သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ | ဧနောက်
‘ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့တဲ့သူ’
ဧနောက်ဟာ အသက်ရှည်ရှည်နေခဲ့ရတယ်။ နှစ်ပေါင်း ၃၆၅ နှစ်လောက် အသက်ရှင်ခဲ့တယ်ဆိုတာ ယုံဖို့ ခက်နိုင်ပါတယ်။ ဒီနေ့ခေတ်လူ့သက်တမ်းရဲ့ လေးဆကျော်ကျော် ရှိနေတာကိုး။ ဒါပေမဲ့ သူ့ခေတ်သူ့အခါမှာ အသက်ကြီးနေပြီလို့ မဆိုနိုင်ပါဘူး။ လွန်ခဲ့တဲ့ ရာစုနှစ် ၅၀ ကျော်တုန်းက လူတွေဟာ ဒီနေ့ခေတ်ထက် အသက်ရှည်ကြတယ်။ ဧနောက်မွေးဖွားချိန်မှာ ပထမဆုံး လူသားအာဒံဟာ အသက် ၆၀၀ ကျော်နေတဲ့အပြင် နောက်ထပ် ရာစုနှစ် ၃ ခုလောက်တောင် ဆက်အသက်ရှင်ခဲ့တယ်။ အာဒံရဲ့ သားစဉ်မြေးဆက်တချို့ဆိုရင် အဲဒီထက်တောင် အသက်ရှည်ကြသေးတယ်။ ဒါကြောင့် ဧနောက်ဟာ အသက် ၃၆၅ နှစ်လောက်မှာ သန်စွမ်းပြီး အားမာန်အပြည့်ရှိတဲ့ လူရွယ်သာသာပဲ ရှိဦးမှာပါ။ နောက်ထပ် အသက်ရှင်နိုင်သေးပေမဲ့ သူအသက်ရှင်ခွင့်မရခဲ့ဘူး။
ဧနောက်တစ်ယောက် အကြီးအကျယ်ဒုက္ခရောက်ပြီး ထွက်ပြေးနေရတာကို မြင်ယောင်ကြည့်ပါ။ ဘုရားသခင်ဆီက သတင်းစကားကို ပြောပြတုန်းက လူတွေရဲ့ တုံ့ပြန်ပုံကို သူခေါင်းထဲက မထုတ်နိုင်ဘူး ဖြစ်နေတယ်။ ဒေါသထွက်လွန်းလို့ သူတို့မျက်နှာတွေ တင်းမာခက်ထန်နေတယ်။ သူတို့ ဧနောက်ကို သိပ်မုန်းကြတယ်။ သူပြောတဲ့ သတင်းကိုလည်း လုံးဝမကြိုက်ကြဘူး။ သူ့ကိုစေလွှတ်လိုက်တဲ့ ဘုရားသခင်ကိုဆိုရင် ပိုလို့တောင်ခါးခါးသီးသီး ဖြစ်နေကြတယ်။ ဧနောက်ရဲ့ ဘုရားသခင် ယေဟောဝါကို သူတို့ မတိုက်ခိုက်နိုင်ပေမဲ့ ဧနောက်ကိုတော့ သေချာပေါက် တိုက်ခိုက်နိုင်တယ်။ မိသားစုနဲ့ ပြန်တွေ့ခွင့်ရပါဦးမလားဆိုပြီး ဧနောက် တွေးနေမိမှာပဲ။ ဇနီးနဲ့ သမီးတွေအကြောင်း၊ သားမသုရှလနဲ့ မြေးလာမက်အကြောင်းကိုများ သူစဉ်းစားနေလေမလား။ (ကမ္ဘာဦး ၅:၂၁-၂၃၊ ၂၅) ဒါဟာ သူ့ဘဝရဲ့ နောက်ဆုံးအချိန်များလား။
ကျမ်းစာမှတ်တမ်းမှာ ဧနောက်ဟာ အနည်းငယ် ဆန်းကြယ်တဲ့ ဇာတ်ကောင်တစ်ယောက်ပါ။ သူ့အကြောင်းအနည်းငယ်ကို ကျမ်းစာမှာ သုံးနေရာပဲ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၅:၂၁-၂၄။ ဟေဗြဲ ၁၁:၅။ ယုဒ ၁၄၊ ၁၅) ဒါပေမဲ့ အဲဒီကျမ်းချက်တွေမှာ ဖော်ပြထားတာတွေက ခိုင်မာတဲ့ ယုံကြည်ခြင်းရှိသူ ဧနောက်ကို ပုံဖော်ကြည့်ဖို့ လုံလောက်တဲ့ အချက်အလက်တွေပါပဲ။ သင်ဟာ မိသားစုကို ကျွေးမွေးထောက်ပံ့နေရသလား။ မှန်တယ်လို့ ကိုယ်သိထားတဲ့ အရာတစ်ခုအတွက် မားမားမတ်မတ်ရပ်တည်ဖို့ ကြိုးစားနေရသလား။ ဟုတ်တယ်ဆိုရင် ဧနောက်ရဲ့ ယုံကြည်ခြင်းကနေ အများကြီးသင်ယူနိုင်ပါတယ်။
‘ဧနောက်ဟာ ဘုရားသခင်နဲ့အတူသွားလာ’
ဧနောက် အသက်ရှင်တဲ့အချိန်မှာ လူတွေ သိပ်ဆိုးသွမ်းနေပြီ။ သူဟာ အာဒံရဲ့ ခုနစ်ဆက်မြောက် မျိုးဆက်ဖြစ်တယ်။ အဲဒီခေတ်က လူတွေဟာ အာဒံနဲ့ဧဝတို့ တစ်ချိန်က ပိုင်ဆိုင်ခဲ့ပေမဲ့ ဆုံးရှုံးလိုက်ရတဲ့ ပြီးပြည့်စုံလင်တဲ့အသက်တာနဲ့ ပိုနီးစပ်တဲ့အတွက် အသက်ရှည်ကြတယ်။ ဒါပေမဲ့ ကိုယ်ကျင့်တရားလျော့ရဲပြီး ဘုရားတရားစိတ်ဓာတ် မရှိကြတဲ့အတွက် အခြေအနေက တော်တော်ဆိုးဝါးနေတယ်။ နေရာတကာမှာ အကြမ်းဖက်မှုတွေ ရှိနေတယ်။ တကယ်တော့ ဒုတိယမျိုးဆက်ကတည်းက အဲဒီလို စဖြစ်ခဲ့တာပါ။ ကာဣနက ညီဖြစ်သူ အာဗေလကို သတ်ပစ်ခဲ့တယ်။ ကာဣနရဲ့ သားမြေးတစ်ယောက်ဆိုရင် ကာဣနထက် အကြမ်းဖက်တဲ့သူ၊ အငြိုးကြီးတဲ့သူဖြစ်ရတာကို ဂုဏ်ယူနေတဲ့ပုံပဲ။ တတိယမျိုးဆက်မှာ ဆိုးညစ်မှုနောက်တစ်ခု ပေါ်လာတယ်။ ယေဟောဝါဘုရားရဲ့နာမည်ကို လူတွေ ခေါ်စပြုလာကြတာပါပဲ။ ဘုရားကို ကြည်ညိုကိုးကွယ်တဲ့သဘောနဲ့ ခေါ်တာတော့ မဟုတ်ဘူး။ ဘုရားရဲ့ မြင့်မြတ်တဲ့နာမည်ကို မလေးမစား စော်ကားတဲ့သဘောနဲ့ ခေါ်ဝေါ်သုံးစွဲကြမှန်း သိသာတယ်။—ကမ္ဘာဦး ၄:၈၊ ၂၃-၂၆။
ဖောက်ပြန်တဲ့ အဲဒီဘာသာတရားဟာ ဧနောက်ခေတ်မှာ တော်တော်ကြီးစိုးနေပုံရတယ်။ သူအသက်အရွယ်ရလာတဲ့အခါ ရွေးချယ်စရာ ပေါ်လာတယ်။ သူ့ခေတ်မှာရှိတဲ့ လူအများစုပုံစံ လိုက်မလား ဒါမှမဟုတ် မိုးမြေကိုဖန်ဆင်းတဲ့ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါကို စူးစမ်းရှာဖွေမလား။ ယေဟောဝါဘုရားကို သစ္စာရှိရှိကိုးကွယ်သူ၊ ယုံကြည်ချက်အတွက် အသက်စွန့်ခဲ့သူ အာဗေလအကြောင်း သိရတဲ့အခါ သူ့စိတ်ထဲ တော်တော်အားကျသွားမှာ သေချာတယ်။ ဒါနဲ့ အဲဒီလို ရပ်တည်ဖို့ သူဆုံးဖြတ်လိုက်တယ်။ ကမ္ဘာဦး ၅:၂၂ မှာ ‘ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏’ လို့ ဖော်ပြထားတယ်။ ဒီကျမ်းစကားအရ ဧနောက်ဟာ ဘုရားတရားမဲ့တဲ့လောကမှာ ဘုရားတရားကိုင်းရှိုင်းသူအဖြစ် ထူးထူးခြားခြား ပေါ်လွင်နေမှာပဲ။ သူဟာ ကျမ်းစာမှာ အဲဒီလိုဖော်ပြခံရတဲ့ ပထမဆုံးသူဖြစ်တယ်။
ဧနောက်ဟာ မသုရှလကို မွေးဖွားပြီးနောက် ဘုရားသခင်နဲ့အတူ ဆက်ပြီးသွားလာတဲ့အကြောင်း အဲဒီကျမ်းချက်မှာ ဖော်ပြထားတယ်။ ဒါကြောင့် အသက် ၆၅ နှစ်လောက်မှာ မိသားစုဘဝကို ထူထောင်ခဲ့မှန်း သိနိုင်တယ်။ သူ့ဇနီးနာမည်နဲ့ သားသမီးအရေအတွက် အတိအကျကို ကျမ်းစာမှာ မဖော်ပြထားဘူး။ ဘုရားသခင်နဲ့ အတူသွားလာတဲ့ ဖခင်တစ်ယောက်ဟာ မိသားစုကို ပြုစုစောင့်ရှောက်တဲ့အခါ ဘုရားသခင့်လမ်းစဉ်အတိုင်း ဂရုတစိုက်စောင့်ရှောက်မှာ သေချာတယ်။ ဇနီးနဲ့ သစ္စာရှိရှိ မခွဲအတူနေဖို့ ဘုရားသခင် အလိုရှိမှန်း သူသဘောပေါက်မှာပဲ။ (ကမ္ဘာဦး ၂:၂၄) သားသမီးတွေကို ယေဟောဝါအကြောင်း အတတ်နိုင်ဆုံး သင်ကြားပေးခဲ့မှာ သေချာတယ်။ အဲဒီအတွက် ဘာအကျိုးရခဲ့သလဲ။
အဲဒီအကြောင်းကို ကျမ်းစာထဲမှာ အသေးစိတ် မဖော်ပြထားဘူး။ ကျမ်းစာမှတ်တမ်းအရ အသက်အရှည်ဆုံးဖြစ်ပြီး ရေလွှမ်းမိုးဘေး ကျရောက်တဲ့နှစ်မှာ သေဆုံးသွားတဲ့ သူ့သား မသုရှလရဲ့ ယုံကြည်ခြင်းအကြောင်း ဘာမှမဖော်ပြထားဘူး။ ဒါပေမဲ့ မသုရှလမှာ လာမက်လို့ခေါ်တဲ့ သားတစ်ယောက်ရှိတယ်။ လာမက်ဟာ အဘိုးဖြစ်သူ ဧနောက်နဲ့ ရာစုနှစ်တစ်ခုကျော် အတူအသက်ရှင်ခဲ့တယ်။ လာမက်ဟာ ထူးခြားတဲ့ ယုံကြည်ခြင်းရှိသူအဖြစ် ကြီးပြင်းလာခဲ့တယ်။ ယေဟောဝါဘုရားက သူ့သားနောဧအကြောင်း ကြိုဟောဖို့ သူ့ကို စွမ်းအားတော်နဲ့ လမ်းညွှန်ခဲ့တယ်။ အဲဒီကြိုဟောချက်ဟာ ရေလွှမ်းမိုးဘေးနောက်ပိုင်းမှာ တကယ်ဖြစ်ပျက်လာခဲ့တယ်။ နောဧဟာ ဘိုးဘေးဖြစ်သူ ဧနောက်လိုပဲ ဘုရားသခင်နဲ့အတူ သွားလာသူအဖြစ် ထူးထူးခြားခြား ပေါ်လွင်ခဲ့တယ်။ နောဧဟာ ဧနောက်ကို မမြင်လိုက်ရဘူး။ ဒါပေမဲ့ ဧနောက်ချန်ရစ်ခဲ့တဲ့ အမွေအနှစ်က ကြီးမားလှပါတယ်။ နောဧက ဧနောက်ချန်ရစ်ခဲ့တဲ့ အမွေအကြောင်း ဖခင်လာမက်ဆီကနေ သင်ယူခဲ့တာဖြစ်နိုင်တယ်။ အဘိုးမသုရှလဆီကနေ ဒါမှမဟုတ် ဧနောက်ရဲ့ဖခင် ယာရက်ဆီကနေ သင်ယူခဲ့တာလည်း ဖြစ်နိုင်တယ်။ ယာရက်ဟာ နောဧအသက် ၃၆၆ နှစ်မှာ သေဆုံးသွားခဲ့တယ်။—ကမ္ဘာဦး ၅:၂၅-၂၉။ ၆:၉။ ၉:၁။
ဧနောက်နဲ့ အာဒံ ကွာခြားပုံကို စဉ်းစားကြည့်ပါ။ အာဒံဟာ ပြီးပြည့်စုံတဲ့သူဖြစ်ပေမဲ့ ဘုရားသခင်ကိုပြစ်မှားပြီး သားစဉ်မြေးဆက်တွေအတွက် ပုန်ကန်မှုနဲ့ ဆင်းရဲဒုက္ခတွေကို အမွေအဖြစ်ချန်ရစ်ခဲ့တယ်။ ဧနောက်ကတော့ ပြီးပြည့်စုံတဲ့သူမဟုတ်ပေမဲ့ ဘုရားသခင်နဲ့အတူ သွားလာပြီး ယုံကြည်ခြင်းအမွေအနှစ်ကို သားမြေးတွေအတွက် ထားရစ်နိုင်ခဲ့တယ်။ ဧနောက်အသက် ၃၀၈ နှစ်မှာ အာဒံသေဆုံးသွားတယ်။ အလွန်အတ္တကြီးတဲ့ ဘိုးဘေးအာဒံ ဆုံးပါးချိန်မှာ သူ့သားမြေးတွေ ပူဆွေးငိုကြွေးခဲ့ကြသလား။ ကျွန်တော်တို့ မသိရဘူး။ ဘာပဲဖြစ်ဖြစ် ဧနောက်ကတော့ ‘ဘုရားသခင်နဲ့အတူ သွားလာခဲ့တယ်။’—ကမ္ဘာဦး ၅:၂၄။
သင်ဟာ မိသားစုကို ထောက်ပံ့နေရသူဆိုရင် ဧနောက်ရဲ့ယုံကြည်ခြင်းကနေ ဘာသင်ယူနိုင်သလဲဆိုတာ စဉ်းစားကြည့်ပါ။ မိသားစုရဲ့ စားဝတ်နေရေးကို ထောက်ပံ့ပေးတာက အရေးကြီးပေမဲ့ ဘုရားရေးရာစိတ်ဓာတ်ရှိလာအောင် လေ့ကျင့်ပေးတာက ပိုအရေးကြီးပါတယ်။ (၁ တိမောသေ ၅:၈) အဲဒီလို လေ့ကျင့်ပေးတဲ့အခါ အပြောနဲ့သာမက လက်တွေ့လုပ်ပြဖို့ လိုတယ်။ သင်လည်း ဧနောက်လို ဘုရားသခင့်စံနှုန်းအတိုင်း အသက်ရှင်ပြီး ဘုရားနဲ့အတူသွားလာဖို့ ရွေးချယ်ရင် မိသားစုအတွက် တကယ့်အဖိုးတန်အမွေအနှစ် ဖြစ်တဲ့ တုပထိုက်စရာ စံနမူနာကို ချမှတ်ပေးနေတာပါပဲ။
သူတို့အကြောင်း ဧနောက် ကြိုဟောခဲ့
ဧနောက်ဟာ ယုံကြည်ခြင်းမရှိသူတွေကြားမှာ ယုံကြည်ခြင်းရှိသူဆိုလို့ ငါတစ်ယောက်တည်းပါလားဆိုပြီး တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမဲ့ သူကိုးကွယ်တဲ့ဘုရား ယေဟောဝါက သူ့ကို ဂရုစိုက်စောင့်ကြည့်နေတယ်။ သစ္စာရှိကျေးကျွန်ဧနောက်ကို ယေဟောဝါဘုရား ဆက်သွယ်တဲ့နေ့ ရောက်လာပါပြီ။ သူ့ခေတ်ကလူတွေကို ပြောပြရမယ့် သတင်းတစ်ခု သူ့ကို ဘုရားပေးတယ်။ ဒီနည်းနဲ့ ဧနောက်ဟာ ကျမ်းစာထဲမှာပါတဲ့ သတင်းစကားကို ဦးဆုံးကြိုဟောတဲ့သူ ဖြစ်လာတယ်။ ရာစုနှစ်များစွာကြာပြီးနောက် ဧနောက်ရဲ့ကြိုဟောချက်တွေကို ယေရှုရဲ့ညီ a
ယုဒက စွမ်းအားတော်လမ်းညွှန်မှုနဲ့ ရေးသားခဲ့တဲ့အတွက် အဲဒီအချက်ကို ကျွန်တော်တို့ သိရတယ်။ဧနောက် ဘာအကြောင်း ကြိုဟောခဲ့သလဲ။ “ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့်ပြုသော အဓမ္မအမှုရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း၊ မတရားသော လူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ပြောသော ကြမ်းတမ်းသော စကားရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း ဖော်ပြခြင်းငှာ၊ အတိုင်းမသိများစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွ ကြွလာတော်မူလိမ့်မည်” ဆိုတဲ့စကားပါပဲ။ (ယုဒ ၁၄၊ ၁၅) အဲဒီစကားအတိုင်း တကယ်ဖြစ်လာလိမ့်မယ်ဆိုတာကို ဧနောက် အခိုင်အမာယုံကြည်ခဲ့တယ်။ သူ့အတွက်တော့ အဲဒီကြိုဟောချက်မှာပါတဲ့ စကားတွေအတိုင်း ဘုရားသခင် လုပ်ဆောင်ပြီးသလိုတောင် ဖြစ်နေပါပြီ။ ပြောချင်တာက ဖြစ်လာမှာ သိပ်သေချာနေတဲ့အတွက် ဖြစ်ပြီးသွားတဲ့ ပုံစံမျိုးနဲ့တောင် သူပြောနိုင်နေပြီဆိုတာပါပဲ။—ဟေရှာယ ၄၆:၁၀။
အဲဒီသတင်းကို သူဘယ်လို ကြေညာခဲ့လေသလဲ၊ နားထောင်သူတိုင်းကို သူပြောပြခဲ့တာဖြစ်နိုင်တယ်။ ဒီသတင်းစကားဟာ ဘယ်လောက်ပြင်းထန်တယ်ဆိုတာ သတိပြုကြည့်ပါ။ “မတရားသောသူ၊” “အဓမ္မအမှု၊” “လူဆိုး၊” “ကြမ်းတမ်း” စတဲ့ စကားလုံးတွေသုံးပြီး လူတွေ၊ သူတို့ရဲ့အကျင့်တွေ၊ လုပ်ပုံကိုင်ပုံတွေကို ရှုတ်ချထားတယ်။ ဒါကြောင့် ဒီကြိုဟောချက်ဟာ ဧဒင်ဥယျာဉ်ကနေ အာဒံနဲ့ဧဝ နှင်ထုတ်ခံရပြီးနောက် ပေါ်ပေါက်လာတဲ့ အဲဒီလူ့အဖွဲ့အစည်းတစ်ခုလုံး ဖောက်ပြန်ယိုယွင်းနေကြောင်း သတိပေးတဲ့စကားဖြစ်တယ်။ ယေဟောဝါဘုရားက ခွန်အားကြီး ကောင်းကင်တမန်တွေဖြစ်တဲ့ “သန့်ရှင်းသူ” အမြောက်အမြားနဲ့အတူ ကြွလာတဲ့အခါ အဲဒီလူ့အဖွဲ့အစည်း ဖျက်ဆီးခံရမယ်။ ဧနောက်ဟာ မကြောက်မရွံ့ဘဲ ဘုရားဆီကလာတဲ့ အဲဒီသတိပေးချက်ကို တစ်ယောက်တည်း ကြေညာခဲ့တယ်။ လူငယ်လေးလာမက်ဟာ အဘိုးဖြစ်သူရဲ့ ရဲရင့်ပုံကို တအံ့တဩ ငေးကြည့်ခဲ့လေသလား။ ကြည့်ခဲ့တယ်ဆိုရင်တော့ သူ့အဖြစ်ကို ကျွန်တော်တို့ နားလည်နိုင်ပါတယ်။
ဧနောက်ရဲ့ ယုံကြည်ခြင်းက ဒီနေ့ခေတ်လူ့လောကကို ဘုရားသခင်မြင်သလို ကျွန်တော်တို့ မြင်ရဲ့လားဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးကြည့်ဖို့ လှုံ့ဆော်ပေးတယ်။ သူသတ္တိရှိရှိကြေညာခဲ့တဲ့ သတင်းစကားဟာ သူ့ခေတ်နဲ့ရော ဒီနေ့ခေတ်နဲ့ပါ သက်ဆိုင်တယ်။ သူကြေညာခဲ့တဲ့အတိုင်း ယေဟောဝါဘုရားက ဘုရားတရားမဲ့တဲ့ အဲဒီလောကကို နောဧခေတ်မှာ ရေလွှမ်းမိုးဘေးကြီးနဲ့ ဖျက်ဆီးခဲ့တယ်။ ဒါဟာ နောင်ဖြစ်လာမယ့် ဖျက်ဆီးခြင်းအတွက် နမူနာပဲ။ (မဿဲ ၂၄:၃၈၊ ၃၉။ ၂ ပေတရု ၂:၄-၆) အဲဒီခေတ်ကလိုပဲ ဒီနေ့အချိန်မှာလည်း ဘုရားသခင်ဟာ ဘုရားတရားမဲ့တဲ့ လူ့လောကကို တရားစီရင်ဖို့ သန့်ရှင်းတဲ့ကောင်းကင်တမန်တွေနဲ့အတူ အဆင်သင့်ဖြစ်နေပါပြီ။ ဒါကြောင့် ကျွန်တော်တို့အားလုံး ဧနောက်ရဲ့ သတိပေးချက်ကို နှလုံးသွင်းပြီး သူတစ်ပါးကိုပြောပြဖို့ လိုတယ်။ အဲဒီအခါ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ကိုယ့်ဘက်ရပ်တည်ချင်မှ ရပ်တည်ပါလိမ့်မယ်။ ငါတစ်ယောက်တည်းပါလားလို့ တစ်ခါတလေ ခံစားမိမယ်။ ဒါပေမဲ့ ယေဟောဝါဘုရားက ဧနောက်ကို မစွန့်ပစ်ခဲ့သလို ဒီနေ့ခေတ်သစ္စာရှိကျေးကျွန်တွေကိုလည်း ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး။
‘ဧနောက် ပြောင်းရွှေ့ခံရ’
ဧနောက်ရဲ့ နောက်ဆုံးအချိန် ဘယ်လိုရောက်လာသလဲ။ သူသေဆုံးပုံဟာ သူ့ဘဝဇာတ်ကြောင်းထက် ဆန်းကြယ်သလို စိတ်ဝင်စားစရာလည်း ကောင်းတယ်။ ကမ္ဘာဦးကျမ်းမှတ်တမ်းမှာ “ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တစ်ဖန် သူသည် မရှိ။ အကြောင်းမူကား ဘုရားသခင် သိမ်းယူတော်မူသောကြောင့်တည်း” ဆိုပြီး ဖော်ပြထားတယ်။ (ကမ္ဘာဦး ၅:၂၄) ဘုရားသခင်က ဧနောက်ကို ဘယ်လိုသိမ်းယူလိုက်တာလဲ။ နောက်ပိုင်းမှာ တမန်တော်ပေါလုက ‘ယုံကြည်ခြင်းကြောင့် ဧနောက်က ပြောင်းရွှေ့ခံလိုက်ရပြီး သေဆုံးချိန်မှာ ဝေဒနာ မခံစားခဲ့ရဘူး။ ဘုရားသခင် ပြောင်းရွှေ့လိုက်တဲ့အတွက် သူ့ကို ရှာလို့မတွေ့ကြဘူး။ ဒါပေမဲ့ ပြောင်းရွှေ့မခံရခင်မှာ သူဟာ ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့တဲ့သူ ဖြစ်တယ်ဆိုတဲ့ သက်သေခံချက်ကို ရရှိခဲ့တယ်’ ဆိုပြီး ရှင်းပြခဲ့တယ်။ (ဟေဗြဲ ၁၁:၅၊ ကဘ) ပေါလုပြောခဲ့တဲ့ ဧနောက် ‘ပြောင်းရွှေ့ခံလိုက်ရတယ်’ ဆိုတဲ့စကားဟာ ဘာကိုဆိုလိုသလဲ။ ဧနောက်ကို ကောင်းကင်ဘုံဆီ ဘုရားသခင် ခေါ်ဆောင်သွားတယ်လို့ တချို့ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ ဒါဟာ မဖြစ်နိုင်ဘူး။ ကောင်းကင်ကို ရှင်ပြန်ထမြောက်သူတွေထဲမှာ ယေရှုခရစ်ဟာ ဦးဆုံးပဲလို့ ကျမ်းစာထဲမှာ ဖော်ပြထားလို့ပဲ။—ယောဟန် ၃:၁၃။
ဒါဆို ဧနောက်ဟာ ဘယ်လိုသဘောနဲ့ ‘ပြောင်းရွှေ့’ ခံလိုက်ရတာလဲ။ ယေဟောဝါဘုရားက ဧနောက်ကို ဝေဒနာမခံစားရစေဘဲ အသက်ရှင်ခြင်းကနေ သေခြင်းဆီ ညင်ညင်သာသာ ပြောင်းရွှေ့လိုက်တာ ဖြစ်နိုင်တယ်။ ဟေဗြဲ ၁၁:၁၃) နောက်ပိုင်းမှာ ရန်သူတွေက သူ့အလောင်းကို ရှာကောင်းရှာပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ ‘ရှာလို့မတွေ့ကြ’ ဘူး။ ယေဟောဝါဘုရားက သူ့အလောင်းကို ရန်သူတွေ ဖျက်လိုဖျက်ဆီးမလုပ်နိုင်အောင် ဒါမှမဟုတ် အဲဒါကို အသုံးချပြီး မှားယွင်းတဲ့ဘာသာတစ်ခုကို အစပြုတာမျိုး မလုပ်နိုင်အောင် တားဆီးတဲ့အနေနဲ့ သူ့အလောင်းကို ဖျောက်ဖျက်လိုက်ပုံရတယ်။ b
ဒါပေမဲ့ ဘုရားသခင့်စိတ်တော်နဲ့ တွေ့တဲ့သူဖြစ်တယ်ဆိုတဲ့ သက်သေခံချက်ကို ပြောင်းရွှေ့မခံရခင်မှာ သူရခဲ့တယ်။ ဘယ်လိုရခဲ့တာလဲ။ သူမသေဆုံးခင်မှာ ဘုရားသခင်ဆီက စိတ်အာရုံတစ်ခု ရခဲ့တာဖြစ်နိုင်တယ်။ စိတ်အာရုံထဲမှာ ကမ္ဘာတစ်ခွင်လုံးဟာ သာယာလှပတဲ့ဥယျာဉ် ဖြစ်နေပါလိမ့်မယ်။ ဘုရားသခင့်နှစ်သက်မှုကို ရရှိကြောင်းဖော်ပြတဲ့ အဲဒီအထောက်အထားကို ရရှိပြီးနောက် သေခြင်းမှာ သူအိပ်ပျော်သွားတယ်။ ဧနောက်နဲ့ တခြားသစ္စာရှိ အမျိုးသားအမျိုးသမီးတွေနဲ့ ပတ်သက်ပြီး တမန်တော်ပေါလုက ‘ထိုသူအပေါင်းတို့သည် . . . ယုံကြည်ခြင်းအားဖြင့် သေလွန်ကြ၏’ လို့ ရေးခဲ့တယ်။ (အဲဒီကျမ်းဆိုင်ရာ အချက်အလက်တွေကို အခြေခံပြီး ဧနောက်သေဆုံးခဲ့ပုံကို မြင်ယောင်ကြည့်ကြစို့။ ဒါဟာ ဖြစ်နိုင်ချေပဲဆိုတာကို အမှတ်ရပြီး ဒီမြင်ကွင်းကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်ပါ။ ဧနောက်ဟာ ထွက်ပြေးရင်းနဲ့ တအားမောဟိုက်လာတယ်။ နှိပ်စက်ချင်သူတွေက သူကြေညာခဲ့တဲ့ တရားစီရင်ခြင်းသတင်းကြောင့် ဒေါသတကြီးနဲ့ သူ့ကို လိုက်ဖမ်းနေတယ်။ ထွက်ပြေးနေရင်း ပုန်းခိုစရာနေရာတစ်ခုကို သူတွေ့တော့ ခဏနားလိုက်တယ်။ ဒါပေမဲ့ ကြာကြာပုန်းရှောင်နိုင်မှာ မဟုတ်ဘူးဆိုတာ သူ သိနေတယ်။ မကြာခင် အသေဆိုးနဲ့ သေရတော့မှာပါလား။ အဲဒီမှာ နားနေတုန်း ဘုရားသခင်ဆီ သူဆုတောင်းတယ်။ အဲဒီအခါ တစ်မူထူးခြားတဲ့ ငြိမ်သက်အေးချမ်းမှုကို ခံစားလိုက်ရတယ်။ အဲဒီနောက် ကိုယ်တိုင်ရောက်နေသလို ထင်ရတဲ့ စိတ်အာရုံတစ်ခုကို ကွက်ကွက်ကွင်းကွင်း သူမြင်ရတယ်။ အဲဒီစိတ်အာရုံနဲ့အတူ ဝေးလံတဲ့ နေရာတစ်ခုဆီ သူရောက်သွားတယ်။
သူ့ရှေ့မှာ မြင်ကွင်းတစ်ခုပေါ်လာတယ်လို့ မြင်ယောင်ကြည့်ပါ။ မြင်ကွင်းထဲမှာ ကမ္ဘာ့အခြေအနေဟာ သူ့ခေတ်နဲ့တခြားစီပဲ။ ဧဒင်ဥယျာဉ်လို သာယာလှပနေတယ်။ ဥယျာဉ်ကိုစောင့်ကြပ်နေတဲ့ ကောင်းကင်တမန်တွေတော့ မရှိဘူး။ ကျန်းမာသန်စွမ်းပြီး နုပျိုနေတဲ့လူတွေ အများကြီး တွေ့ရတယ်။ သူတို့ဟာ ငြိမ်သက်အေးချမ်းနေတယ်။ သူကိုယ်တိုင် ကြုံခဲ့ရတဲ့ မုန်းတီးမှု၊ ဘာသာရေးဖိနှိပ်မှုတွေ လုံးဝမရှိဘူး။ ဒါဟာ ဘုရားသခင်ရဲ့ ချစ်မြတ်နိုးမှု၊ နှစ်သက်မှုနဲ့ အာမခံချက်ဖြစ်မှန်း ဧနောက်သိလိုက်တယ်။ သူ့အိမ်သူ့ယာ၊ သူပိုင်ဆိုင်တဲ့ နေရာပဲဆိုတာကိုလည်း အသေအချာ သိလိုက်တယ်။ သူ့ရဲ့စိတ်ဟာ ငြိမ်းအေးသည်ထက် ငြိမ်းအေးလာပြီးနောက် မျက်လုံးအစုံကို မှိတ်လိုက်တဲ့အခါ အကြီးအကျယ် အိပ်မောကျသွားတော့တယ်။
သူဟာ အခုချိန်ထိ သေခြင်းမှာ အိပ်မောကျနေတုန်းပါပဲ။ ယေဟောဝါဘုရားရဲ့ အတိုင်းအဆမဲ့ မှတ်ဉာဏ်ထဲမှာ သူရှိနေတယ်။ နောက်ပိုင်းမှာ ယေရှုကတိပေးခဲ့တဲ့အတိုင်း ဘုရားသခင့်မှတ်ဉာဏ်ထဲမှာရှိသူတွေ ခရစ်တော်ရဲ့ အသံကိုကြားတဲ့အခါ သင်္ချိုင်းကနေ ထွက်လာမယ့်နေ့ ရောက်တော့မယ်။ သူတို့မျက်လုံးအစုံ ပွင့်လာတဲ့အခါ သာယာလှပပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်ကို မြင်ရပါလိမ့်မယ်။—ယောဟန် ၅:၂၈၊ ၂၉။
သင်ကော အဲဒီမှာရှိချင်သလား။ ဧနောက်ကို ပြန်တွေ့ရတဲ့အခါ ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ သူ့ဆီကနေ ဘယ်လို စိတ်ဝင်စားစရာအချက်တွေ သင်ယူနိုင်မလဲဆိုတာကိုလည်း စဉ်းစားကြည့်ပါ။ သူ့ရဲ့နောက်ဆုံးအချိန်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိတ်ကူးပုံဖော်ကြည့်တာတွေ တကယ်မှန်ရဲ့လားဆိုတာ သူပြောပြပါလိမ့်မယ်။ ဒါပေမဲ့ အခုလောလောဆယ် သူ့ဆီက အရေးတကြီးသင်ယူစရာ ရှိတယ်။ ပေါလုက ဧနောက်အကြောင်း ပြောပြီးတဲ့နောက် “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်” ဆိုပြီးပြောခဲ့တယ်။ (ဟေဗြဲ ၁၁:၆) ဒါကြောင့် ဧနောက်ရဲ့ ရဲရင့်တဲ့ ယုံကြည်ခြင်းကို အတုယူဖို့ အရေးကြီးတယ်။
a ကျမ်းပညာရှင် တချို့က ကျမ်းရင်းဝင်မဟုတ်တဲ့ အပေါခရစ်ဖာကျမ်းထဲက ဧနောက်ဝတ္ထုကို ယုဒကိုးကားခဲ့တယ်ဆိုပြီး ဝေဖန်ကြတယ်။ ဒါပေမဲ့ အဲဒီဝတ္ထုဟာ ဇာစ်မြစ်မသေချာဘဲ တလွဲဖော်ပြထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းသာ ဖြစ်ပါတယ်။ အဲဒီဝတ္ထုထဲမှာ ဧနောက်ရဲ့ ကြိုဟောချက်ကို တိတိကျကျဖော်ပြထားတယ်။ ဒါပေမဲ့ အဲဒီကြိုဟောချက်ဟာ ဒီနေ့ခေတ်မှာ မရှိတော့တဲ့ ရှေးဟောင်းမှတ်တမ်းမှတ်ရာတွေနဲ့ နှုတ်တိုက်လက်ဆင့်ကမ်းထားတဲ့ အချက်အလက်တွေကနေ ထုတ်နုတ်ထားတာဖြစ်နိုင်တယ်။ ယုဒက အဲဒီရှေးဟောင်းမှတ်တမ်းတွေကို ကိုးကားခဲ့တာဖြစ်နိုင်သလို ဧနောက်အကြောင်း ယေရှုဆီကနေ သိခဲ့ရတာတွေကို ဖော်ပြတာလည်း ဖြစ်နိုင်တယ်။ ယေရှုက ဧနောက်အသက်ရှင်ခဲ့တာကို ကောင်းကင်ကနေ မြင်တွေ့ခဲ့လို့ ဖြစ်တယ်။
b ဘုရားသခင်က မောရှနဲ့ ယေရှုရဲ့အလောင်းကိုလည်း အဲဒီလို တလွဲအသုံးမပြုနိုင်အောင် အသေအချာ လုပ်ဆောင်ခဲ့ပုံရတယ်။—တရားဟောရာ ၃၄:၅၊ ၆။ လုကာ ၂၄:၃-၆။ ယုဒ ၉။