တရားဟောရာ ၁၉:၁-၂၁
၁၉ “ယေဟောဝါဘုရားပေးတဲ့ ပြည်က လူမျိုးတွေကို ယေဟောဝါဘုရား ဖယ်ရှားတဲ့အတွက် ခင်ဗျားတို့ တိုက်ခိုက်သိမ်းယူပြီး သူတို့ရဲ့မြို့တွေ၊ အိမ်တွေမှာ နေထိုင်တဲ့အခါ၊+
၂ ယေဟောဝါဘုရား အပိုင်ပေးတဲ့ပြည်မှာ မြို့သုံးမြို့ကို သီးသန့်ခွဲထားရမယ်။+
၃ ယေဟောဝါဘုရား အပိုင်ပေးတဲ့ပြည်ကို သုံးပိုင်းခွဲရမယ်။ တစ်ပိုင်းမှာ မြို့တစ်မြို့စီ ရှိရမယ်။ လူသတ်မိသူ ထွက်ပြေးလာနိုင်ဖို့ အဲဒီမြို့တွေဆီ သွားတဲ့လမ်းကို ကောင်းကောင်း ဖောက်ထားရမယ်။
၄ “လူသတ်မိရင် အသက်ချမ်းသာရဖို့ အဲဒီမြို့တွေဆီ ထွက်ပြေးနိုင်တဲ့ အခြေအနေတွေ ရှိတယ်– ကိုယ့်အမျိုးသားချင်းကို မုန်းလို့ မဟုတ်ဘဲ မတော်တဆ သတ်မိတယ်ဆိုရင်၊+
၅ လူနှစ်ယောက် တောထဲ သစ်ခုတ်သွားတဲ့အခါ တစ်ယောက်က သစ်ခုတ်ဖို့ ပုဆိန်ကို လွှဲလိုက်တော့ ပုဆိန်ရိုး ကျွတ်ထွက်သွားလို့ သူ့အဖော်ကို ထိမှန်ပြီး သေသွားတယ်ဆိုရင် လူသတ်မိသူဟာ အသက်ချမ်းသာရဖို့ အဲဒီမြို့တစ်မြို့ဆီ ထွက်ပြေးရမယ်။+
၆ ဒါပေမဲ့ အဲဒီမြို့ကိုသွားတဲ့ခရီး ဝေးလွန်းရင် ဒေါသထွက်နေတဲ့ သွေးကြွေးဆပ်ရမယ့်သူက+ လူသတ်မိသူကို အမီလိုက်ပြီး သတ်နိုင်တယ်။ လူသတ်မိသူဟာ သူ့အဖော်ကို မုန်းနေလို့ သတ်လိုက်တာ မဟုတ်တဲ့အတွက် မသေသင့်ဘူး။+
၇ ဒါကြောင့် ‘မြို့သုံးမြို့ကို သီးသန့်ခွဲထားပါ’ လို့ ကျွန်တော် မှာကြားနေတာပေါ့။
၈ “ယေဟောဝါဘုရားက ဘိုးဘေးတွေကို ကျိန်ဆိုခဲ့တဲ့အတိုင်း ခင်ဗျားတို့ရဲ့နယ်မြေကို ကျယ်ဝန်းစေတဲ့အခါ၊+ ဘိုးဘေးတွေကိုပေးမယ်လို့ ကတိပြုထားတဲ့ ပြည်တစ်ပြည်လုံးကို ခင်ဗျားတို့ကို ပေးတဲ့အခါ၊+
၉ ဒီမြို့သုံးမြို့အပြင် နောက်ထပ်သုံးမြို့ကိုလည်း+ သီးသန့်ခွဲထားရမယ်။ အခု ကျွန်တော်မှာကြားနေတဲ့ ပညတ်ချက်တွေကို သစ္စာရှိရှိ လိုက်နာပြီး ယေဟောဝါဘုရားကို ချစ်မှသာ၊ ဘုရားရဲ့လမ်းစဉ်အတိုင်း အမြဲလိုက်လျှောက်မှသာ+ ဘုရားက နယ်မြေကို ကျယ်ဝန်းစေပြီး တစ်ပြည်လုံးကို ပေးလိမ့်မယ်။
၁၀ ဒီလိုလုပ်မယ်ဆိုရင် ယေဟောဝါဘုရား အမွေပေးတဲ့ပြည်မှာ အပြစ်မဲ့သူတွေကို သတ်မိမှာမဟုတ်တဲ့အတွက်+ ခင်ဗျားတို့မှာ လူသတ်မိတဲ့အပြစ် ရှိမှာမဟုတ်ဘူး။+
၁၁ “လူတစ်ယောက်ကို မုန်းလို့+ ချောင်းရိုက်တဲ့အတွက် အကြီးအကျယ် ဒဏ်ရာရပြီး သေသွားတယ်ဆိုပါစို့။ လူသတ်သမားက အဲဒီမြို့တစ်မြို့ကို ထွက်ပြေးခဲ့ရင်၊
၁၂ သူနေထိုင်ခဲ့တဲ့မြို့ရဲ့ အကြီးအကဲတွေက သူ့ကို အခေါ်လွှတ်ပြီး သွေးကြွေးဆပ်မယ့်သူလက်ထဲ အပ်ရမယ်။ သူအသတ်ခံရမယ်။+
၁၃ သူ့ကို မသနားနဲ့။ အပြစ်မဲ့သူကိုသတ်တဲ့ အပြစ်ကို အစ္စရေးပြည်ကနေ ဖယ်ရှားရမယ်။+ ဒါမှ ခင်ဗျားတို့ ကောင်းစားလိမ့်မယ်။
၁၄ “ယေဟောဝါဘုရား အပိုင်ပေးတဲ့ပြည်မှာ ခင်ဗျားတို့ အမွေမြေရတဲ့အခါ အိမ်နီးချင်းရဲ့ နယ်နိမိတ်မှတ်တိုင်ကို ဘိုးဘေးတွေ သတ်မှတ်ခဲ့တဲ့ နေရာကနေ မရွှေ့ကြနဲ့။+
၁၅ “လူတစ်ယောက် ကျူးလွန်တဲ့ အမှား ဒါမှမဟုတ် အပြစ်နဲ့ပတ်သက်ပြီး သက်သေတစ်ယောက်တည်းရဲ့ ထွက်ဆိုချက်နဲ့ အတည်မပြုရဘူး။+ သက်သေနှစ်ယောက် ဒါမှမဟုတ် သုံးယောက်ရဲ့ ထွက်ဆိုချက်ရှိမှသာ အတည်ပြုရမယ်။+
၁၆ လူတစ်ယောက်က နောက်တစ်ယောက်ကို အပြစ်ကျူးလွန်တယ်ဆိုပြီး မလိုတမာစိတ်နဲ့ စွပ်စွဲတယ်၊ သက်သေထွက်ဆိုတယ်ဆိုရင်၊+
၁၇ အငြင်းပွားနေတဲ့ သူတို့နှစ်ယောက်စလုံးက ယေဟောဝါရှေ့၊ တာဝန်ထမ်းဆောင်နေတဲ့ ပုရောဟိတ်တွေနဲ့ တရားသူကြီးတွေရှေ့ လာရမယ်။+
၁၈ တရားသူကြီးတွေက အသေအချာ စုံစမ်းစစ်ဆေးရမယ်။+ သက်သေက မဟုတ်မမှန် ထွက်ဆိုတာ၊ မဟုတ်မမှန် စွပ်စွဲနေတာဆိုရင်၊
၁၉ စွပ်စွဲခံရသူကို ခံစေချင်တဲ့ ပြစ်ဒဏ်အတိုင်း အဲဒီသက်သေကို ပြစ်ဒဏ်ပေးရမယ်။+ ဒီနည်းနဲ့ မကောင်းမှုကို ခင်ဗျားတို့ဆီကနေ ဖယ်ရှားရမယ်။+
၂၀ ဒါကို လူတွေကြားတဲ့အခါ ကြောက်ရွံ့ပြီး ဒီလိုဆိုးတဲ့လုပ်ရပ်မျိုး ထပ်လုပ်ရဲတော့မှာ မဟုတ်ဘူး။+
၂၁ သူ့ကို မသနားရဘူး။+ အသက်အတွက် အသက် ပြန်လျော်ပေးရမယ်။ မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား၊ လက်အတွက် လက်၊ ခြေအတွက် ခြေကို ပြန်လျော်ပေးရမယ်။+