တမန်တော် ၁၁:၁-၃၀
၁၁ လူမျိုးခြားတွေလည်း ဘုရားသခင်ရဲ့ တရားစကားကိုလက်ခံတဲ့အကြောင်း ယုဒပြည်မှာရှိတဲ့ တမန်တော်တွေနဲ့ ညီအစ်ကိုတွေ ကြားသိသွားတယ်။
၂ ဒါကြောင့် ဂျေရုဆလင်မြို့ကို ပေတရု ရောက်လာတဲ့အခါ အရေဖျားဖြတ်တာကို ထောက်ခံသူတွေက+ သူ့ကိုကဲ့ရဲ့ပြီး၊
၃ “ခင်ဗျားက အရေဖျားမဖြတ်ထားသူတွေရဲ့ အိမ်ထဲဝင်ပြီး သူတို့နဲ့အတူ စားသောက်ခဲ့တယ်ပေါ့” ဆိုပြီး ပြောကြတယ်။
၄ ဒါနဲ့ ပေတရုလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ကို အသေးစိတ် ပြန်ရှင်းပြတယ်–
၅ “ယုပ္ပေမြို့မှာ ကျွန်တော်ဆုတောင်းနေတုန်း စိတ်အာရုံတစ်ခု မြင်တယ်။ အဲဒီစိတ်အာရုံမှာ စတုရန်းပုံ ပိတ်ထည်ကြီးလိုအရာတစ်ခု ကောင်းကင်ကနေ အပြန့်လိုက်ကျလာပြီး ကျွန်တော့်ရှေ့ ရောက်လာတယ်။+
၆ အဲဒါကို သေချာကြည့်လိုက်တော့ ခြေလေးချောင်းသတ္တဝါတွေ၊ သားရဲတွေ၊ တွားသွားသတ္တဝါတွေ၊ မိုးကောင်းကင်ငှက်တွေကို မြင်တယ်။
၇ အဲဒီအခါ ‘ပေတရု၊ ထပြီး သတ်စားပါ’ ဆိုတဲ့အသံကို ကျွန်တော်ကြားလိုက်ရတယ်။
၈ ကျွန်တော်ကလည်း ‘မစားနိုင်ပါဘူး၊ သခင်။ ညစ်ညူးတဲ့အရာ၊ မစင်ကြယ်တဲ့အရာ တစ်ခုမှ မစားဖူးပါဘူး’ လို့ပြောလိုက်တယ်။
၉ အဲဒီအခါ ‘ဘုရားသခင်စင်ကြယ်စေပြီးသားအရာကို ညစ်ညူးတယ်လို့ မပြောပါနဲ့တော့’ ဆိုတဲ့အသံကို ကျွန်တော်ကြားရပြန်တယ်။
၁၀ အဲဒီအသံကို သုံးကြိမ်ကြားရပြီးတဲ့နောက် အဲဒါတွေအားလုံးကို ကောင်းကင်ဆီ ပြန်ဆွဲယူသွားတယ်။
၁၁ အဲဒီအချိန်မှာ ကဲသရိမြို့ကနေ လွှတ်လိုက်တဲ့ လူသုံးယောက်က ကျွန်တော်တို့နေတဲ့ အိမ်ရှေ့မှာ ရပ်နေတယ်။+
၁၂ စွမ်းအားတော်က စိတ်ချလက်ချ လိုက်သွားဖို့ ကျွန်တော့်ကိုပြောတယ်။ ဒီညီအစ်ကိုခြောက်ယောက်လည်း အတူလိုက်ခဲ့တယ်။ ပြီးတော့ ဖိတ်ခေါ်တဲ့သူရဲ့အိမ်ထဲ ကျွန်တော်တို့ ဝင်သွားတယ်။
၁၃ “အဲဒီလူက သူ့အိမ်မှာ ကောင်းကင်တမန်တစ်ပါး လာရပ်နေတာကို မြင်တဲ့အကြောင်း ကျွန်တော်တို့ကို ပြောပြတယ်။ ကောင်းကင်တမန်က ‘ယုပ္ပေမြို့ဆီ လူလွှတ်ပြီး ပေတရုလို့ခေါ်တဲ့ ရှိမုန်ကို ခေါ် ဖိတ်ပါ။+
၁၄ သူက မင်းနဲ့ အိမ်သားတွေ ဘယ်လိုကယ်တင်ခြင်းရနိုင်မယ်ဆိုတာကို ဟောပြောလိမ့်မယ်’ လို့ သူ့ကို ပြောတယ်။
၁၅ ကျွန်တော် ဟောပြောနေတုန်းမှာပဲ သန့်ရှင်းသော စွမ်းအားတော်ဟာ အရင်တုန်းက ကျွန်တော်တို့အပေါ် သက်ရောက်ခဲ့သလို သူတို့အပေါ်မှာလည်း သက်ရောက်လာတယ်။+
၁၆ ‘ယောဟန်က ရေနဲ့ နှစ်ခြင်းပေးခဲ့တယ်။+ ခင်ဗျားတို့ကတော့ သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းခံရလိမ့်မယ်’+ ဆိုပြီး သခင်ပြောလေ့ရှိတာကို ကျွန်တော် ပြန်အမှတ်ရမိတယ်။
၁၇ ဘုရားသခင်က သခင်ယေရှုခရစ်ကို ယုံကြည်တဲ့ ကျွန်တော်တို့ကို အဲဒီဆုလက်ဆောင် ပေးခဲ့သလို သူတို့ကိုလည်း ပေးတယ်ဆိုရင် ကျွန်တော်က ဘယ်သူမို့လို့ ဘုရားသခင်ကို တားဆီးနိုင်မှာလဲ။”+
၁၈ ဒီအကြောင်းတွေကို ကြားတဲ့အခါ ပေတရုကို သူတို့ မကန့်ကွက်တော့ဘူး။ “ဘုရားသခင်က လူမျိုးခြားတွေကိုလည်း အသက်ရနိုင်ဖို့ နောင်တရခွင့် ပေးသနားလိုက်ပြီပဲ” ဆိုပြီး ဘုရားကို ဂုဏ်တင်ချီးမွမ်းကြတယ်။+
၁၉ သတေဖန်ကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ ညှဉ်းဆဲခြင်းကြောင့် အရပ်ရပ်ဆီ ကွဲလွင့်သွားသူတွေဟာ+ ဖိုနီးရှားပြည်၊ ဆိုက်ပရပ်ကျွန်း၊ အန္တိအုတ်မြို့အထိ ရောက်သွားတယ်။ ဒါပေမဲ့ ဂျူးတွေကိုပဲ တရားစကားအကြောင်း ဟောပြောကြတယ်။+
၂၀ သူတို့ထဲမှာ ဆိုက်ပရပ်ကျွန်းသား၊ ကုရေနေပြည်သား တချို့လည်း ပါတယ်။ သူတို့က အန္တိအုတ်မြို့ကို ရောက်လာပြီး သခင်ယေရှုအကြောင်း သတင်းကောင်းကို ဂရိစကားပြောတဲ့လူတွေဆီ ဟောပြောကြတယ်။
၂၁ သူတို့အပေါ် ယေဟောဝါရဲ့* လက်တော် သက်ရောက်လာတဲ့အတွက် လူအမြောက်အမြားဟာ ယုံကြည်သူတွေ၊ သခင့်နောက်လိုက်တွေ ဖြစ်လာတယ်။+
၂၂ ဂျေရုဆလင်မြို့မှာရှိတဲ့ အသင်းတော်က အဲဒီသတင်းကို ကြားသိတဲ့အခါ ဗာနဗကို+ အန္တိအုတ်မြို့အထိ လွှတ်လိုက်တယ်။
၂၃ ဗာနဗ ရောက်လာတဲ့အခါ ဘုရားသခင်ရဲ့ မဟာကရုဏာတော်ကို မြင်ရတော့ ဝမ်းသာအားရဖြစ်ပြီး သခင်ကို အမြဲသစ္စာရှိသွားဖို့ စိတ်ပိုင်းဖြတ်ထားကြပါဆိုပြီး သူတို့အားလုံးကို အားပေးတယ်။+
၂၄ ဗာနဗဟာ သူတော်ကောင်းဖြစ်ပြီး သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြည့်ဝသူ၊ ယုံကြည်ခြင်းခိုင်ခံ့သူ ဖြစ်တယ်။ ဒါကြောင့် လူအတော်များများလည်း သခင်ကို ယုံကြည်လာကြတယ်။+
၂၅ ဒါနဲ့ ဗာနဗက ရှောလုကို မတွေ့တွေ့အောင်ရှာဖို့ တာရှုမြို့ဆီ ထွက်သွားတယ်။+
၂၆ ရှောလုကိုတွေ့တော့ အန္တိအုတ်မြို့ဆီ ခေါ်သွားတယ်။ သူတို့နှစ်ယောက်က တစ်နှစ်ပတ်လုံး အဲဒီအသင်းတော်နဲ့အတူ စုဝေးပြီး လူများစွာကို သွန်သင်ပေးကြတယ်။ တပည့်တွေက ဘုရားသခင့် လမ်းညွှန်ချက်အရ ခရစ်ယာန်ဆိုတဲ့နာမည်ကို အန္တိအုတ်မြို့မှာ ဦးဆုံးခံယူကြတယ်။+
၂၇ အဲဒီအချိန်မှာ ပရောဖက်တချို့က+ ဂျေရုဆလင်မြို့ကနေ အန္တိအုတ်မြို့ဆီ ရောက်လာတယ်။
၂၈ အာဂဗုလို့ခေါ်တဲ့+ ပရောဖက်က ထပြီး မြေတစ်ပြင်လုံးမှာ အကြီးအကျယ်အငတ်ဘေး ကျရောက်မယ်လို့ စွမ်းအားတော် အကူအညီနဲ့ ကြိုဟောတယ်။+ ကလောဒိမင်းလက်ထက်မှာ အဲဒီအငတ်ဘေး တကယ်ဖြစ်ခဲ့တယ်။
၂၉ ဒါကြောင့် တပည့်တွေက ယုဒပြည်မှာရှိတဲ့ ညီအစ်ကိုတွေဆီ တတ်နိုင်သလောက်+ ကယ်ဆယ်ရေး အထောက်အပံ့တွေ+ ပို့ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
၃၀ အဲဒီဆုံးဖြတ်ချက်အတိုင်း ဗာနဗနဲ့ ရှောလုကတစ်ဆင့် အကြီးအကဲတွေဆီ ပို့ပေးကြတယ်။+
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ က၅ ကိုကြည့်။