တရားဟောရာ ၂၄:၁-၂၂
၂၄ “လူတစ်ယောက်က မိန်းမတစ်ယောက်ကို လက်ထပ်ပြီးနောက်မှ အပြစ်တင်စရာတစ်ခုခု တွေ့လို့ မနှစ်သက်တော့ဘူးဆိုရင် ကွာရှင်းစာချုပ် ရေးပေးပြီး+ အိမ်ကနေ ထွက်သွားခိုင်းရမယ်။+
၂ မိန်းမက အိမ်ကနေ ထွက်သွားပြီးနောက် တခြားယောက်ျားနဲ့ အိမ်ထောင်ပြုနိုင်တယ်။+
၃ ဒုတိယယောက်ျားကလည်း သူ့ကို မချစ်တော့လို့ ကွာရှင်းစာချုပ် ရေးပေးပြီး အိမ်ကနေ ထွက်သွားခိုင်းတယ် ဒါမှမဟုတ် ဒုတိယယောက်ျား သေဆုံးသွားတယ်ဆိုရင်၊
၄ ပထမယောက်ျားက ညစ်ညူးသွားပြီဖြစ်တဲ့ အဲဒီမိန်းမကို ပြန်ယူခွင့်မရှိဘူး။ ဒါဟာ ယေဟောဝါအတွက် ရွံမုန်းစရာပဲ။ ယေဟောဝါဘုရား အမွေပေးတဲ့ပြည်ကို အပြစ်မသင့်စေနဲ့။
၅ “အိမ်ထောင်ကျခါစ လူတစ်ယောက်က စစ်မှုမထမ်းရဘူး။ တခြားတာဝန်တွေကိုလည်း မထမ်းဆောင်ရဘူး။ တာဝန်ကင်းလွတ်ခွင့်နဲ့ တစ်နှစ်လုံး အိမ်မှာနေပြီး ဇနီးကို ပျော်အောင်ထားရမယ်။+
၆ “ကြိတ်ဆုံကိုဖြစ်စေ၊ ကြိတ်ဆုံအပေါ်ကျောက်ပြားကိုဖြစ်စေ အပေါင်ပစ္စည်းအဖြစ် မယူရဘူး။+ ယူရင် လူတစ်ယောက်ရဲ့ အသက်ကို အပေါင်ပစ္စည်းအဖြစ် ယူတာနဲ့ အတူတူပဲ။
၇ “လူတစ်ယောက်က ညီအစ်ကိုချင်းဖြစ်တဲ့ အစ္စရေးတစ်ယောက်ကို အတင်းအဓမ္မ ဖမ်းဆီး၊ ညှဉ်းဆဲပြီး ရောင်းစားတယ်၊+ အဲဒါကို မိသွားတယ်ဆိုရင် သူ အသတ်ခံရမယ်။+ ခင်ဗျားတို့ဆီကနေ မကောင်းမှုကို ဖယ်ရှားရမယ်။+
၈ “အနာကြီးရောဂါ* ဖြစ်ပွားတဲ့အခါ လေဝိအနွယ် ပုရောဟိတ်တွေ ညွှန်ကြားသမျှအတိုင်း သေသေချာချာ လုပ်ဆောင်ပါ။+ သူတို့ကို ကျွန်တော် မှာကြားထားတဲ့အတိုင်း တိတိကျကျ လုပ်ပါ။
၉ အီဂျစ်ပြည်ကနေ ထွက်လာတုန်းက လမ်းမှာ မိရိအံကို ယေဟောဝါဘုရား ဘယ်လို ဒဏ်ခတ်ခဲ့တယ်ဆိုတာ သတိရပါ။+
၁၀ “ကိုယ့်အမျိုးသားချင်းကို တစ်ခုခု ချေးငှားပေးတဲ့အခါ+ သူအပေါင်ထားတဲ့ ပစ္စည်းကို ယူဖို့ သူ့အိမ်ထဲ မဝင်ပါနဲ့။
၁၁ အိမ်ပြင်မှာပဲ ရပ်နေပါ။ ချေးငှားယူတဲ့သူက အိမ်ပြင်မှာရပ်နေတဲ့ ကိုယ့်ဆီ အပေါင်ပစ္စည်းကို ယူလာပေးရမယ်။
၁၂ သူက ဆင်းရဲတယ်ဆိုရင် သူပေးတဲ့ အပေါင်ပစ္စည်းကို အိပ်ရာဝင်ချိန်အထိ မယူထားရဘူး။+
၁၃ နေဝင်တာနဲ့ အပေါင်ပစ္စည်းကို ဆက်ဆက် ပြန်ပေးရမယ်။ သူက အဝတ်ကိုခြုံပြီး အိပ်ရတဲ့အတွက်+ ဆုမွန်ကောင်း တောင်းပေးလိမ့်မယ်။ ကိုယ်တိုင်လည်း ယေဟောဝါဘုရားရှေ့မှာ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရလိမ့်မယ်။
၁၄ “ကိုယ့်မြို့မှာ နေထိုင်တဲ့ အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ ဆင်းရဲပြီး ဒုက္ခရောက်နေတဲ့ စာရင်းငှားတစ်ယောက်ကို လုပ်အားခပေးတဲ့အခါ ကလိမ်ကကျစ် မလုပ်ရဘူး။+
၁၅ သူက ဆင်းရဲပြီး အဲဒီလုပ်အားခနဲ့ အသက်ဆက်နေရလို့ လုပ်အားခကို နေမဝင်ခင် နေ့ချင်းပေးရမယ်။+ မပေးရင် ယေဟောဝါဆီမှာ သူအော်ဟစ်တိုင်ကြားလိမ့်မယ်။ အဲဒီအခါ ကိုယ့်အပြစ် ဖြစ်သွားလိမ့်မယ်။+
၁၆ “သားသမီးရဲ့ အပြစ်ကြောင့် ဖခင်ကို သေဒဏ်မပေးရဘူး။ ဖခင်ရဲ့အပြစ်ကြောင့် သားသမီးကို သေဒဏ်မပေးရဘူး။+ လူတိုင်း ကိုယ့်အပြစ်ကြောင့်ပဲ သေဒဏ်ခံရမယ်။+
၁၇ “တိုင်းတစ်ပါးသားကိုဖြစ်စေ၊ မိဘမဲ့ကလေးကိုဖြစ်စေ တရားစီရင်တဲ့အခါ အမှန်တရားကို ကပြောင်းကပြန် ဖြစ်အောင် မလုပ်ရဘူး။+ မုဆိုးမရဲ့ အဝတ်ကို အပေါင်ပစ္စည်းအဖြစ် မယူရဘူး။+
၁၈ အီဂျစ်ပြည်မှာ ကျွန်ခံခဲ့ဖူးတာ၊ ယေဟောဝါဘုရား ရွေးယူခဲ့ရတာကို ပြန်သတိရပါ။+ ဒါကြောင့်လည်း ဒီပညတ်ကို လိုက်နာဖို့ ကျွန်တော် မှာကြားနေတာပေါ့။
၁၉ “လယ်ရိတ်တဲ့အခါ မေ့ကျန်ခဲ့တဲ့ ကောက်လှိုင်းစည်းကို သိမ်းဖို့ ပြန်မသွားရဘူး။ တိုင်းတစ်ပါးသားတွေ၊ မိဘမဲ့ကလေးတွေ၊ မုဆိုးမတွေအတွက် ချန်ထားခဲ့ရမယ်။+ ဒါမှ ခင်ဗျားတို့ လုပ်ဆောင်သမျှကို ယေဟောဝါဘုရား ကောင်းချီးပေးလိမ့်မယ်။+
၂၀ “သံလွင်သီးကို ရိုက်ခြွေတဲ့အခါ သံလွင်ကိုင်းတွေကို အကြိမ်ကြိမ် မရိုက်ရဘူး။ တိုင်းတစ်ပါးသားတွေ၊ မိဘမဲ့ကလေးတွေ၊ မုဆိုးမတွေအတွက် ချန်ထားခဲ့ရမယ်။+
၂၁ “စပျစ်ခြံမှာ စပျစ်သီးခူးတဲ့အခါ အကြွင်းအကျန်တွေကို သိမ်းဖို့ ပြန်မသွားရဘူး။ တိုင်းတစ်ပါးသားတွေ၊ မိဘမဲ့ကလေးတွေ၊ မုဆိုးမတွေအတွက် ချန်ထားခဲ့ရမယ်။
၂၂ အီဂျစ်ပြည်မှာ ခင်ဗျားတို့ ကျွန်ခံခဲ့ဖူးတာကို ပြန်သတိရပါ။ ဒါကြောင့်လည်း ဒီပညတ်ကို လိုက်နာဖို့ ကျွန်တော် မှာကြားနေတာပေါ့။
အောက်ခြေမှတ်ချက်များ
^ ‘အနာကြီးရောဂါ’ လို့ပြန်ဆိုတဲ့ ဟီဘရူးစကားလုံးက အဓိပ္ပာယ်ကျယ်ပြန့်။ ကူးစက်တတ်တဲ့ အရေပြားရောဂါအမျိုးမျိုး၊ အဝတ်အစားနဲ့ အိမ်တွေမှာ စွဲတတ်တဲ့ မှိုရောဂါ အမျိုးမျိုး ပါဝင်နိုင်။