ထွက်မြောက်ရာ ၁၂:၁-၅၁
၁၂ ယေဟောဝါက အီဂျစ်ပြည်မှာ မောရှေနဲ့ အာရုန်ကို မိန့်မှာတယ်–
၂ “ဒီလကို နှစ်တစ်နှစ်ရဲ့ ပထမလအဖြစ် သတ်မှတ်ရမယ်။+
၃ အစ္စရေးတစ်မျိုးလုံးကို ပြောရမှာက ‘ဒီလ၊ ဆယ်ရက်နေ့မှာ ဆွေမျိုးစုအလိုက် တစ်အိမ်ထောင်ကို သိုးတစ်ကောင် ယူရမယ်။+
၄ အိမ်သားနည်းလို့ သိုးတစ်ကောင်လုံး စားလို့မကုန်ရင် အိမ်နီးချင်းနဲ့ပေါင်းပြီး လူဦးရေအလိုက် သိုးကို ခွဲဝေယူရမယ်။ တစ်ယောက်စီ စားနိုင်သလောက် ခွဲတမ်းချရမယ်။
၅ အနာအဆာမရှိတဲ့+ တစ်နှစ်သားအရွယ် သိုးထီး ဖြစ်ရမယ်။ သိုးဖြစ်ဖြစ်၊ ဆိတ်ဖြစ်ဖြစ် ရတယ်။
၆ အဲဒီသိုးကို ဒီလ ၁၄ ရက်နေ့အထိ စောင့်ရှောက်ထားပါ။+ နေဝင်ချိန်ရောက်တဲ့အခါ အစ္စရေးမိသားစုတိုင်း သိုးကို သတ်ရမယ်။+
၇ သွေးတချို့ကိုယူပြီး အိမ်ရဲ့ တံခါးတိုင်နှစ်ဖက်နဲ့ တံခါးထုပ်ပေါ်မှာ သုတ်ရမယ်။+
၈ “‘အဲဒီညမှာ အသားကိုစားရမယ်။+ အသားကို မီးကင်ပြီး တဆေးမဲ့မုန့်၊+ ဟင်းရွက်ခါးတွေနဲ့အတူ+ စားရမယ်။
၉ အစိမ်းမစားရဘူး၊ ပြုတ်မစားရဘူး။ ခေါင်း၊ ခြေ၊ ဝမ်းတွင်းသားတွေနဲ့အတူ မီးကင်စားရမယ်။
၁၀ အသားကို မနက်အထိ မချန်ထားရဘူး။ မနက်အထိကျန်သေးရင် မီးရှို့ပစ်ရမယ်။+
၁၁ စားတဲ့အခါ ခါးစည်းစည်း၊ ဖိနပ်စီး၊ တောင်ဝှေးကိုင်ပြီး မြန်မြန်စားရမယ်။ ဒါဟာ ယေဟောဝါရဲ့ ပသခါပွဲ* ဖြစ်တယ်။
၁၂ အဲဒီညမှာ အီဂျစ်ပြည်ကို ငါဖြတ်သွားမယ်။ အီဂျစ်ပြည်မှာရှိတဲ့ လူနဲ့တိရစ္ဆာန်သားဦးမှန်သမျှကို ကွပ်မျက်မယ်။+ အီဂျစ်နတ်ဘုရားအားလုံးကိုလည်း တရားစီရင်မယ်။+ ငါဟာ ယေဟောဝါဖြစ်တယ်။
၁၃ မင်းတို့အိမ်မှာ သုတ်ထားတဲ့သွေးဟာ အမှတ်အသားပဲ။ အဲဒီသွေးကို ငါမြင်တဲ့အခါ ကျော်သွားမယ်။ အီဂျစ်ပြည်ကို ဒဏ်ခတ်တဲ့အခါ မင်းတို့အပေါ် ဖျက်ဆီးခြင်းဘေး ကျရောက်မှာ မဟုတ်ဘူး။+
၁၄ “‘အဲဒီနေ့ဟာ မင်းတို့အတွက် အထိမ်းအမှတ်နေ့ပဲ။ ယေဟောဝါအတွက် ပွဲတော်အဖြစ် လူမျိုးအစဉ်အဆက် ကျင်းပရမယ်။ ဒါဟာ အမြဲတည်တဲ့ဥပဒေပဲ။
၁၅ တဆေးမဲ့မုန့်ကို ခုနစ်ရက်လုံး စားရမယ်။+ ပထမနေ့မှာ တဆေးကို အိမ်ထဲကနေ ဖယ်ရှားရမယ်။ ပထမနေ့ကစပြီး ခုနစ်ရက်အတွင်း တဆေးပါတဲ့မုန့် စားသူကို ပယ်ရှင်းရမယ်။
၁၆ ပထမနေ့မှာ မြင့်မြတ်တဲ့ အစည်းအဝေး ကျင်းပရမယ်။ ခုနစ်ရက်မြောက်နေ့မှာလည်း မြင့်မြတ်တဲ့ အစည်းအဝေး ထပ်ကျင်းပရမယ်။ အဲဒီနေ့တွေမှာ လူတိုင်းက လိုအပ်သလောက် အစားအစာ ချက်ပြုတ်တာကလွဲလို့ ဘာအလုပ်မှ မလုပ်ရဘူး။+
၁၇ “‘အီဂျစ်ပြည်ကနေ မင်းတို့လူစုကြီးကို ငါခေါ်ထုတ်မယ့်နေ့မှာ တဆေးမဲ့မုန့်ပွဲတော်ကို လုပ်ရမယ်။+ လူမျိုးအစဉ်အဆက် အဲဒီနေ့ကို စောင့်ထိန်းရမယ်။ ဒါဟာ အမြဲတည်တဲ့ဥပဒေပဲ။
၁၈ ပထမလ၊ ၁၄ ရက် ညဦးပိုင်းကနေ ၂၁ ရက် ညဦးပိုင်းအထိ တဆေးမဲ့မုန့်ကို စားရမယ်။+
၁၉ ခုနစ်ရက်ပတ်လုံး အိမ်မှာ တဆေးမထားရဘူး။ တိုင်းတစ်ပါးသားဖြစ်စေ၊ အစ္စရေးလူမျိုးဖြစ်စေ+ တဆေးပါတဲ့မုန့်ကို စားရင် စားတဲ့သူကို ပယ်ရှင်းရမယ်။+
၂၀ တဆေးပါတာမှန်သမျှ မစားရဘူး။ အိမ်တိုင်း တဆေးမဲ့မုန့်ကိုပဲ စားရမယ်။’”
၂၁ မောရှေလည်း အစ္စရေးအကြီးအကဲတွေကို ချက်ချင်းခေါ်ပြီး+ “ခင်ဗျားတို့ရဲ့ မိသားစုတစ်စုစီအတွက် သိုးကလေး၊ ဆိတ်ကလေးတွေကို ရွေးလိုက်ပါ။ အဲဒီပသခါပူဇော်သက္ကာကို သတ်ရမယ်။
၂၂ ဟုဿုပ်ခက်* တစ်စည်းကို ဇလုံထဲက သွေးမှာနှစ်ပြီး တံခါးထုပ်နဲ့ တံခါးတိုင်နှစ်ဖက်မှာ သုတ်ပါ။ မိုးမလင်းမချင်း ဘယ်သူမှ အိမ်ပြင်မထွက်ရဘူး။
၂၃ အီဂျစ်ပြည်ကို ဒဏ်ခတ်ဖို့ ယေဟောဝါဖြတ်သွားတဲ့အခါ တံခါးထုပ်နဲ့ တံခါးတိုင်နှစ်ဖက်က သွေးကိုမြင်ပြီး အဲဒီတံခါးကို ယေဟောဝါ ကျော်သွားမယ်။ ခင်ဗျားတို့အိမ်ထဲကို သေဘေးဝင်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။+
၂၄ “ဒီပွဲကို ခင်ဗျားတို့နဲ့ သားမြေးတွေ လိုက်နာစောင့်ထိန်းရမယ်။ ဒါဟာ အမြဲတည်တဲ့စည်းမျဉ်းပဲ။+
၂၅ ယေဟောဝါပေးမယ့်ပြည်ထဲ ဝင်တဲ့အခါ ဒီပွဲတော်ကို လုပ်ရမယ်။+
၂၆ သားမြေးတွေက ‘ဒီပွဲတော်ကို ဘာလို့လုပ်တာလဲ’ လို့မေးလာရင်၊+
၂၇ ‘ယေဟောဝါဘုရားအတွက် ပသခါပူဇော်သက္ကာ ဆက်သဖို့ပေါ့။ အီဂျစ်တွေကို ဒဏ်ခတ်တုန်းက အီဂျစ်ပြည်မှာရှိတဲ့ အစ္စရေးတွေရဲ့အိမ်ကို ကျော်သွားပြီး ငါတို့ အိမ်သားတွေကို ဘုရား ကယ်နုတ်ခဲ့တယ်’ လို့ပြောပြရမယ်။”
လူတွေလည်း ဦးညွှတ်ပျပ်ဝပ်ကြတယ်။
၂၈ မောရှေနဲ့ အာရုန်ကို ယေဟောဝါမိန့်မှာတဲ့အတိုင်း အစ္စရေးတွေ လုပ်ဆောင်ကြတယ်။+ မှာထားတဲ့အတိုင်း သူတို့လုပ်ဆောင်ကြတယ်။
၂၉ သန်းခေါင်အချိန်ရောက်တော့ ယေဟောဝါက ဖာရောမင်းရဲ့သားဦးကနေ အကျဉ်းသားရဲ့သားဦးအထိ အီဂျစ်ပြည်မှာရှိတဲ့ သားဦးမှန်သမျှ၊ တိရစ္ဆာန်တွေရဲ့ သားဦးပါမကျန် ကွပ်မျက်လိုက်တယ်။+
၃၀ အဲဒီညမှာ ဖာရောနဲ့ မင်းမှုထမ်းအားလုံး၊ အီဂျစ်ပြည်သားအားလုံး နိုးထလာတယ်။ အိမ်တိုင်းမှာ သားဦးတွေ သေကုန်လို့ အီဂျစ်ပြည်မှာ ငိုသံတွေ ဆူညံနေတော့တယ်။+
၃၁ ဖာရောလည်း မောရှေနဲ့ အာရုန်ကို ညတွင်းချင်း ခေါ်ပြီး+ “မင်းတို့ရော၊ အစ္စရေးလူတွေရော ဒီကနေ ထွက်သွားကြ။ မင်းတို့ပြောတဲ့အတိုင်း ယေဟောဝါကို သွားဝတ်ပြုကြ။+
၃၂ သိုးနွားတိရစ္ဆာန်အုပ်တွေကိုလည်း ယူသွားကြ။+ ငါ့အတွက်လည်း အသနားခံပေးကြဦး” လို့ပြောတယ်။
၃၃ အီဂျစ်တွေက “ငါတို့တော့ သေတာနဲ့ မခြားပါလား”+ ဆိုပြီး အစ္စရေးတွေကို တိုင်းပြည်ကနေ အမြန်ဆုံး ထွက်သွားခိုင်းတယ်။+
၃၄ အစ္စရေးတွေလည်း တဆေးမထည့်ရသေးတဲ့ မုန့်ညက်နဲ့ မုန့်နယ်တဲ့အိုးတွေကို အဝတ်နဲ့ထုပ်ပြီး သယ်သွားကြတယ်။
၃၅ မောရှေမှာထားတဲ့အတိုင်း အီဂျစ်တွေဆီက ရွှေထည်ငွေထည်နဲ့ အဝတ်အစားတွေကို တောင်းယူကြတယ်။+
၃၆ ယေဟောဝါက အစ္စရေးတွေကို အီဂျစ်တွေရှေ့မှာ မျက်နှာသာရစေတဲ့အတွက် သူတို့တောင်းသမျှ ပေးကြတယ်။ ဒီနည်းနဲ့ အီဂျစ်တွေရဲ့ ပစ္စည်းဥစ္စာကို သူတို့သိမ်းယူကြတယ်။+
၃၇ အစ္စရေးတွေဟာ ရာမသက်အရပ်ကနေ+ သုကုတ်အရပ်ကို+ ထွက်သွားကြတယ်။ ကလေးတွေမပါဘဲ ခြေကျင်လျှောက်နိုင်တဲ့ ယောက်ျားချည်းပဲ ၆၀၀,၀၀၀ နီးပါး ရှိတယ်။+
၃၈ ဧရာမလူအုပ်ကြီးနဲ့*+ သိုးနွားတိရစ္ဆာန်အုပ်တွေလည်း အများကြီး လိုက်ပါသွားကြတယ်။
၃၉ အီဂျစ်ပြည်ကနေ သယ်လာတဲ့ မုန့်ညက်နဲ့ တဆေးမဲ့မုန့်ပြားတွေ ဖုတ်ကြတယ်။ အီဂျစ်ပြည်ကနေ ချက်ချင်း မောင်းထုတ်ခံရတဲ့အတွက် မုန့်ညက်မှာ တဆေးထည့်ဖို့ အချိန်မရလိုက်ဘူး။+
၄၀ အစ္စရေးတွေက အီဂျစ်ပြည်မှာ+ နှစ်ပေါင်း ၄၃၀+ နေထိုင်ခဲ့တယ်။
၄၁ နှစ်ပေါင်း ၄၃၀ စေ့တဲ့နေ့မှာပဲ ယေဟောဝါရဲ့လူစုကြီးဟာ အီဂျစ်ပြည်ကနေ ထွက်သွားကြတယ်။
၄၂ အဲဒီညဟာ အီဂျစ်ပြည်ကနေ ယေဟောဝါခေါ်ထုတ်လာတဲ့ အထိမ်းအမှတ်အဖြစ် အစ္စရေး လူမျိုးအစဉ်အဆက် ယေဟောဝါအတွက် ပွဲတော်ကျင်းပရမယ့်ညပဲ။+
၄၃ ယေဟောဝါက မောရှေနဲ့ အာရုန်ကို ပြောတယ်– “ပသခါပွဲနဲ့ဆိုင်တဲ့ ဥပဒေကတော့ ပသခါအစားအစာကို ဘယ်တိုင်းတစ်ပါးသားမှ မစားရဘူး။+
၄၄ ငွေဝယ်ကျွန်ကိုတော့ အရေဖျားဖြတ်ပေးပြီးမှပဲ+ စားခွင့်ပေးရမယ်။
၄၅ လာရောက်အခြေချသူနဲ့ စာရင်းငှားတွေ မစားရဘူး။
၄၆ သိုးတစ်ကောင်ကို တစ်အိမ်တည်းမှာပဲ စုပြီးစားရမယ်။ အသားကို အိမ်ပြင် မယူသွားရဘူး။ အရိုးကိုလည်း မချိုးရဘူး။+
၄၇ အစ္စရေးအားလုံး ဒီပွဲကို လုပ်ရမယ်။
၄၈ တိုင်းတစ်ပါးသားက ယေဟောဝါအတွက် ပသခါပွဲလုပ်ချင်တယ်ဆိုရင် သူ့အိမ်သားယောက်ျားတိုင်း အရေဖျားဖြတ်ရမယ်။ အဲဒီလိုလုပ်မယ်ဆိုရင် သူဟာ အစ္စရေးလူမျိုးလို ဖြစ်လာတဲ့အတွက် ပသခါပွဲလုပ်နိုင်တယ်။ အရေဖျားမဖြတ်တဲ့သူကတော့ မစားရဘူး။+
၄၉ အစ္စရေးလူမျိုးအတွက်ရော၊ တိုင်းတစ်ပါးသားအတွက်ရော ပညတ်တစ်မျိုးတည်း ရှိရမယ်။”+
၅၀ မောရှေနဲ့ အာရုန်ကို ယေဟောဝါ မိန့်မှာတဲ့အတိုင်း အစ္စရေးအားလုံး လုပ်ဆောင်ကြတယ်။ မှာထားတဲ့အတိုင်း သူတို့လုပ်ဆောင်ကြတယ်။
၅၁ အဲဒီနေ့မှာပဲ ယေဟောဝါက အစ္စရေးလူစုကြီးကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့တယ်။