ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးအတွက် ညွှန်ကြားချက်များ
မာတိကာ
၁။ ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးမှာ ပါဝင်သူတိုင်းအတွက် ဒီညွှန်ကြားချက်ကို ပြင်ဆင်ထားတာပါ။ တာဝန်ကျသူတွေအနေနဲ့ ကိုယ့်အပိုင်းကို မပြင်ဆင်ခင် အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာ ဖော်ပြထားတဲ့ ညွှန်ကြားချက်နဲ့ ဒီညွှန်ကြားချက်ကို ဖတ်ပါ။ ဒီသင်တန်းမှာ စာရင်းပေးသွင်းဖို့ ကြေညာသူအားလုံးကို ဖိတ်ခေါ်သင့်တယ်။ အသင်းတော်နဲ့ တက်တက်ကြွကြွ ပူးပေါင်းနေကြတဲ့ တခြားသူတွေလည်း ကျမ်းစာသွန်သင်ချက်တွေကို လက်ခံတယ်၊ ခရစ်ယာန်မူတွေနဲ့အညီ နေထိုင်တယ်ဆိုရင် စာရင်းပေးနိုင်တယ်။ ကြေညာသူမဟုတ်သူတစ်ဦးက ကျောင်းအစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင် အသက်တာနဲ့အမှုဆောင်လုပ်ငန်း အစည်းအဝေး ကြီးကြပ်မှူးက သူ့ကို ပြည့်မီရမယ့်တောင်းဆိုချက်တွေ ပြောပြသင့်တယ်။ အရည်အချင်းပြည့်မီရင် ကျောင်းအစီအစဉ်မှာ ပါဝင်နိုင်ပြီဖြစ်ကြောင်း ကျမ်းစာသင်ပေးသူ (ဒါမှမဟုတ် သက်သေခံမိဘ) ရှေ့မှာ သူ့ကို အသိပေးပြောပြပါ။ နှစ်ခြင်းမခံရသေးတဲ့ကြေညာသူတွေနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်လည်း အလားတူဖြစ်တယ်။—ဖွဲ့စည်းထားခြင်း အခန်း ၈၊ အပိုဒ် ၈။
နိဒါန်း
၂။ တစ်မိနစ်။ အပတ်တိုင်း အဖွင့်သီချင်းနဲ့ ဆုတောင်းပြီးနောက် အစီအစဉ်ကို မျှော်လင့်စောင့်စားနေစေဖို့ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး သဘာပတိက အသင်းတော်အတွက် အကျိုးရှိမယ့်အချက်တွေကို အလေးပေးဖော်ပြသင့်တယ်။
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ
၃။ ဟောပြောချက်– ဆယ်မိနစ်။ အဓိကအကြောင်းအရာနဲ့ အဓိကအချက် နှစ်ချက်၊ သုံးချက်လောက်ကို အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာ ပေးထားတယ်။ ဒီဟောပြောချက်ကို အကြီးအကဲတစ်ယောက် ဒါမှမဟုတ် အရည်အချင်းရှိတဲ့ အသင်းတော်အမှုထမ်းတစ်ယောက်ကို တာဝန်ပေးပါမယ်။ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းမှာ ကျမ်းစောင်အသစ်တစ်စောင် စဖတ်တိုင်း အဲဒီကျမ်းစောင်ကို မိတ်ဆက်ပေးတဲ့ဗီဒီယိုကို ဖွင့်ပြမှာဖြစ်တယ်။ ဟောပြောသူဟာ ဗီဒီယိုထဲကအချက်တွေကို အဓိကအကြောင်းအရာနဲ့ ချိတ်ဆက်နိုင်တယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အချက်အားလုံးကို တင်ဆက်နိုင်အောင် သေချာပြင်ဆင်သင့်တယ်။ လေ့ကျင့်ခန်းစာစောင်ပါ အကြောင်းအရာကို ပုံဖော်ထားတဲ့ ရုပ်ပုံတွေကို အချိန်ရသလောက် ကောင်းကောင်း အသုံးပြုသင့်တယ်။ အောက်လိုင်းထဲကအချက်တွေ ပိုပေါ်လွင်စေဖို့ တခြားအချက်အလက်တွေကိုလည်း ထည့်သွင်းဟောပြောနိုင်တယ်။
၄။ ဘုရားရေးရာ ရတနာ– ဆယ်မိနစ်။ နိဒါန်း၊ နိဂုံးမပါတဲ့ အမေးအဖြေကဏ္ဍ ဖြစ်တယ်။ အကြီးအကဲ ဒါမှမဟုတ် အရည်အချင်းရှိတဲ့ အသင်းတော် အမှုထမ်းတစ်ယောက် ကိုင်တွယ်ရမယ်။ မေးခွန်းနှစ်ခုစလုံး မေးသင့်တယ်။ ပေးထားတဲ့ ကျမ်းချက်ကို ဖတ်မဖတ် ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။ မှတ်ချက်ပေးသူတွေဟာ စက္ကန့် ၃၀ ဒါမှမဟုတ် ဒီထက်နည်းတဲ့ မှတ်ချက်တွေ ပေးသင့်တယ်။
၅။ ကျမ်းစာဖတ်ရှုခြင်း– လေးမိနစ်။ ညီအစ်ကိုတစ်ယောက်ကို တာဝန်ပေးပါ။ တာဝန်ကျသူဟာ နိဒါန်း၊ နိဂုံး မပြောဘဲ ကျမ်းချက်ကို ဖတ်သွားသင့်တယ်။ ဖတ်ရှုတဲ့နေရာမှာ တိကျမှန်ကန်မှု၊ နားလည်သဘောပေါက်မှု၊ ပြေပြစ်မှု၊ သင့်တော်တဲ့ အလေးပေးမှု၊ အသံပြောင်းလဲမှု၊ သင့်တော်တဲ့ ရပ်တန့်မှု၊ ပင်ကိုသဘာဝကျမှုတွေ ရှိစေဖို့ အစည်းအဝေးသဘာပတိက အာရုံစိုက် ကူညီပေးသွားမယ်။ ဖတ်ရှုရမယ့်အပိုင်းတချို့က တိုပြီး တချို့က ပိုရှည်တာကြောင့် အသက်တာနဲ့အမှုဆောင်လုပ်ငန်း အစည်းအဝေး ကြီးကြပ်မှူးဟာ တာဝန်ချတဲ့အခါ ကျောင်းသားတွေရဲ့ စွမ်းရည်ကို ထည့်စဉ်းစားသင့်တယ်။
အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ
၆။ ဆယ့်ငါးမိနစ်။ တက်ရောက်သူအားလုံး အမှုဆောင်လုပ်ငန်းအတွက် လေ့ကျင့်နိုင်အောင်၊ ဟောပြောသွန်သင်ခြင်းစွမ်းရည်၊ စကားစမြည်ပြောတဲ့စွမ်းရည် တိုးတက်အောင် ဒီအပိုင်းကို စီစဉ်ထားတာပါ။ လိုအပ်ရင် အကြီးအကဲတွေလည်း ကျောင်းသားတာဝန် ရနိုင်တယ်။ သွန်သင်ခြင်း ဒါမှမဟုတ် လူတွေကိုချစ်ပါ စာစောင်ထဲက သင်ခန်းစာတစ်ခုကို ကျောင်းသားတာဝန်ဘေးက ဝိုက်ကွင်းထဲမှာ ဖော်ပြထားပါတယ်။ ကျောင်းသားတိုင်းက ကျရာသင်ခန်းစာနဲ့အညီ လုပ်ဆောင်သင့်တယ်။ တစ်ခါတလေ ဒီအပိုင်းမှာ ဆွေးနွေးခန်းတွေ ရှိနိုင်တယ်။ အဲဒီလိုအခါမျိုးမှာ အကြီးအကဲ ဒါမှမဟုတ် အရည်အချင်းပြည့်မီတဲ့ အမှုထမ်းတွေပဲ ကိုင်တွယ်သင့်တယ်။—ဆွေးနွေးခန်းကိုင်တွယ်ပုံအကြောင်း အပိုဒ် ၁၅ မှာ ကြည့်ပါ။
၇။ စကားစမြည် စပြောခြင်း– ဒီတာဝန်ကို ညီအစ်ကို ဒါမှမဟုတ် ညီအစ်မ လုပ်ဆောင်နိုင်တယ်။ အကူဟာ ညီအစ်ကိုအချင်းချင်း၊ ညီအစ်မအချင်းချင်း ဒါမှမဟုတ် မိသားစုဝင်ပဲ ဖြစ်သင့်တယ်။ ထိုင်နေရင်း ဒါမှမဟုတ် မတ်တတ်ရပ်နေရင်း တင်ဆက်နိုင်တယ်။—ဒီတာဝန်ရဲ့ ဇာတ်အိမ်နဲ့ အကြောင်းအရာကို ထပ်သိချင်ရင် အပိုဒ် ၁၂ နဲ့ ၁၃ ကို ကြည့်ပါ။
၈။ ပြန်လည်ပတ်ခြင်း– ဒီတာဝန်ကို ညီအစ်ကို ဒါမှမဟုတ် ညီအစ်မ လုပ်ဆောင်နိုင်တယ်။ အကူဟာ ညီအစ်ကိုအချင်းချင်း၊ ညီအစ်မအချင်းချင်းပဲ ဖြစ်သင့်တယ်။ (km ၅/၉၇ စ. ၂) ထိုင်နေရင်း ဒါမှမဟုတ် မတ်တတ်ရပ်နေရင်း တင်ဆက်နိုင်တယ်။ တာဝန်ကျတဲ့သူက ပြန်လည်ပတ်မှုလုပ်တဲ့အခါ ဘာပြောရမယ်ဆိုတာကို တင်ဆက်ရမှာဖြစ်တယ်။—ဒီတာဝန်ရဲ့ ဇာတ်အိမ်နဲ့ အကြောင်းအရာကို ထပ်သိချင်ရင် အပိုဒ် ၁၂ နဲ့ ၁၃ ကို ကြည့်ပါ။
၉။ တပည့်ဖြစ်စေခြင်း– ဒီတာဝန်ကို ညီအစ်ကို ဒါမှမဟုတ် ညီအစ်မ လုပ်ဆောင်နိုင်တယ်။ အကူဟာ ညီအစ်ကိုအချင်းချင်း၊ ညီအစ်မအချင်းချင်းပဲ ဖြစ်သင့်တယ်။ (km ၅/၉၇ စ. ၂) ထိုင်နေရင်း ဒါမှမဟုတ် မတ်တတ်ရပ်နေရင်း တင်ဆက်နိုင်တယ်။ တာဝန်ကျတဲ့သူက ကျမ်းစာသင်အံမှုရဲ့ အပိုင်းတစ်ပိုင်း ကိုင်တွယ်နေပုံကို သရုပ်ပြရမှာဖြစ်တယ်။ နိဒါန်း ဒါမှမဟုတ် နိဂုံးနဲ့ပတ်သက်တဲ့ သင်ခန်းစာကို လုပ်ဆောင်နေတာ မဟုတ်ရင် နိဒါန်းပျိုးဖို့၊ နိဂုံးချုပ်ဖို့ မလိုအပ်ဘူး။ ဖော်ပြထားတဲ့ အကြောင်းအရာအားလုံးကို အသံကျယ်ကျယ်ဖတ်ဖို့ မလိုဘူး။ ဖတ်ချင်တဲ့ဆန္ဒရှိရင်တော့ ဖတ်နိုင်တယ်။
၁၀။ ယုံကြည်ချက်ကို ရှင်းပြခြင်း– ဟောပြောချက်ပုံစံဆိုရင် ဒီတာဝန်ကို ညီအစ်ကိုတစ်ယောက် လုပ်ဆောင်ရမယ်။ သရုပ်ပြပုံစံဆိုရင် ညီအစ်ကို ဒါမှမဟုတ် ညီအစ်မ လုပ်ဆောင်နိုင်တယ်။ အကူဟာ ညီအစ်ကိုအချင်းချင်း၊ ညီအစ်မအချင်းချင်း ဒါမှမဟုတ် မိသားစုဝင်ပဲ ဖြစ်သင့်တယ်။ ပေးထားတဲ့ အညွှန်းကိုသုံးပြီး အဓိကမေးခွန်းကို ရှင်းရှင်းလင်းလင်း၊ ပါးပါးနပ်နပ် ဖြေဆိုသင့်တယ်။ ပေးထားတဲ့အညွှန်းကို ရည်ညွှန်းဖော်ပြ/မပြ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တယ်။
၁၁။ ဟောပြောချက်– အသင်းတော်ကို ဟောပြောချက်ပေးတဲ့ပုံစံနဲ့ ညီအစ်ကိုတစ်ယောက် လုပ်ဆောင်ရမယ်။ လူတွေကိုချစ်ပါ စာစောင်ရဲ့ နောက်ဆက်တွဲ က ထဲက အချက်တစ်ချက်ကို အခြေခံတယ်ဆိုရင် ကျမ်းချက် (တွေ) ကို အမှုဆောင်မှာ ဘယ်လိုသုံးနိုင်သလဲဆိုတာ ပေါ်လွင်စေသင့်တယ်။ ဥပမာအနေနဲ့ ကျမ်းချက်ကို သုံးနိုင်တဲ့အချိန်၊ ကျမ်းချက်ရဲ့အဓိပ္ပာယ်၊ ကျိုးကြောင်းဆင်ခြင်နိုင်ပုံတို့ကို ရှင်းပြနိုင်တယ်။ လူတွေကိုချစ်ပါ စာစောင်ရဲ့ သင်ခန်းစာတစ်ခုခုကို အခြေခံတယ်ဆိုရင် အဲဒီအချက်ကို အမှုဆောင်မှာ ကျင့်သုံးနိုင်ပုံအကြောင်း ပေါ်လွင်စေသင့်တယ်။ သင်ခန်းစာရဲ့ အချက် ၁ ကို အသားပေးပြောနိုင်သလို သင့်တော်မယ်ဆိုရင် သင်ခန်းစာထဲက တခြားကျမ်းချက်တွေကိုလည်း သုံးနိုင်တယ်။
၁၂။ အကြောင်းအရာ– ဒီအပိုဒ်နဲ့ နောက်အပိုဒ်ထဲက အကြောင်းအရာဟာ “စကားစမြည် စပြောခြင်း၊” “ပြန်လည်ပတ်ခြင်း” တာဝန်တွေနဲ့ သက်ဆိုင်ပါတယ်။ သတ်သတ်မှတ်မှတ် ဖော်ပြထားတာမရှိရင် ကျောင်းသားရဲ့ပန်းတိုင်ဟာ ရိုးရှင်းတဲ့ ကျမ်းစာအမှန်တရား ဝေမျှဖို့၊ နောက်တစ်ခါအတွက် လမ်းခင်းပေးဖို့ ဖြစ်တယ်။ ဒေသနဲ့ကိုက်တဲ့၊ အချိန်နဲ့တပြေးညီဖြစ်တဲ့ အကြောင်းအရာကို ရွေးချယ်တင်ဆက်နိုင်တယ်။ သွန်သင်ခြင်းကိရိယာထဲက စာပေ ဒါမှမဟုတ် ဗီဒီယိုကို သုံးမသုံး ကိုယ်ပိုင်ဆုံးဖြတ်နိုင်တယ်။ တင်ဆက်မှုကို အလွတ်ကျက်မှတ်ထားမယ့်အစား ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခြင်း၊ သဘာဝကျခြင်း စတဲ့ စကားစမြည်ပြောဆိုခြင်းစွမ်းရည်ကို အာရုံစိုက် လေ့ကျင့်သင့်တယ်။
၁၃။ ဇာတ်အိမ်– တာဝန်ကျအကြောင်းအရာနဲ့၊ ဒေသနဲ့ ကိုက်ညီတဲ့ ဇာတ်အိမ်ကို ရွေးချယ်နိုင်တယ်။ ဥပမာ–
(၁) တစ်အိမ်မှတစ်အိမ်။ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ သက်သေခံခြင်း၊ တစ်အိမ်တက်ဆင်း အမှုဆောင်မှာ တွေ့ဆုံခဲ့သူဆီ ပြန်လည်ပတ်ခြင်းတို့ ပါဝင်တယ်။
(၂) အလွတ်သဘော သက်သေခံခြင်း။ သာမန်စကားစမြည် ပြောဆိုရာကနေ သက်သေခံဖို့ အခွင့်အရေးရှာတဲ့ ဇာတ်အိမ်ဖြစ်တယ်။ အလုပ်မှာ၊ ကျောင်းမှာ၊ ရပ်ကွက်မှာ၊ အများသုံးယာဉ်ပေါ်မှာ တွေ့ဆုံသူတွေ ဒါမှဟုတ် နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ရင်းကိုင်ရင်း တွေ့ဆုံ ကြုံကြိုက်သူတွေကို ကျမ်းစာအကြောင်း ဝေမျှပေးတာတွေ ပါဝင်တယ်။
(၃) လူအများရှေ့ သက်သေခံခြင်း။ စီးပွားရေးရပ်ကွက်မှာ၊ လမ်းပေါ်မှာ၊ ပန်းခြံမှာ၊ ကားရပ်နားရာနေရာမှာ၊ လူတွေကို တွေ့နိုင်တဲ့နေရာတိုင်းမှာ သက်သေခံခြင်း၊ လက်တွန်းစင်နဲ့ သက်သေခံခြင်း စတာတွေ ပါဝင်တယ်။
၁၄။ ဗီဒီယိုနဲ့ စာပေ အသုံးပြုခြင်း။ အခြေအနေပေါ်မူတည်ပြီး ဗီဒီယို ဒါမှမဟုတ် စာပေ အသုံးပြုမပြု ကိုယ်ပိုင်ဆုံးဖြတ်နိုင်တယ်။ ဗီဒီယိုပြဖို့ တာဝန်ရရင် ဒါမှမဟုတ် ပြဖို့ ဆုံးဖြတ်ရင် ဗီဒီယိုကို မိတ်ဆက်ပေးပြီး ဆွေးနွေးနိုင်တယ်။ ဖွင့်ပြဖို့ မလိုပါ။
ခရစ်ယာန်အသက်တာလမ်းစဉ်
၁၅။ သီချင်းဆိုပြီးတဲ့နောက် ၁၅ မိနစ်ကြာ ဒီအပိုင်းကို တင်ဆက်ပါမယ်။ ပရိသတ်တွေ ကျမ်းစာကို လက်တွေ့ကျင့်သုံးနိုင်အောင် ကူညီပေးမယ့် အပိုင်းတစ်ပိုင်း၊ နှစ်ပိုင်း ပါဝင်တယ်။ သတ်သတ်မှတ်မှတ် ညွှန်ကြားထားတာ မရှိရင် အကြီးအကဲ ဒါမှမဟုတ် အသင်းတော်အမှုထမ်းတွေကို တာဝန်ပေးနိုင်တယ်။ ဒေသလိုအပ်ရာများအပိုင်းကိုတော့ အကြီးအကဲပဲ ကိုင်တွယ်သင့်တယ်။ ဆွေးနွေးခန်းဆိုရင် ပြင်ဆင်ပေးထားတဲ့ မေးခွန်းတွေအပြင် တခြားမေးခွန်းတွေကိုလည်း မေးနိုင်တယ်။ အဓိကအချက်တွေ ကာမိစေဖို့၊ ပရိသတ် ပါဝင်ဖြေဆိုနိုင်ဖို့ နိဒါန်းကို တိုတိုတုတ်တုတ် ပြောသင့်တယ်။ လူတွေ့မေးမြန်းခန်း ပါဝင်တယ်ဆိုရင် ဖြေဆိုသူတွေ စင်မြင့်ပေါ်မှာ လာရောက်ဖြေဆိုတာ ပိုသင့်တော်ပါတယ်။
၁၆။ အသင်းတော် ကျမ်းစာလေ့လာမှု– မိနစ်သုံးဆယ်။ အရည်အချင်းရှိတဲ့ အကြီးအကဲတစ်ဦးကို တာဝန်ပေးပါ။ (အကြီးအကဲနည်းတဲ့ အသင်းတော်တွေမှာ အရည်အချင်းပြည့်မီတဲ့ အသင်းတော်အမှုထမ်းတွေကို တာဝန်ပေးနိုင်တယ်။) အသင်းတော် ကျမ်းစာလေ့လာမှုအပိုင်းကို ကိုင်တွယ်ဖို့ ဘယ်သူတွေ အရည်အချင်းပြည့်မီသလဲဆိုတာ အကြီးအကဲအဖွဲ့က ဆုံးဖြတ်သင့်တယ်။ ကိုင်တွယ်ခွင့်ရရှိထားသူတွေဟာ ထိရောက်တဲ့နည်းနဲ့ ဦးဆောင်နိုင်ရပါမယ်။ အချိန်မီပြီးအောင် တင်ဆက်နိုင်သူ၊ အဓိကကျမ်းချက်တွေကို အလေးပေး တင်ဆက်တတ်သူ၊ အကြောင်းအရာရဲ့ လက်တွေ့ကျတန်ဖိုးကို တက်ရောက်သူအားလုံး သဘောပေါက်အောင် ကူညီပေးနိုင်သူ ဖြစ်ရပါမယ်။ ကိုင်တွယ်ခွင့်ရသူတွေအနေနဲ့ အမေးအဖြေအပိုင်းတွေ ကိုင်တွယ်ပုံနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ပြန်သုံးသပ်ရင် အကူအညီ ဖြစ်ပါလိမ့်မယ်။ (က၂၃.၀၄ စ. ၂၄ လေးထောင့်ကွက်) တာဝန်ကျတဲ့ အကြောင်းအရာကို နှံ့နှံ့စပ်စပ် သုံးသပ်ပြီးရင် လေ့လာမှုကို အချိန်ဆွဲထားဖို့ မလိုပါဘူး။ ဖြစ်နိုင်ရင် သင်တန်းကိုင်သူနဲ့ စာပိုဒ်ဖတ်သူတွေကို အပတ်စဉ် ပြောင်းလဲသင့်တယ်။ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး သဘာပတိက ကျမ်းစာလေ့လာမှုကို အချိန်လျှော့ဖို့ ပြောလာရင် အချိန်ဘယ်လိုလျှော့မလဲဆိုတာ သင်တန်းကိုင်သူက ဆုံးဖြတ်ရပါမယ်။ တချို့စာပိုဒ်တွေကို မဖတ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။
နိဂုံးချုပ်မှတ်ချက်
၁၇။ သုံးမိနစ်။ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး သဘာပတိဟာ အစည်းအဝေးမှာ ကြားခဲ့ရတဲ့ အကျိုးရှိတဲ့ အချက်တချို့ကို ပြန်သုံးသပ်မှာ ဖြစ်တယ်။ လာမယ့်အပတ်မှာ လေ့လာမယ့် အကြောင်းအရာတွေကိုလည်း ကြိုသုံးသပ်မှာ ဖြစ်တယ်။ နောက်အစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာကို ပြောနိုင်တယ်။ အချိန်ရရင် လာမယ့်အပတ်မှာ တာဝန်ကျမယ့်သူတွေရဲ့ နာမည်တွေကို ဖတ်ပြနိုင်တယ်။ သတ်သတ်မှတ်မှတ် ညွှန်ကြားထားတာ မရှိရင် နိဂုံးချုပ်မှတ်ချက်မှာ အသင်းတော် ကြေညာချက်တွေ၊ စာတွေကို ဖတ်ပြသင့်တယ်။ လယ်ကွင်းစုဆုံမှု အစီအစဉ်၊ သန့်ရှင်းရေး အစီအစဉ်လိုမျိုး ပုံမှန်လုပ်နေတာတွေကို မကြေညာဘဲ ကြော်ငြာသင်ပုန်းမှာ ကပ်ထားပေးသင့်တယ်။ တကယ်လို့ နိဂုံးချုပ်မှတ်ချက်အတွက် ပေးထားတဲ့အချိန်အတွင်းမှာ ကြေညာချက်တွေ၊ စာတွေ ဖတ်ဖို့အတွက် အချိန်မလောက်ရင် သဘာပတိက ခရစ်ယာန်အသက်တာလမ်းစဉ် အပိုင်းတွေကို အတိုချုံ့ပေးဖို့ တာဝန်ကျညီအစ်ကိုတွေကို တောင်းဆိုသင့်တယ်။ ( အပိုဒ် ၁၆ နဲ့ ၁၉ ကိုကြည့်ပါ။) အစည်းအဝေးကို သီချင်းဆို၊ ဆုတောင်းခြင်းနဲ့ နိဂုံးချုပ်မှာဖြစ်တယ်။
ချီးမွမ်းခြင်းနဲ့ သွန်သင်ချက်
၁၈။ ကျောင်းသားတာဝန်တစ်ခုပြီးတိုင်း အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး သဘာပတိက တာဝန်ကျသင်ခန်းစာအပေါ် အခြေခံပြီး ချီးမွမ်းစကားနဲ့ အကြံပေးစကားပြောဖို့ တစ်မိနစ်လောက် အချိန်ရမှာဖြစ်တယ်။ သဘာပတိက တာဝန်ကျသူကို မိတ်ဆက်ပေးချိန်မှာ သင်ခန်းစာနံပါတ်ကို ကြေညာမှာ မဟုတ်ဘူး။ ဒါပေမဲ့ တာဝန်ပြီးသွားတဲ့အခါ ကျောင်းသားကို သင့်တော်သလို ချီးမွမ်းပြီး ကျောင်းသားရဲ့ တာဝန်ကျသင်ခန်းစာကို ပြောပြနိုင်တယ်။ သူ့တင်ဆက်မှု ဘာကြောင့် ကောင်းသလဲ ဒါမှမဟုတ် အဲဒီအချက်နဲ့ပတ်သက်ပြီး သူ ပိုကြိုးစားဖို့ ဘာကြောင့်လိုသလဲ၊ ဘယ်လိုနည်းနဲ့ ကြိုးစားနိုင်သလဲဆိုတာ ကြင်ကြင်နာနာ ရှင်းပြနိုင်တယ်။ ကျောင်းသား ဒါမှမဟုတ် ပရိသတ်အတွက် အကျိုးရှိမယ်လို့ သဘာပတိ ခံစားရတဲ့ တခြားအချက်တွေကိုလည်း ပြောပြနိုင်တယ်။ ကျောင်းသားတစ်ယောက်စီရဲ့ လိုအပ်ချက်အရ လူတွေကိုချစ်ပါ စာစောင်၊ သွန်သင်ခြင်းစာစောင် ဒါမှမဟုတ် ဓမ္မအမှုကျောင်း စာအုပ်ပေါ် အခြေခံပြီး အပြုသဘောဆောင်တဲ့ ထပ်ဆင့်သွန်သင်ချက်ကို အစည်းအဝေးပြီးနောက် ဒါမှမဟုတ် တခြားအချိန်မှာ သီးသန့်ပြောနိုင်ပါတယ်။—အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး သဘာပတိနဲ့ အရန်သွန်သင်သူတို့ရဲ့ အခန်းကဏ္ဍအကြောင်း ထပ်ဆင့်ညွှန်ကြားချက်တွေကို အပိုဒ် ၁၉၊ ၂၄ နဲ့ ၂၅ မှာကြည့်ပါ။
အချိန်
၁၉။ ဘယ်အပိုင်းကိုမှ အချိန်မကျော်သင့်သလို အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး သဘာပတိရဲ့ မှတ်ချက်တွေလည်း အချိန်မကျော်သင့်ဘူး။ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာ အပိုင်းတစ်ပိုင်းစီအတွက် အချိန်သတ်မှတ်ပေးထားပါတယ်။ တကယ်လို့ အကြောင်းအရာကို ကောင်းကောင်း ငုံမိသွားပြီဆိုရင် အချိန်မပြည့်ပြည့်အောင် ထပ်ဖြည့်နေစရာ မလိုပါဘူး။ အချိန်ကျော်တယ်ဆိုရင် အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး သဘာပတိ ဒါမှမဟုတ် အရန်သွန်သင်သူက သီးသန့်သွန်သင်ချက် ပေးသင့်တယ်။ ( အပိုဒ် ၂၄ နဲ့ ၂၅ ကိုကြည့်ပါ။) သီချင်းတွေနဲ့ ဆုတောင်းချက်တွေ အပါအဝင် အစည်းအဝေး အစီအစဉ်တစ်ခုလုံးဟာ ၁ နာရီနဲ့ ၄၅ မိနစ် ကြာသင့်တယ်။
တိုက်နယ်ကြီးကြပ်မှူး လည်ပတ်မှု
၂၀။ အသင်းတော်ကို တိုက်နယ်ကြီးကြပ်မှူး လည်ပတ်နေတဲ့အခါ အောက်ပါခြွင်းချက်တွေကလွဲလို့ အစီအစဉ်ကို အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာ ဖော်ပြထားတဲ့အတိုင်း ကျင်းပသင့်တယ်– ခရစ်ယာန်အသက်တာလမ်းစဉ်ကဏ္ဍရဲ့ အသင်းတော် ကျမ်းစာလေ့လာမှုအပိုင်းကို တိုက်နယ်ကြီးကြပ်မှူး ဟောပြောမယ့် မိနစ် ၃၀ လုပ်ငန်းတော်ဟောပြောချက်နဲ့ အစားထိုးပါမယ်။ လုပ်ငန်းတော်ဟောပြောချက် မတိုင်ခင် အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးသဘာပတိက ကျင်းပပြီးစီးသွားတဲ့ အစီအစဉ်ကို ပြန်လည်သုံးသပ်တာ၊ နောက်အပတ်ရဲ့ အစီအစဉ်ကို ကြိုတင်အသိပေးတာ၊ လိုအပ်တဲ့ ကြေညာချက်တွေ ကြေညာတာ၊ ဖတ်ရမယ့်စာတွေကို ဖတ်ပြတာတွေ လုပ်ဆောင်ပြီးနောက် တိုက်နယ်ကြီးကြပ်မှူးကို မိတ်ဆက်ပေးမှာ ဖြစ်တယ်။ လုပ်ငန်းတော်ဟောပြောချက် ပြီးတဲ့အခါ တိုက်နယ်ကြီးကြပ်မှူးက သူ ရွေးထားတဲ့သီချင်းနဲ့ အစည်းအဝေးကို နိဂုံးချုပ်မှာ ဖြစ်တယ်။ နိဂုံးချုပ်ဆုတောင်းဖို့ နောက်ညီအစ်ကိုတစ်ဦးကို သူ ဖိတ်ခေါ်နိုင်တယ်။ တိုက်နယ်လည်ပတ်မှုအတွင်း အရန်သင်တန်း ရှိမှာမဟုတ်ဘူး။ အုပ်စုတစ်ခုဟာ အိမ်ရှင်အသင်းတော်ကို တိုက်နယ်လည်ပတ်ချိန်မှာ မိမိတို့ကျင်းပနေကျ အစည်းအဝေးတွေကို ဆက်ကျင်းပနိုင်ပါတယ်။ တိုက်နယ်ကြီးကြပ်မှူးရဲ့ လုပ်ငန်းတော် ဟောပြောချက်မှာတော့ အိမ်ရှင်အသင်းတော်နဲ့ ပူးပေါင်းမှာဖြစ်တယ်။
တိုက်နယ်အစည်းအဝေး အပတ်၊ ခရိုင်အစည်းအဝေး အပတ်
၂၁။ တိုက်နယ်အစည်းအဝေး၊ ခရိုင်အစည်းအဝေး အပတ်အတွင်းမှာ အသင်းတော် အစည်းအဝေးတွေ ကျင်းပမှာမဟုတ်ဘူး။ အဲဒီအပတ်အတွင်းမှာ လေ့လာမယ့် အကြောင်းအရာတွေကို ကိုယ်ပိုင် ဒါမှမဟုတ် မိသားစုလိုက် သုံးသပ်ဖို့ အသင်းတော်ကို သတိပေးပါ။
အောက်မေ့ရာနေ့ အပတ်
၂၂။ အောက်မေ့ရာနေ့က ကြားရက်မှာ ကျတယ်ဆိုရင် ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး ရှိမှာ မဟုတ်ဘူး။
အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး ကြီးကြပ်မှူး
၂၃။ အကြီးအကဲအဖွဲ့ ရွေးချယ်ထားတဲ့ အကြီးအကဲတစ်ဦးက အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး ကြီးကြပ်မှူးအဖြစ် ထမ်းဆောင်မှာဖြစ်တယ်။ သူက အစည်းအဝေးကို စနစ်တကျ စီစဉ်ဖွဲ့စည်းပြီး ဒီညွှန်ကြားချက်တွေအတိုင်း သေသေချာချာ ကိုင်တွယ်ဖို့ တာဝန်ရှိတယ်။ အရန်သွန်သင်သူနဲ့ ဆက်သွယ်မှုကောင်း ရှိသင့်တယ်။ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး ကြီးကြပ်မှူးဟာ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် ရတာနဲ့ ကြားရက်အစည်းအဝေး နှစ်လစာ ကျောင်းသားတာဝန်တွေကို ချပေးမှာဖြစ်တယ်။ ဒါ့အပြင် ကျောင်းသားတာဝန်တွေမဟုတ်တဲ့ အပိုင်းတွေနဲ့ ကြားရက်အစည်းအဝေး သဘာပတိတာဝန်တွေကိုလည်း ချပေးရမယ်။ ဒါပေမဲ့ အကြီးအကဲအဖွဲ့ သဘောတူထားတဲ့သူတွေကိုပဲ တာဝန်ပေးပါ။ ( အပိုဒ် ၃-၁၆ နဲ့ ၂၄ ကိုကြည့်ပါ။) ကျောင်းသားတွေရဲ့ အသက်အရွယ်၊ အတွေ့အကြုံ၊ ပုံသက်သေကို ထည့်တွက်စဉ်းစားပြီး တာဝန်တွေ ပေးသင့်တယ်။ အစည်းအဝေးရဲ့ တခြားအပိုင်းတွေကို တာဝန်ချတဲ့အခါလည်း အလားတူ ထည့်တွက်စဉ်းစားသင့်တယ်။ တာဝန်ကျတဲ့နေ့စွဲမတိုင်ခင် အနည်းဆုံးသုံးပတ် ကြိုပေးသင့်တယ်။ ကျောင်းသားတာဝန်ချတဲ့အခါ ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း တာဝန်ခန့်အပ်ချက် (S-89) ပုံစံကို သုံးပါ။ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး ကြီးကြပ်မှူးဟာ တာဝန်ခန့်အပ်ချက်တွေပါတဲ့ အစည်းအဝေးအစီအစဉ်ဇယား မိတ္တူကို ကြော်ငြာသင်ပုန်းမှာ ကပ်ထားသင့်ပါတယ်။ သူ့ကိုကူညီပေးဖို့ နောက်အကြီးအကဲတစ်ဦး ဒါမှမဟုတ် အသင်းတော် အမှုထမ်းတစ်ဦးကို အကြီးအကဲအဖွဲ့က တာဝန်ပေးနိုင်တယ်။ ဒါပေမဲ့ ကျောင်းသားတာဝန်မဟုတ်တဲ့ အပိုင်းတွေကို အကြီးအကဲတွေကပဲ တာဝန်ချပေးသင့်ပါတယ်။
အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး သဘာပတိ
၂၄။ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးရဲ့ သဘာပတိတာဝန်ကို အကြီးအကဲတစ်ဦး လုပ်ဆောင်ပါမယ်။ (အကြီးအကဲနည်းတဲ့ အသင်းတော်တွေမှာ အရည်အချင်းပြည့်မီတဲ့ အသင်းတော် အမှုထမ်းတွေကို တာဝန်ပေးနိုင်ပါတယ်။) နိဒါန်း၊ နိဂုံး မှတ်ချက်တွေကို ပြင်ဆင်ထားရမယ်။ အစည်းအဝေးအပိုင်းအားလုံးကို မိတ်ဆက်ပေးရမယ်။ အကြီးအကဲ အရေအတွက်ပေါ်မူတည်ပြီး အစည်းအဝေးရဲ့ အပိုင်းတချို့၊ အထူးသဖြင့် ဆွေးနွေးစရာမလိုဘဲ ဗီဒီယိုပဲပြရတဲ့ အပိုင်းတွေကို ကိုင်တွယ်ဖို့လည်း တာဝန်ယူရနိုင်တယ်။ အပိုင်းတစ်ခုနဲ့တစ်ခုကြား မှတ်ချက်တွေဟာ အတိုချုပ်သာ ဖြစ်သင့်တယ်။ ဒီကဏ္ဍကို တာဝန်ယူဖို့ ဘယ်အကြီးအကဲတွေ အရည်အချင်း ပြည့်မီတယ်ဆိုတာ အကြီးအကဲအဖွဲ့က ဆုံးဖြတ်မှာဖြစ်တယ်။ အရည်အချင်းရှိတဲ့ အကြီးအကဲတွေဟာ သဘာပတိအဖြစ် အခါအားလျော်စွာ ထမ်းဆောင်ပါမယ်။ ဒေသအခြေအနေပေါ် မူတည်ပြီး အသက်တာနဲ့အမှုဆောင်လုပ်ငန်း အစည်းအဝေးကြီးကြပ်မှူးဟာ အရည်အချင်းရှိတဲ့ တခြားအကြီးအကဲတွေထက် သဘာပတိအဖြစ် မကြာမကြာ အသုံးပြုခံရဖွယ် ရှိတယ်။ အသင်းတော်ကျမ်းစာလေ့လာမှုကို ကိုင်တွယ်ဖို့ အရည်အချင်းပြည့်မီတဲ့ အကြီးအကဲတစ်ဦးဟာ အစည်းအဝေးသဘာပတိအဖြစ် လုပ်ဆောင်ဖို့လည်း အရည်အချင်း ပြည့်မီတယ်။ သဘာပတိအဖြစ် လုပ်ဆောင်တဲ့အကြီးအကဲဟာ တာဝန်ကျသူတွေကို မေတ္တာနဲ့ ချီးမွမ်းပြီး လိုအပ်သလို သွန်သင်ချက် ပေးသင့်တယ်ဆိုတာ ကျေးဇူးပြု၍ မှတ်သားပါ။ သဘာပတိဟာ အစည်းအဝေး အချိန်အတိအကျ ပြီးဆုံးဖို့အတွက်လည်း တာဝန်ရှိပါတယ်။ ( အပိုဒ် ၁၇ နဲ့ ၁၉ ကိုကြည့်ပါ။) အကယ်၍ သဘာပတိက ဆန္ဒရှိပြီး နေရာလည်းရှိတယ်ဆိုရင် စင်မြင့်ပေါ်မှာ သဘာပတိအတွက် မိုက်တိုင်တစ်ခု ထားပေးနိုင်တယ်။ ဒီလိုနည်းနဲ့ သဘာပတိက နောက်အပိုင်းကို မိတ်ဆက်နေစဉ်မှာ တာဝန်ကျညီအစ်ကိုက အသင့်နေရာ ယူနိုင်တယ်။ သဘာပတိဟာ ကျမ်းစာဖတ်ရှုခြင်းနဲ့ အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ အပိုင်းအတွင်း စင်မြင့်ပေါ်မှာ စားပွဲတစ်လုံးနဲ့ ထိုင်ချင်ရင် ထိုင်နိုင်ပါတယ်။ ဒီလိုလုပ်တာက အချိန်ကုန် သက်သာစေတယ်။
အရန်သွန်သင်သူ
၂၅။ ဖြစ်နိုင်ရင် အတွေ့အကြုံရှိတဲ့ အကြီးအကဲတစ်ဦးကို ဒီတာဝန်ပေးတာ ကောင်းတယ်။ အရန်သွန်သင်သူရဲ့တာဝန်ဟာ အကြီးအကဲနဲ့ အသင်းတော်အမှုထမ်းတွေကို လိုအပ်လာရင် သီးသန့်သွန်သင်ချက်ပေးဖို့ ဖြစ်တယ်။ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး အပိုင်းတစ်ခုခု ကိုင်တွယ်ခြင်း၊ လူထုဟောပြောချက်ပေးခြင်း၊ ကင်းမျှော်စင် သင်တန်း ကိုင်တွယ်ခြင်း/ဖတ်ရှုခြင်း၊ အသင်းတော် ကျမ်းစာလေ့လာမှု ကိုင်တွယ်ခြင်း/ဖတ်ရှုခြင်း စတဲ့ တာဝန်တွေနဲ့စပ်လျဉ်းပြီး သွန်သင်ချက်ပေးရမှာ ဖြစ်တယ်။ ( အပိုဒ် ၁၉ ကိုကြည့်ပါ။) တကယ်လို့ အသင်းတော်မှာ ဟောပြောခြင်းနဲ့ သွန်သင်ခြင်းစွမ်းရည်ရှိတဲ့ အကြီးအကဲတွေ များတယ်ဆိုရင် အရည်အချင်းရှိတဲ့ အကြီးအကဲတစ်ဦးစီက အရန်သွန်သင်သူအဖြစ် တစ်နှစ်ကိုတစ်ယောက် တစ်လှည့်စီ ထမ်းဆောင်နိုင်ပါတယ်။ တာဝန်တိုင်းအတွက် သွန်သင်ချက်ပေးစရာ မလိုပါဘူး။
အရန်သင်တန်းများ
၂၆။ ကျောင်းသားအရေအတွက်ပေါ် မူတည်ပြီး အသင်းတော်က အရန်သင်တန်းတွေ ကျင်းပကောင်း ကျင်းပမှာဖြစ်တယ်။ အရန်သင်တန်းတစ်ခုစီအတွက် အရည်အချင်းရှိတဲ့ သွန်သင်သူတစ်ဦးစီ ရှိသင့်တယ်။ သွန်သင်သူဟာ အကြီးအကဲဖြစ်ရင် ပိုကောင်းပါတယ်။ လိုအပ်ရင် အရည်အချင်းပြည့်မီတဲ့ အသင်းတော်အမှုထမ်းတစ်ဦးကိုလည်း တာဝန်ပေးနိုင်တယ်။ ဒီတာဝန်ထမ်းဆောင်နိုင်သူကို အကြီးအကဲအဖွဲ့က ဆုံးဖြတ်သင့်တယ်။ ဒီတာဝန်ကို အလှည့်ကျ ထမ်းဆောင်မလားဆိုတာကိုလည်း ဆုံးဖြတ်ရပါမယ်။ သွန်သင်သူဟာ အပိုဒ် ၁၈ မှာ ဖော်ပြထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်သင့်ပါတယ်။ တကယ်လို့ အရန်သင်တန်းတွေ ကျင်းပတယ်ဆိုရင် ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ၊ ဘုရားရေးရာရတနာအပိုင်း ပြီးတဲ့နောက် ကျောင်းသားတွေကို အရန်သင်တန်းအခန်းထဲ သွားခိုင်းသင့်တယ်။ နောက်ဆုံးကျောင်းသားတာဝန် ပြီးတဲ့နောက် ပင်မခန်းမနဲ့ ပြန်ပေါင်းသင့်ပါတယ်။
ဗီဒီယိုများ
၂၇။ ဒီအစည်းအဝေးနဲ့ သက်ဆိုင်တဲ့ ဗီဒီယိုတွေကို အသုံးပြုပါမယ်။ ကြားရက်အစည်းအဝေး အတွက် ဗီဒီယိုတွေကို JW Library® မှာ ရနိုင်မှာဖြစ်ပြီး အီလက်ထရောနစ်ကိရိယာ အမျိုးမျိုးနဲ့ ဝင်ကြည့်နိုင်ပါတယ်။
© 2023 Watch Tower Bible and Tract Society of Pennsylvania
S-38-BU 11/23