
၁၄ လူအုပ်ကို အနားခေါ်ပြီး “ခင်ဗျားတို့အားလုံး ကျွန်တော်ပြောတာကို နားထောင်ပြီး ဆိုလိုရင်းကို နားလည်ကြပါ။+
၁၅ ခံတွင်းထဲဝင်တဲ့အရာက လူကိုညစ်ညူးစေတာ မဟုတ်ဘူး။ စိတ်နှလုံးထဲက ထွက်တဲ့အရာကသာ လူကိုညစ်ညူးစေတာ”+ လို့ပြောတယ်။
၁၆ *—
၁၇ လူအုပ်ဆီကနေ ယေရှု ထွက်သွားပြီးနောက် အိမ်ထဲဝင်တဲ့အခါ အဲဒီပုံဥပမာအကြောင်း တပည့်တွေ လာမေးတယ်။+
၁၈ ယေရှုက “ခင်ဗျားတို့လည်း သူတို့လိုပဲ နားမလည်သေးဘဲကိုး။ ခံတွင်းထဲဝင်တဲ့အရာက လူကို မညစ်ညူးစေနိုင်ဘူးဆိုတာ မသိဘူးလား။
၁၉ ခံတွင်းထဲဝင်တဲ့အရာက စိတ်နှလုံးထဲ ရောက်သွားတာ မဟုတ်ဘူး။ ဝမ်းထဲကတစ်ဆင့် ရေအိမ်ကို ရောက်သွားတာ” ဆိုပြီး အစားအစာရှိသမျှ သန့်ရှင်းတယ်ဆိုတဲ့အကြောင်း ရှင်းပြတယ်။
၂၀ ပြီးတော့ “လူ့စိတ်နှလုံးထဲက ထွက်တဲ့အရာကသာ လူကိုညစ်ညူးစေတာ။+
၂၁ စိတ်နှလုံးထဲကနေ+ ထွက်လာတဲ့ မကောင်းတဲ့အတွေးတွေကြောင့် လိင်အကျင့်ယိုယွင်းတာ၊* ခိုးတာ၊ လူ့အသက်သတ်တာ၊
၂၂ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လောဘကြီးတာ၊ ဆိုးသွမ်းတာ၊ လှည့်စားတာ၊ မျက်နှာပြောင်တိုက်တာ၊* မနာလိုမျက်စိရှိတာ၊ ဘုရားကို စော်ကားပြောဆိုတာ၊ မာနထောင်လွှားတာ၊ ဆင်ခြင်ဉာဏ်မဲ့တာတွေ ဖြစ်ပေါ်လာတယ်။
၂၃ ဒီလိုဆိုးညစ်တဲ့အရာတွေဟာ စိတ်နှလုံးထဲက ထွက်လာတာဖြစ်ပြီး လူကိုညစ်ညူးစေတယ်” လို့ ဆက်ပြောတယ်။
၂၄ ယေရှုက အဲဒီကနေ တိုင်ရာနဲ့ ဆိုင်ဒုန်နယ်ဘက်ကို ထွက်သွားတယ်။+ ဘယ်သူ့ကိုမှ မသိစေချင်လို့ အိမ်တစ်အိမ်ထဲ ဝင်သွားပေမဲ့ လူတွေ သိသွားတယ်။
၂၅ နတ်ဆိုးပူးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မိခင်က ယေရှုအကြောင်း ကြားတာနဲ့ ခြေရင်းမှာ လာဦးညွှတ်တယ်။+
၂၆ သူဟာ ဆီးရီးယားပြည်၊ ဖိုနီးရှားဒေသက ဂရိအမျိုးသမီးဖြစ်ပြီး သူ့သမီးဆီမှာ ဝင်ပူးနေတဲ့ နတ်ဆိုးကို နှင်ထုတ်ပေးဖို့ တဖွဖွ အသနားခံတယ်။
၂၇ ဒါပေမဲ့ ယေရှုက “အရင်ဆုံး၊ ကိုယ့်သားသမီးကို ဝအောင်ကျွေးရတယ်။ သားသမီးရဲ့အစာကို ခွေးကလေးတွေအတွက် ချမပေးသင့်ဘူး”+ လို့ပြောတော့၊
၂၈ အဲဒီအမျိုးသမီးက “မှန်ပါတယ် သခင်။ ဒါပေမဲ့ စားပွဲအောက်က ခွေးကလေးတွေတောင် သားသမီးတွေရဲ့ စားကြွင်းစားကျန်ကို စားရပါတယ်” လို့ပြောပြန်တယ်။
၂၉ ယေရှုက “အိမ်ကိုပြန်ပါ။ ခင်ဗျား အခုလိုပြောတဲ့အတွက် ခင်ဗျားသမီးဆီကနေ နတ်ဆိုးထွက်သွားပြီ”+ လို့ပြောတယ်။
၃၀ အဲဒီအမျိုးသမီး အိမ်ပြန်ရောက်တဲ့အခါ နတ်ဆိုးထွက်သွားလို့ သမီးငယ် အိပ်ရာမှာ အိပ်နေတာကို တွေ့လိုက်ရတယ်။+
၃၁ ယေရှုက တိုင်ရာနယ်ကနေ ဂါလိလဲအိုင်ဘက် အပြန်ခရီးမှာ ဆိုင်ဒုန်နယ်၊ အဲဒီကနေ ဒေကာပေါလိနယ်ကို+ ဖြတ်လာတယ်။
၃၂ အဲဒီမှာ နားမကြား၊ စကားမပြောနိုင်တဲ့ လူတစ်ယောက်ကို ယေရှုဆီ ခေါ်လာပြီး+ သူ့အပေါ်မှာ လက်တင်ဖို့ အသနားခံကြတယ်။
၃၃ ယေရှုက သူ့ကို လူအုပ်ထဲကနေ သီးသန့်ခေါ်ထုတ်သွားပြီး သူ့နားနှစ်ဖက်ထဲ လက်ညှိုးကို သွင်းလိုက်တယ်။ အဲဒီနောက် တံတွေးထွေးပြီး သူ့လျှာကို တို့တယ်။+
၃၄ ကောင်းကင်ကို မော့ကြည့်ရင်း အသက်ပြင်းပြင်းရှူပြီး “ဧဖသ” လို့ပြောတယ်။ “ပွင့်စေ” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။
၃၅ အဲဒီအချိန်မှာပဲ အဲဒီလူ နားကြားပြီး+ စကားပြောနိုင်လာတယ်။
၃၆ ယေရှုက ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖို့ တားပေမဲ့+ တားလေလေ သတင်းပိုပျံ့လေလေပဲ။+
၃၇ လူတွေလည်း အံ့သြလွန်းလို့+ “သူ အရာရာကို ကောင်းအောင် လုပ်နိုင်တယ်။ နားမကြားသူကိုတောင် နားကြားအောင်၊ စကားမပြောနိုင်သူကိုတောင် စကားပြောအောင် လုပ်နိုင်တယ်” ဆိုပြီး ပြောကြတယ်။+