တမန်တော် ၁:၁-၂၆

  • သော်ဖိလုထံ စာရေး (၁-၅)

  • ကမ္ဘာမြေအစွန်အဖျားအထိ သက်သေခံ (၆-၈)

  • ယေရှု ကောင်းကင်ကို တက်သွား (၉-၁၁)

  • တပည့်တွေ စည်းစည်းလုံးလုံး စုဝေး (၁၂-၁၄)

  • ယုဒနေရာမှာ မဿိကို အစားထိုး (၁၅-၂၆)

 သော်ဖိလု၊  ကျွန်တော်ရေးခဲ့တဲ့ ပထမစာထဲမှာ  သခင်ယေရှုစတင်သွန်သင်ခဲ့တာတွေ၊ လုပ်ဆောင်ခဲ့တာတွေ၊+ ၂  ရွေးချယ်ထားတဲ့ တမန်တော်တွေကို သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ညွှန်ကြားချက်တွေ ပေးပြီးတဲ့နောက်+ ကောင်းကင်ကို ဆောင်ယူခံရတဲ့နေ့အထိ+ လုပ်ခဲ့၊ ပြောခဲ့တာတွေ အားလုံးပါတယ်။ ၃  သခင်ဟာ အသေခံပြီးနောက်မှာ အသက်ပြန်ရှင်လာတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားများစွာ တမန်တော်တွေကို ပြခဲ့တယ်။+ ရက်ပေါင်း ၄၀ ပတ်လုံး သခင်ကို သူတို့မြင်တွေ့ခဲ့သလို သခင်ကလည်း ဘုရားသခင့် နိုင်ငံတော်အကြောင်း ပြောပြခဲ့တယ်။+ ၄  သူတို့နဲ့အတူ  စည်းဝေးနေတုန်း သခင်က “ဂျေရုဆလင်ကနေ မထွက်သွားပါနဲ့။+ ကောင်းကင်အဖ ကတိပေးထားတဲ့အရာကို စောင့်နေကြပါ။+  အဲဒီကတိအကြောင်း ခင်ဗျားတို့ကို  ကျွန်တော်  ပြောပြပြီးသားပဲ။ ၅  ယောဟန်က ရေနဲ့ နှစ်ခြင်းပေးခဲ့တယ်။ ခင်ဗျားတို့ကတော့ မကြာခင် သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းခံရလိမ့်မယ်”+ ဆိုပြီး ပြောခဲ့တယ်။ ၆  သူတို့စုဝေးနေတုန်းမှာ “သခင်၊ အစ္စရေးလူမျိုးအတွက် နိုင်ငံကို အခု ပြန်တည်ထောင်ပေးမှာလား”+  လို့ မေးတော့၊ ၇  သခင်က “ကောင်းကင်အဖ သတ်မှတ်တဲ့ အချိန်ကာလတွေအကြောင်း ခင်ဗျားတို့ သိခွင့်မရှိဘူး။+ ၈  ဒါပေမဲ့ ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော်ရတဲ့အခါ တန်ခိုးရပြီး+ ဂျေရုဆလင်မြို့၊+ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊+ ကမ္ဘာမြေအစွန်အဖျားအထိ+ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်”+ လို့ဖြေတယ်။ ၉  အဲဒီလိုဖြေပြီးတဲ့နောက် သူတို့ကြည့်နေတုန်းမှာပဲ သခင်ဟာ ကောင်းကင်ကို ဆောင်ယူခံရပြီး  မိုးတိမ်နဲ့ကွယ်သွားတယ်။+ ၁၀  အဲဒီလို ကောင်းကင်ပေါ်တက်သွားတာကို သူတို့ကြည့်နေတုန်း အဖြူရောင် ဝတ်ဆင်ထားသူနှစ်ယောက်+ အနားမှာ ရုတ်တရက် ပေါ်လာပြီး၊ ၁၁  “ဂါလိလဲလူတို့၊ ကောင်းကင်ကို ဘာလို့ မော့ကြည့်နေတာလဲ။ ယေရှု ကောင်းကင်ကို ဆောင်ယူခံရတာ ခင်ဗျားတို့ မြင်ရပြီ။ အဲဒီနည်းအတိုင်းပဲ သူပြန်လာလိမ့်မယ်” လို့ပြောတယ်။ ၁၂  အဲဒီနောက် သူတို့က သံလွင်တောင်ကနေ  ဂျေရုဆလင်ကို  ပြန်သွားကြတယ်။+ အဲဒီတောင်က ဂျေရုဆလင်နဲ့  မိုင်ဝက်လောက်*  ဝေးတယ်။ ၁၃  ပြန်ရောက်တဲ့အခါ ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲရဲ့သား ယာကုပ်၊ ထက်သန်သူ ရှိမုန်၊ ယာကုပ်ရဲ့သား ယုဒတို့ဟာ တည်းခိုတဲ့အထက်ခန်းကို တက်သွားကြတယ်။+ ၁၄  သူတို့အားလုံးက ယေရှုရဲ့ ညီတွေ၊ မိခင်မာရိ၊+ တခြားအမျိုးသမီးတွေနဲ့+ စည်းစည်းလုံးလုံး အမြဲဆုတောင်းကြတယ်။ ၁၅  ဒီလိုနဲ့ တစ်နေ့မှာ လူ ၁၂၀ လောက် စုဝေးနေတုန်း ပေတရုက သူတို့အလယ်မှာ ထရပ်ပြီး၊ ၁၆  “ညီအစ်ကိုတို့၊ ယေရှုကိုဖမ်းဖို့ လမ်းပြပေးတဲ့ ယုဒနဲ့ပတ်သက်ပြီး+ ဒါဝိဒ်ကတစ်ဆင့် သန့်ရှင်းသော  စွမ်းအားတော်  ကြိုဟောထားတဲ့ ကျမ်းချက်အတိုင်း ပြည့်စုံရမယ်။+ ၁၇  ယုဒဟာ  ကျွန်တော်တို့  တမန်တော်တွေထဲက တစ်ယောက်အဝင် ဖြစ်ခဲ့တယ်။+ အတူအမှုဆောင်ခဲ့တယ်။ ၁၈  (အဲဒီလူက သူ့ရဲ့ မဖြောင့်မတ်မှုကြောင့်ရတဲ့  ငွေနဲ့  မြေတစ်ကွက်ဝယ်တယ်။+ ဇောက်ထိုးကျပြီး ဗိုက်ပေါက်သွားလို့ အူတွေ ထွက်ကျကုန်တယ်။+ ၁၉  ဒီအကြောင်းကို ဂျေရုဆလင်မြို့သားအားလုံး  သိတဲ့အတွက် အဲဒီမြေကွက်ကို သူတို့ဘာသာစကားနဲ့ ‘အကေလဒမ’ လို့ခေါ်တယ်။ အဓိပ္ပာယ်ကတော့  သွေးမြေ။) ၂၀  ဆာလံကျမ်းမှာ ‘သူ့နေရာ လူသူကင်းမဲ့ပါစေ။ နေထိုင်သူ မရှိပါစေနဲ့။+ သူ့ရဲ့ ကြီးကြပ်မှူးတာဝန်ကို တခြားသူ ရပါစေ’+ လို့ရေးထားတယ်။ ၂၁  ဒါကြောင့် သခင်ယေရှုရှိခဲ့တုန်းက ကျွန်တော်တို့နဲ့ ပေါင်းသင်းဖူးသူတွေထဲက တစ်ယောက်ကို သူ့နေရာမှာ အစားထိုးရမယ်။ ၂၂  ယောဟန်ဆီမှာ သခင်နှစ်ခြင်းခံချိန်ကစပြီး+ ကောင်းကင်ကို  ဆောင်ယူခံရတဲ့နေ့အထိ+ ကျွန်တော်တို့နဲ့ ပေါင်းသင်းဖူးတဲ့သူ ဖြစ်ရမယ်။ သခင် ရှင်ပြန်ထမြောက်တာကို ကျွန်တော်တို့နဲ့အတူ မြင်တွေ့ခဲ့တဲ့ မျက်မြင်သက်သေလည်း ဖြစ်ရမယ်”+ လို့ပြောတယ်။ ၂၃  ဒါနဲ့ လူနှစ်ယောက်ကို အဆိုပြုကြတယ်။ တစ်ယောက်က ဗာရှဗလို့ခေါ်တဲ့ ယောသပ်။ သူ့ကို ယုတ္တုလို့လည်း ခေါ်တယ်။ နောက်တစ်ယောက်ကတော့ မဿိ။ ၂၄  အဲဒီနောက် “လူအားလုံးရဲ့ စိတ်နှလုံးကို သိမြင်တဲ့ ယေဟောဝါ* ဘုရား၊+ ဒီနှစ်ယောက်မှာ ဘယ်သူ့ကို ရွေးချယ်တယ်ဆိုတာ ဖော်ပြပေးပါ။ ၂၅  အမှုဆောင်တာဝန်၊ တမန်တော်တာဝန်ကို စွန့်ပြီး ကိုယ့်လမ်းကိုယ် ရွေးသွားတဲ့ ယုဒနေရာကို အစားထိုးဖို့ ဖြစ်ပါတယ်”+ လို့ဆုတောင်းကြတယ်။ ၂၆  ပြီးတော့ မဲချလိုက်တဲ့အခါ+ မဿိဆီမှာ မဲကျတဲ့အတွက် သူက ကျန်တဲ့ ၁၁ ယောက်နဲ့အတူ တမန်တော်ဖြစ်ခွင့် ရသွားတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ဥပုသ်နေ့မှာ သွားလာခွင့်ရှိတဲ့ ခရီးအကွာအဝေး။”