ဆာလံ ၅၆:၁-၁၃
ဂီတမှူးသို့။ “နှုတ်ဆိတ်နေတဲ့ အဝေးရောက် ချိုးငှက်ငယ်” တေးသွားအတိုင်း သီဆိုရန်။ မစ်တမ်။* ဂါသမြို့မှာ ဖိလိတိတွေလက်ထဲ ရောက်သွားတဲ့အခါ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+
၅၆ အို ဘုရားသခင်၊ ကျွန်တော့်ကို မျက်နှာသာပေးလှည့်ပါ။ သေမျိုးဖြစ်တဲ့လူတွေ တိုက်ခိုက်နေလို့ပါ။
တစ်နေ့လုံး မနားတမ်း တိုက်ခိုက်ဖိနှိပ်နေလို့ပါ။
၂ ရန်သူတွေက ကျွန်တော့်ကို တိရစ္ဆာန်တွေလို တစ်နေ့လုံး ဝိုင်းဟပ်နေတယ်။
မောက်မာတဲ့စိတ်နဲ့ တိုက်ခိုက်နေသူတွေလည်း အများကြီးပဲ။
၃ ဒါကြောင့် ကြောက်စိတ်ဝင်လာတိုင်း+ ကိုယ်တော့်ကို ယုံကြည်ကိုးစားတယ်။+
၄ ဘုရားသခင်ကို ငါယုံကြည်ကိုးစားတယ်။ နှုတ်တော်ထွက်စကားတွေကို ချီးမွမ်းတယ်။
ဘုရားသခင်ကို ယုံကြည်ကိုးစားတဲ့အတွက် ဘာကိုမှ မကြောက်ဘူး။
ဘာမဟုတ်တဲ့ လူသားက ငါ့ကို ဘာလုပ်နိုင်မှာလဲ။+
၅ သူတို့က တစ်နေ့လုံး ငါ့အကျိုးထိခိုက်အောင် လုပ်နေတယ်။
ငါ့ကိုအန္တရာယ်ပေးဖို့ပဲ စဉ်းစားနေတယ်။+
၆ ငါ့ကိုတိုက်ခိုက်ဖို့ပဲ ချောင်းနေတယ်။
ငါ့ကိုသတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့+
ငါ့ခြေလှမ်းတိုင်းကို စောင့်ကြည့်နေတယ်။+
၇ အို ဘုရားသခင်၊ သူတို့ ဆိုးသွမ်းနေတဲ့အတွက် ပစ်ပယ်လိုက်ပါ။
လူမျိုးတွေကို အမျက်တော်နဲ့ လှဲချပစ်လိုက်ပါ။+
၈ ကိုယ်တော်က ကျွန်တော် လှည့်လည်သွားလာနေရတာကို မျက်ခြည်မပြတ် ကြည့်နေတယ်။+
ကျွန်တော့် မျက်ရည်တွေကို သားရေဘူးထဲ သိမ်းထားပေးပါ။+
စာအုပ်ထဲမှာလည်း ရေးမှတ်ထားပေးတယ် မဟုတ်လား။+
၉ ငါအကူအညီတောင်းတဲ့နေ့မှာ ရန်သူတွေ တပ်ခေါက်သွားရလိမ့်မယ်။+
ဒါကြောင့် ငါ့ဘက်မှာ ဘုရားသခင်ရှိမှန်း ယုံကြည်စိတ်ချတယ်။+
၁၀ ဘုရားသခင်ကို ငါယုံကြည်ကိုးစားတယ်။ နှုတ်တော်ထွက် စကားတွေကို ချီးမွမ်းတယ်။
ယေဟောဝါကို ငါယုံကြည်ကိုးစားတယ်။ နှုတ်တော်ထွက် စကားတွေကို ချီးမွမ်းတယ်။
၁၁ ဘုရားသခင်ကို ယုံကြည်ကိုးစားတဲ့အတွက် ဘာကိုမှမကြောက်ဘူး။+
ဘာမဟုတ်တဲ့ လူသားက ငါ့ကို ဘာလုပ်နိုင်မှာလဲ။+
၁၂ အို ဘုရားသခင်၊ သစ္စာကတိပြုထားတဲ့အတိုင်း လုပ်ဆောင်ဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။+
ကျေးဇူးတင် ချီးမွမ်းရာအလှူတွေကို ပူဇော်ပါ့မယ်။+
၁၃ ကျွန်တော့်ကို သေမင်းလက်ကနေ ကိုယ်တော် ကယ်တင်တယ်။+
တိုက်မိမလဲအောင် ကာကွယ်ပေးတယ်။+
ဒါကြောင့် ဘုရားသခင်ရှေ့မှာ၊သက်ရှိတွေရဲ့ အလင်းရောင်အောက်မှာ ကျွန်တော် လျှောက်လှမ်းနိုင်တာပါ။+