တရားဟောရာ ၈:၁-၂၀

  • ယေဟောဝါဆီက ကောင်းချီးတွေ ပြန်သုံးသပ် (၁-၉)

    • “အစားအစာနဲ့ပဲ အသက်ရှင်ရမှာ မဟုတ်” ()

  • ယေဟောဝါကို မမေ့ပါနဲ့ (၁၀-၂၀)

 “အခု ကျွန်တော် မှာကြားတဲ့ ပညတ်ချက်တိုင်းကို ဂရုတစိုက် လိုက်နာကြ။ ဒါမှ ခင်ဗျားတို့ အသက်ဆက်ရှင်ပြီး+ တိုးပွားလာမယ်။ ဘိုးဘေးတွေကို ယေဟောဝါ ကျိန်ဆိုခဲ့တဲ့ပြည်ကို ဝင်ရောက်သိမ်းပိုက်နိုင်မယ်။+ ၂  ယေဟောဝါဘုရားသခင်က ခင်ဗျားတို့ စိတ်နှိမ့်ချလာစေဖို့၊ ပညတ်ချက်တွေကို လိုက်နာချင်စိတ် ရှိမရှိ သိရအောင်+ စမ်းသပ်ဖို့+ အနှစ် ၄၀ လုံး လျှောက်စေခဲ့တဲ့ တောကန္တာရ ခရီးရှည်ကြီးကို သတိရပါ။+ ၃  ဘုရားက ခင်ဗျားတို့ စိတ်နှိမ့်ချတတ်လာအောင် အစာငတ်စေခဲ့တယ်။+ ပြီးမှ ခင်ဗျားတို့ရော၊ ဘိုးဘေးတွေရော မစားဖူးတဲ့ မန္နမုန့်ကို ကျွေးခဲ့တယ်။+ လူဟာ အစားအစာနဲ့ပဲ အသက်ရှင်ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့ နှုတ်ထွက်စကားမှန်သမျှနဲ့ အသက်ရှင်ရမယ်ဆိုတာကို ခင်ဗျားတို့ သိစေဖို့ ဖြစ်တယ်။+ ၄  ဒီအနှစ် ၄၀ အတွင်း ခင်ဗျားတို့ရဲ့ အဝတ်တွေ မဟောင်းနွမ်းခဲ့သလို ခြေထောက်တွေလည်း မရောင်ခဲ့ဘူး။+ ၅  ဖခင်က သားကို တည့်မတ်ပေးသလို ယေဟောဝါဘုရားက ခင်ဗျားတို့ကို ပဲ့ပြင်တည့်မတ်ပေးနေမှန်း+ ခင်ဗျားတို့ ကောင်းကောင်းသိပါတယ်။ ၆  “ဒါကြောင့် ယေဟောဝါဘုရားရဲ့ ပညတ်ချက်တွေကို လိုက်နာကြ။ ဘုရားလမ်းစဉ်တွေအတိုင်း လိုက်လျှောက်ပြီး ဘုရားကို ကြောက်ရွံ့ကြပါ။ ၇  ခင်ဗျားတို့ကို သာယာလှပတဲ့ပြည်ထဲ ယေဟောဝါဘုရား ခေါ်ဆောင်လာပြီ။+ အဲဒီပြည်ဟာ ချောင်းတွေ ပေါများတယ်။ ချိုင့်ဝှမ်းလွင်ပြင်နဲ့ တောင်တန်းဒေသမှာ စမ်းချောင်းတွေ၊ စိမ့်စမ်းတွေ စီးဆင်းနေတယ်။ ၈  ဂျုံ၊ မုယောစပါး၊ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်တွေ+ ရှိတယ်။ သံလွင်ဆီနဲ့ ပျားရည် ထွက်တယ်။+ ၉  အစားအစာ ပေါများပြီး လိုလေသေးမရှိ ပြည့်စုံတဲ့ပြည်၊ သံရိုင်းပါတဲ့ကျောက်တွေ ထွက်ပြီး တောင်တန်းတွေကနေ ကြေးနီတူးဖော်ရတဲ့ပြည် ဖြစ်တယ်။ ၁၀  “ခင်ဗျားတို့ ဝဝလင်လင် စားသောက်ရတဲ့အခါ သာယာလှပတဲ့ ပြည်ကိုပေးတဲ့ ယေဟောဝါဘုရားကို ကျေးဇူးတင်ချီးမွမ်းရမယ်။+ ၁၁  အခု ကျွန်တော် မှာကြားနေတဲ့ ပညတ်ချက်တွေ၊ တရားစီရင်ချက်တွေ၊ ဥပဒေတွေကို မလိုက်နာဘဲ ယေဟောဝါဘုရားကို မေ့သွားတဲ့အဖြစ်မျိုး မရောက်ရအောင် သတိပြုပါ။ ၁၂  ဝဝလင်လင် စားသောက်ရတဲ့အခါ၊ အိမ်ကြီးအိမ်ကောင်းတွေ ဆောက်ပြီး နေထိုင်ရတဲ့အခါ၊+ ၁၃  သိုးနွားတိရစ္ဆာန်အုပ်တွေ၊ ရွှေငွေတွေ တိုးပွားလာပြီး အစစအရာရာ ပြည့်စုံလာတဲ့အခါ၊ ၁၄  မာနစိတ် မဝင်လာပါစေနဲ့။+ ကျွန်ခံရာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့ဘုရား ယေဟောဝါကို မမေ့ပါနဲ့။+ ၁၅  ဘုရားက ခင်ဗျားတို့ကို အဆိပ်ပြင်းတဲ့မြွေတွေ၊ ကင်းမြီးကောက်တွေ ပေါများပြီး ရေမရှိ၊ ခြောက်သွေ့တဲ့ ကြောက်စရာကန္တာရကြီးထဲ ဖြတ်လျှောက်စေခဲ့တယ်။+ တောကန္တာရမှာ မီးခတ်ကျောက်ဆောင်ထဲကနေ ရေထွက်အောင် လုပ်ပေးခဲ့တယ်။+ ၁၆  ဘိုးဘေးတွေ မသိခဲ့တဲ့ မန္နမုန့်ကို ကျွေးခဲ့တယ်။+ ဒီလိုလုပ်တာဟာ အနာဂတ်အကျိုးအတွက် ခင်ဗျားတို့ကို စမ်းသပ်ဖို့၊+ စိတ်နှိမ့်ချလာစေဖို့ပဲ။+ ၁၇  ‘ကိုယ့်အစွမ်းအစ၊ ကိုယ့်ခွန်အားနဲ့ အခုလို ကြီးပွားနေတာ’ ဆိုတဲ့ အတွေးမျိုး ဝင်လာခဲ့ရင်၊+ ၁၈  ယေဟောဝါဘုရားက ဘိုးဘေးတွေနဲ့ကျိန်ဆိုခဲ့တဲ့ ပဋိညာဉ်ကို တည်စေဖို့+ ခင်ဗျားတို့ကို အစွမ်းအစပေးလို့သာ အခုလို ကြီးပွားနေတယ်ဆိုတာ သတိရပါ။+ ၁၉  “ခင်ဗျားတို့သာ ယေဟောဝါဘုရားကို မေ့လျော့ပြီး တခြားဘုရားတွေနောက် လိုက်မယ်၊ ဦးချဝတ်ပြုမယ်ဆိုရင် ကျိန်းသေ ပျက်စီးရမယ်ဆိုတာ ကျွန်တော် ဒီနေ့ သတိပေးတယ်။+ ၂၀  ယေဟောဝါဘုရားရဲ့ စကားကို နားမထောင်ဘူးဆိုရင် ယေဟောဝါ ဖျက်ဆီးခဲ့တဲ့ လူမျိုးတွေလို ခင်ဗျားတို့လည်း ပျက်စီးရလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ