တရားဟောရာ ၁၁:၁-၃၂
၁၁ “ယေဟောဝါဘုရားကို ချစ်ကြပါ။+ ဘုရားရဲ့ တောင်းဆိုချက်တွေ၊ ဥပဒေတွေ၊ တရားစီရင်ချက်တွေ၊ ပညတ်ချက်တွေကို အမြဲလိုက်နာကြပါ။
၂ အခု၊ ခင်ဗျားတို့ကို ဦးတည်ပြောနေမှန်း ခင်ဗျားတို့ သိပါတယ်။ ယေဟောဝါဘုရားရဲ့ ဆုံးမမှု၊+ ကြီးမြတ်မှု၊+ အားကြီးတဲ့လက်၊+ တန်ခိုးကြီးတဲ့ လက်ရုံးကို မသိမမြင်ဖူးတဲ့ သားမြေးတွေကို ပြောနေတာ မဟုတ်ဘူး။
၃ သူတို့က အီဂျစ်ပြည်မှာ အီဂျစ်ဘုရင်ဖာရောနဲ့ တစ်ပြည်လုံးအပေါ် ဘုရားပြခဲ့တဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေကို မမြင်ဖူးကြဘူး။+
၄ အီဂျစ်စစ်တပ်နဲ့ ဖာရောရဲ့ မြင်းတွေ၊ စစ်မြင်းရထားတွေ ခင်ဗျားတို့နောက် လိုက်လာတဲ့အခါ ယေဟောဝါဘုရားက ပင်လယ်နီမှာ ရေနဲ့လွှမ်းမိုးပြီး ဘယ်လို အပြီးအပြတ် ဖျက်ဆီးခဲ့တယ်ဆိုတာကိုလည်း မမြင်ဖူးကြဘူး။+
၅ ဒီနေရာရောက်လာချိန်အထိ တောကန္တာရထဲမှာ ခင်ဗျားတို့အတွက် ဘုရား ဘာတွေလုပ်ပေးခဲ့တယ်ဆိုတာကိုလည်း သူတို့ မမြင်ဖူးကြဘူး။
၆ ရုဗင်အနွယ်၊ ဧလျာဘရဲ့သား ဒါသန်နဲ့အဘိရံတို့ကို ဘုရားဒဏ်ခတ်တုန်းက မြေကြီးကွဲအက်လာပြီး အိမ်သူအိမ်သားတွေ၊ တဲတွေ၊ သူတို့နောက်လိုက်တဲ့ လူတွေ၊ တိရစ္ဆာန်တွေကိုပါ အစ္စရေးအားလုံးရှေ့မှာ မြေမျိုပစ်တယ်ဆိုတာကိုလည်း မမြင်ဖူးကြဘူး။+
၇ ယေဟောဝါဘုရား လုပ်ခဲ့တဲ့ တန်ခိုးကြီးလုပ်ရပ်အားလုံးကို ခင်ဗျားတို့ပဲ ကိုယ်တိုင် မြင်ခဲ့တာပါ။
၈ “အခု ကျွန်တော် မှာကြားနေတဲ့ ပညတ်ချက်အားလုံးကို လိုက်နာကြ။ ဒါမှ ခင်ဗျားတို့ အင်အားကြီးလာပြီး တစ်ဖက်ကမ်းမှာရှိတဲ့ အဲဒီပြည်ကို ဝင်ရောက်သိမ်းပိုက်နိုင်မယ်။
၉ ဘိုးဘေးတွေနဲ့ သူတို့သားမြေးတွေကို ပေးမယ်ဆိုပြီး ယေဟောဝါဘုရား ကျိန်ဆိုခဲ့တဲ့ပြည်၊+ နို့နဲ့ပျားရည်စီးတဲ့ပြည်မှာ+ အသက်ရှည်ရှည် နေနိုင်ကြမယ်။+
၁၀ “အခုသွားပြီး သိမ်းပိုက်မယ့်ပြည်ဟာ ခင်ဗျားတို့ထွက်လာခဲ့တဲ့ အီဂျစ်ပြည်လို မဟုတ်ဘူး။ အီဂျစ်ပြည်မှာဆိုရင် လယ်ထဲမှာ မျိုးစေ့ကြဲပြီးတဲ့အခါ ဟင်းရွက်ခြံထဲ ရေသွင်းသလိုမျိုး ပင်ပင်ပန်းပန်း ရေသွင်းခဲ့ရတယ်။*
၁၁ ဒါပေမဲ့ အခု ခင်ဗျားတို့ ဖြတ်ကူးပြီး ဝင်ရောက်သိမ်းပိုက်တော့မယ့် ပြည်ဟာ တောင်တန်းတွေ၊ ချိုင့်ဝှမ်းလွင်ပြင်တွေရှိတဲ့ပြည်၊+ မိုးရေကို သောက်ရတဲ့ပြည်၊+
၁၂ ယေဟောဝါဘုရား ဂရုစိုက်တဲ့ပြည် ဖြစ်တယ်။ ယေဟောဝါဘုရားက အဲဒီပြည်ကို နှစ်ဦးပိုင်းကနေ နှစ်ကုန်ပိုင်းအထိ တစ်နှစ်လုံး ကြည့်ရှုစောင့်ရှောက်နေတာ။
၁၃ “အခု ကျွန်တော် မှာကြားနေတဲ့ ပညတ်ချက်တွေကို ကြိုးစားနာခံပြီး ယေဟောဝါဘုရားကို ချစ်မယ်၊ စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှနဲ့ ဝတ်ပြုမယ်ဆိုရင်၊+
၁၄ ဘုရားက* ခင်ဗျားတို့ရဲ့ပြည်မှာ အချိန်တန်တဲ့အခါ ဆောင်းဦးမိုးနဲ့ နွေဦးမိုးကို ရွာစေတဲ့အတွက် စပျစ်ဝိုင်အသစ်၊ ဆီ၊ ကောက်နှံတွေကို ခင်ဗျားတို့ စုသိမ်းရမယ်။+
၁၅ တိရစ္ဆာန်တွေစားဖို့ လယ်ပြင်မှာ မြက်ပင်တွေ ပေါက်စေမယ်။ ခင်ဗျားတို့လည်း ဝဝလင်လင် စားသောက်ရမယ်။+
၁၆ ဒါကြောင့် ခင်ဗျားတို့ သွေးဆောင်ခံရတဲ့အခါ စိတ်နှလုံးလမ်းလွဲသွားပြီး တခြားဘုရားတွေကို ဦးမချ၊ ဝတ်မပြုမိဖို့ သတိပြုကြပါ။+
၁၇ ဒီလိုမှမဟုတ်ရင် ခင်ဗျားတို့ကို ယေဟောဝါဘုရား ဒေါသထွက်ပြီး မိုးကောင်းကင်ကို ပိတ်လိုက်တဲ့အတွက် မိုးရွာတော့မှာ မဟုတ်ဘူး။+ မြေကလည်း သီးနှံဖြစ်ထွန်းတော့မှာ မဟုတ်ဘူး။ ယေဟောဝါဘုရားပေးတဲ့ သာယာလှပတဲ့ပြည်မှာ ကြာရှည်မနေရဘဲ ပျက်စီးသွားမယ်။+
၁၈ “ဒီစကားတွေကို စိတ်ထဲ၊ နှလုံးထဲ စွဲမှတ်ထားပါ။ သတိပေးချက်အနေနဲ့ လက်ပေါ်မှာ ချည်ထားပါ။ နဖူးစည်းလို ဖြစ်စေပါ။+
၁၉ သားသမီးတွေကိုလည်း ဒီစကားတွေ သွန်သင်ပေးရမယ်။ အိမ်မှာ ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ အိပ်တဲ့အခါ၊ ထတဲ့အခါ သူတို့ကို ပြောပြပါ။+
၂၀ အိမ်တံခါးတိုင်တွေမှာ၊ မြို့တံခါးတွေမှာ ရေးထားပါ။
၂၁ ဒါဆိုရင် ကမ္ဘာမြေရဲ့အထက်မှာ ကောင်းကင်တည်ရှိနေသရွေ့ ခင်ဗျားတို့ရော သားမြေးတွေပါ ဘိုးဘေးတွေကို ပေးမယ်ဆိုပြီး ယေဟောဝါ ကျိန်ဆိုခဲ့တဲ့ပြည်မှာ အသက်ရှည်ရှည် နေနိုင်မယ်။+
၂၂ “ခင်ဗျားတို့သာ ကျွန်တော် မှာကြားနေတဲ့ ဒီပညတ်ချက်အားလုံးကို မြေဝယ်မကျ လိုက်နာစောင့်ထိန်းမယ်၊ ယေဟောဝါဘုရားကို ချစ်မယ်၊+ ဘုရားရဲ့လမ်းစဉ်အတိုင်း လျှောက်လှမ်းပြီး ဘုရားကို တွယ်တာနေမယ်ဆိုရင်၊+
၂၃ ယေဟောဝါဘုရားက ဒီလူမျိုးအားလုံးကို ရှေ့ကနေ မောင်းထုတ်ပေးမယ်။+ ပိုအင်အားကြီးပြီး လူဦးရေပိုများတဲ့ လူမျိုးတွေကို ခင်ဗျားတို့ သိမ်းပိုက်အနိုင်ယူရလိမ့်မယ်။+
၂၄ ခြေချတဲ့ မြေမှန်သမျှကို ပိုင်ဆိုင်ရလိမ့်မယ်။+ ခင်ဗျားတို့ရဲ့ နယ်မြေဟာ တောကန္တာရကနေ လက်ဘနွန်ပြည်အထိ၊ ယူဖရေးတီးမြစ်ကြီးကနေ အနောက်ဘက်ပင်လယ်အထိ* ကျယ်ပြန့်မယ်။+
၂၅ ခင်ဗျားတို့ကို ဘယ်သူမှ ခုခံတားဆီးနိုင်မှာ မဟုတ်ဘူး။+ ခင်ဗျားတို့ရောက်မယ့် ပြည်မှာ လူအားလုံး ခင်ဗျားတို့ကို ကြောက်တဲ့စိတ်ဝင်လာအောင်+ ယေဟောဝါဘုရားက ကတိအတိုင်း လုပ်ဆောင်ပေးမယ်။
၂၆ “အခု ခင်ဗျားတို့ရှေ့မှာ ကောင်းချီးနဲ့ ကျိန်စာကို ချထားတယ်။+
၂၇ ကျွန်တော် အခုမှာကြားနေတဲ့ ယေဟောဝါဘုရားရဲ့ ပညတ်ချက်တွေကို ခင်ဗျားတို့ နာခံမယ်ဆိုရင် ကောင်းချီးရမယ်။+
၂၈ ယေဟောဝါဘုရားရဲ့ ပညတ်ချက်တွေကို မနာခံဘဲ+ အခုမှာကြားနေတဲ့ လမ်းစဉ်ကနေ လွဲသွားပြီး ကိုယ်မသိတဲ့ တခြားဘုရားတွေနောက် လိုက်မယ်ဆိုရင်တော့ ကျိန်စာသင့်လိမ့်မယ်။
၂၉ “ယေဟောဝါဘုရားက ခင်ဗျားတို့ သိမ်းပိုက်တော့မယ့် ပြည်ထဲ ပို့ဆောင်တဲ့အခါ ဂေရဇိမ်တောင်ပေါ်မှာ ကောင်းချီး၊ ဧဗလတောင်ပေါ်မှာ ကျိန်စာကို ခင်ဗျားတို့ ကြေညာရမယ်။+
၃၀ အဲဒီတောင်နှစ်တောင်က အရာဗာအရပ်မှာ နေထိုင်တဲ့ ခါနန်လူမျိုးတွေရဲ့ ပြည်၊ ဂျော်ဒန်မြစ်အနောက်ဘက်၊ အပင်ကြီးတွေရှိရာ မောရေဒေသအနား၊+ ဂိလဂါလအရပ်ရဲ့ မျက်နှာချင်းဆိုင်မှာ ရှိတယ်။
၃၁ ခင်ဗျားတို့က ဂျော်ဒန်မြစ်ကို ဖြတ်ကူးပြီး ယေဟောဝါဘုရားပေးတဲ့ ပြည်ထဲ ဝင်ရောက်သိမ်းပိုက်ရတော့မယ်။+ အဲဒီပြည်ကို အပိုင်ရပြီး နေထိုင်တဲ့အခါ၊
၃၂ အခု ကျွန်တော် မှာကြားနေတဲ့ စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေကို ဂရုတစိုက် လိုက်နာကြပါ။+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ခြေထောက်နဲ့ ရေသွင်းခဲ့ရတယ်။” ရေရဟတ်လည်စေဖို့၊ ရေမြောင်းဖော်ဖို့၊ ဖွင့်ဖို့ ခြေနင်းရေသွင်းတဲ့နည်း။
^ မူရင်း၊ “ငါက။”
^ မြေထဲပင်လယ်။