မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ကို သင် စိတ်ဆိုးနေသလား

ဘုရားသခင်ကို သင် စိတ်ဆိုးနေသလား

“ငါ့ကျမှ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ငါ့ကို ဘုရားသခင် ဘာမှမလုပ်ပေးဘူးလား။” ဘရာဇီးနိုင်ငံက အသက် ၂၄ နှစ်အရွယ် ဆီဒနိတ်က အဲဒီမေးခွန်းတွေနဲ့ စိတ်ရှုပ်ထွေးနေတယ်။ သူက ရေလွှာလျှောစီးရင်းနဲ့ မတော်တဆထိခိုက်သွားတဲ့အတွက် ဘီးတပ်ကုလားထိုင်မှာ ရာသက်ပန်နေသွားရရှာတယ်။

မတော်တဆဖြစ်မှု၊ ဖျားနာမှု၊ ချစ်ရသူတစ်ဦးသေဆုံးမှု၊ သဘာဝဘေးဒဏ်နဲ့ စစ်ပွဲတွေကြောင့် ဆင်းရဲဒုက္ခတွေကြုံရပြီဆိုရင် လူတွေက ဘုရားသခင်ကို မကျေမနပ်ဖြစ်ပြီး စိတ်ဆိုးလာကြတယ်။ အဲလိုဖြစ်တာက မဆန်းပါဘူး။ ရှေးခေတ်က သစ္စာရှိဘိုးဘေးဖြစ်သူ ယောဘလည်း ဒုက္ခတွေ တစ်ခုပြီးတစ်ခုခံစားရတော့ ဘုရားသခင်ကို အထင်လွဲပြီး အပြစ်တင်တဲ့အပြင် အခုလိုလည်း ပြောခဲ့တယ်– “ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော်လည်း ထူးတော်မမူ။ မတ်တတ်နေသော်လည်း မှတ်တော်မမူ။ ကိုယ်တော်သည် ပြောင်းလဲ၍ အကျွန်ုပ်အပေါ်တွင် ရက်စက်လျက် အားကြီးသောလက်ရုံးဖြင့် ညှဉ်းဆဲတော်မူ၏။”—ယောဘ ၃၀:၂၀၊ ၂၁သမ္မာ။

ဘယ်သူ့ကြောင့်၊ ဘာကြောင့် ဆင်းရဲဒုက္ခတွေခံစားနေရမှန်း ယောဘမသိရှာခဲ့ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့က ဆင်းရဲဒုက္ခတွေ ဘာကြောင့်ဖြစ်ရတာလဲ၊ ကြုံလာရင် ဘယ်လိုကျော်လွှားနိုင်မလဲ စတာတွေကို ကျမ်းစာမှာဖော်ပြပေးထားလို့ သိထားကြတယ်။

ဘုရားသခင်က လူတွေကို ဆင်းရဲဒုက္ခခံစေချင်တာလား

ဘုရားနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ခုလိုဆိုထားပါတယ်– ‘ဘုရားသခင်၏ အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရား ဖြစ်တော်မူ၏။’ (တရားဟောရာ ၃၂:၄) ကိုယ်တော်က “ဟုတ်မှန်ဖြောင့်မတ်” တဲ့ဘုရားလို့လည်း ပြောပြီးတော့ လူတွေကို ဆင်းရဲဒုက္ခခံစေချင်တယ် ဒါမှမဟုတ် ကပ်ဘေးတွေနဲ့ လူတွေကို ဒဏ်ခတ်ပြီး ဖယ်ရှားတယ်ဆိုတာက ယုတ္တိရှိပါ့မလား၊ ဖြစ်ကောဖြစ်နိုင်ပါ့မလား။

ကျမ်းစာမှာတော့ အခုလိုပြောထားတယ်– “စမ်းသပ်ခံရသောအခါ ‘ငါ့ကို ဘုရားသခင် စမ်းသပ်သည်’ ဟု မည်သူမျှမဆိုစေနှင့်။ အကြောင်းမူကား မကောင်းသောအမှုများဖြင့် ဘုရားသခင်ကို မစမ်းသပ်နိုင်သကဲ့သို့ ကိုယ်တော်သည်လည်း မည်သူ့ကိုမျှ စမ်းသပ်တော်မမူ။” (ယာကုပ် ၁:၁၃) ဘုရားသခင်က ပထမဆုံးလူသားမောင်နှံ အာဒံနဲ့ဧဝကို သူတို့ရဲ့ဘဝလိုအပ်ရာအားလုံး၊ ပျော်စရာအလုပ်အကိုင်တွေ ပေးတဲ့အပြင် သာယာလှပတဲ့နေရာမှာ ပြီးပြည့်စုံတဲ့အခြေအနေမျိုးနဲ့ ထားပေးခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ပြီးတော့ သူတို့ကို ဘုရားသခင်က “အချင်းတို့ များပြားစွာ မွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့” လို့ပြောခဲ့ပါတယ်။ ဒါကြောင့် အာဒံနဲ့ဧဝက ဘုရားသခင်ကို စိတ်ဆိုးစရာအကြောင်း ဘာမှမရှိပါဘူး။—ကမ္ဘာဦး ၁:၂၈

ဒါပေမဲ့ ဒီနေ့ခေတ် လူ့ဘဝအခြေအနေက အာဒံနဲ့ဧဝခေတ်အခြေအနေနဲ့ လုံးဝ မတူတော့ပါဘူး။ သမိုင်းတစ်လျှောက်မှာ လူတွေက ဆင်းရဲဒုက္ခတွေ အကြီးအကျယ် ခံစားခဲ့ရတယ်။ “ဖန်ဆင်းခံအရာရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဝေဒနာခံစားနေရသည်” ဆိုတဲ့ ကျမ်းစာဖော်ပြချက်က မှန်နေတယ်မဟုတ်လား။ (ရောမ ၈:၂၂) ဘာဖြစ်ခဲ့လို့လဲ။

ဆင်းရဲဒုက္ခတွေ ဘာကြောင့်ဖြစ်ရ

ဆင်းရဲဒုက္ခတွေ ဖြစ်ရတဲ့အကြောင်းရင်းကိုသိနိုင်ဖို့ ဆင်းရဲဒုက္ခ ဦးဆုံးဖြစ်ခဲ့ချိန်ကို သုံးသပ်ကြည့်ဖို့ လိုပါတယ်။ ပုန်ကန်တဲ့ကောင်းကင်တမန် စာတန်မာရ်နတ်ရဲ့ သွေးထိုးမှုကြောင့် အာဒံနဲ့ဧဝက ဘုရားသခင်ပဲ ခွဲခြားနိုင်တဲ့ အမှားအမှန်စံနှုန်းကို ငြင်းပယ်ခဲ့ကြတယ်။ အဲဒီစံနှုန်းက “အကောင်းနှင့်အဆိုးကို ပိုင်းခြားသိမြင်နိုင်စေသောအပင်၏ အသီးကို” မစားနဲ့လို့ဆိုတဲ့ ဘုရားသခင်ရဲ့ မိန့်မှာချက်ကို ကိုယ်စားပြုပါတယ်။ စာတန်မာရ်နတ်က ဘုရားရဲ့စကား ဧဝနားမထောင်ရင်လည်း သေမှာမဟုတ်ဘူးလို့ ပြောလိုက်တာဟာ ဘုရားကို လိမ်ညာသူလို့ စွပ်စွဲလိုက်တာဖြစ်တယ်။ ဒါ့အပြင် ဘုရားသခင်က လူတွေကို အကောင်းအဆိုး ဆုံးဖြတ်ပိုင်ခွင့်မပေးဘူးလို့လည်း စွပ်စွဲသေးတယ်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇ခမ; ၃:၁-၆) လူသားတွေက ဘုရားသခင့်အုပ်ချုပ်မှုမပါဘဲ သူတို့ဘာသာသူတို့ ကောင်းကောင်းနေနိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ စာတန်မာရ်နတ် ပြောနေတာဖြစ်တယ်။ အဲဒီအချက်တွေကြောင့် အလွန်အရေးကြီးတဲ့ အရေးကိစ္စတစ်ခု ပေါ်လာတယ်။ ဘုရားသခင်က လူသားတွေရဲ့ အုပ်စိုးရှင် ဖြစ်ထိုက်သလား။

ဒါတင်မကဘူး၊ နောက်ထပ်အရေးကိစ္စတစ်ခုကိုလည်း စာတန်ပေါ်ပေါက်စေတယ်။ လူတွေက ကိုယ်ကျိုးအတွက် ဘုရားသခင်ကိုဝတ်ပြုတာလို့ စွပ်စွဲခဲ့တယ်။ သစ္စာရှိသူ ယောဘနဲ့ပတ်သက်ပြီး ဘုရားကို မာရ်နတ် ဒီလိုပြောခဲ့တယ်– ‘ကိုယ်တော်သည် သူနှင့်သူ၏အိမ်ထောင်စုကိုလည်းကောင်း၊ သူပိုင်သမျှ ဥစ္စာပစ္စည်းကိုလည်းကောင်း ကာကွယ်စောင့်ထိန်းတော်မူခဲ့ပါ၏။ အကယ်၍ ကိုယ်တော်သည် သူပိုင်သမျှသော ပစ္စည်းဥစ္စာများကို ဖယ်ရှားလိုက်ပါက သူသည် ကိုယ်တော်အား မျက်မှောက်တော်၌ ကျိန်ဆဲပါလိမ့်မည်။’ (ယောဘ ၁:၁၀၊ ၁၁) အဲဒီစကားတွေဟာ ယောဘနဲ့ပတ်သက်ပြီး စာတန် ပြောနေတာမှန်ပေမဲ့ တကယ်ဆိုရင် လူတွေအားလုံးကလည်း ကိုယ်ကျိုးစိတ်နဲ့ ဘုရားကိုဝတ်ပြုနေတာပါလို့ ပြောလိုက်တာဖြစ်တယ်။

အရေးကိစ္စတွေကို ဘုရားသခင်ဖြေရှင်းပုံ

ပေါ်ပေါက်လာတဲ့အရေးကိစ္စတွေကို တစ်ခါတည်းနဲ့အပြီးအပိုင်ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းက ဘာဖြစ်မလဲ။ ဉာဏ်ပညာအရှိဆုံးအရှင် ဘုရားသခင်ဆီမှာ အကောင်းဆုံးဖြေရှင်းနည်း ရှိပါတယ်။ အဲဒီဖြေရှင်းနည်းကြောင့် ကျွန်ုပ်တို့ခံစားနေရတဲ့ မကျေနပ်ချက်တွေ ပြေပျောက်သွားမှာဖြစ်တယ်။ (ရောမ ၁၁:၃၃) လူသားတွေကို သူတို့ဘာသာသူတို့ အချိန်အတိုင်းအတာတစ်ခုအထိ အုပ်ချုပ်ဖို့၊ ဘယ်သူ့အုပ်ချုပ်မှုက အကောင်းဆုံးလဲဆိုတာ သိရှိခွင့်ပေးဖို့ ဘုရားသခင်ဆုံးဖြတ်လိုက်တယ်။

ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခတွေဖြစ်ပျက်နေတာက လူ့အုပ်ချုပ်မှုဟာ လုံးဝမအောင်မြင်ဘူးဆိုတာကို ဖော်ပြလိုက်တာပဲ။ လူ့အုပ်ချုပ်မှုတွေက ငြိမ်းချမ်းမှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုတို့ကို မဆောင်ကြဉ်းပေးနိုင်တဲ့အပြင် ကမ္ဘာမြေကြီးကိုလည်း ရစရာမရှိအောင် ဖျက်ဆီးနေကြပါတယ်။ ဒါကြောင့် ကျမ်းစာပါ ဒီအခြေခံအမှန်တရား မှန်ကန်ကြောင်း ပိုပြီးပေါ်လွင်လာပါတယ်– ‘လူသည် သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်။’ (ယေရမိ ၁၀:၂၃) ဘုရားသခင်ရဲ့အုပ်ချုပ်မှုကသာ လူတွေအတွက် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှု၊ လုံခြုံမှုတို့ကို လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါက ဘုရားရည်ရွယ်ချက်လည်း ဖြစ်နေလို့ပါ။—ဟေရှာယ ၄၅:၁၈

ဒါဆိုရင် ဘုရားသခင်က လူတွေအတွက် မိမိရဲ့ရည်ရွယ်ချက် ဖြစ်မြောက်အောင် ဘယ်လိုလုပ်ပေးမှာလဲ။ တပည့်တွေကို အခုလို ဆုတောင်းဖို့ ယေရှုသင်ပေးခဲ့ပါတယ်– “နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။” (မဿဲ ၆:၁၀) ဘုရားသခင်က အချိန်တန်တဲ့အခါ မိမိနိုင်ငံတော်အားဖြင့် ဆင်းရဲဒုက္ခဖြစ်ရတဲ့ အကြောင်းရင်းအားလုံးကို ဖယ်ရှားပေးတော့မှာ။ (ဒံယေလ ၂:၄၄၊ ၄၅) ဆင်းရဲဒုက္ခ၊ ရောဂါဘယ၊ သေခြင်းတို့က အတိတ်မှာကျန်ရစ်ခဲ့တဲ့အရာတွေ ဖြစ်သွားပါလိမ့်မယ်။ ဆင်းရဲသားတွေနဲ့ပတ်သက်ပြီး ဘုရားသခင်က ‘ဟစ်အော်အကူအညီတောင်းကြသည့် ဆင်းရဲသူတို့အား ကယ်ဆယ်တော်မူ၏’ လို့ ကျမ်းစာမှာဆိုထားပါတယ်။ (ဆာလံ ၇၂:၁၂-၁၄ခမ) ဖျားနာသူတွေနဲ့ပတ်သက်ပြီး ကျမ်းစာမှာ အခုလို ကတိပေးထားတယ်– “မြို့သားကလည်း ‘ငါနာ’ သည်ဟု မဆိုရ။” (ဟေရှာယ ၃၃:၂၄) ဘုရားသခင့်မှတ်ဉာဏ်ထဲမှာရှိတဲ့ သေလွန်သူတွေနဲ့ပတ်သက်ပြီး ယေရှုက “သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်” လို့ ပြောခဲ့တယ်။ (ယောဟန် ၅:၂၈၊ ၂၉) အဲဒါတွေအားလုံးက အားရှိစရာကတိတွေပဲ မဟုတ်လား။

ဘုရားသခင့်ကတိတွေကို ယုံကြည်စိတ်ချမယ်ဆိုရင် ကိုယ်တော်ကို စိတ်ဆိုးနေတာတွေ ပြေပျောက်သွားနိုင်

မကျေမနပ်ဖြစ်နေတာတွေ ပြေပျောက်သွားနိုင်

ဒီဆောင်းပါးအစမှာဖော်ပြခဲ့တဲ့ ဆီဒနိတ်က မတော်တဆထိခိုက်မှုဖြစ်ပြီး ၁၇ နှစ်အကြာမှာ အခုလိုပြောပါတယ်– “မတော်တဆထိခိုက်မှုအတွက် ယေဟောဝါဘုရားကို တစ်ခါမှ အပြစ်မတင်ခဲ့ပေမဲ့ အစပိုင်းမှာ ကိုယ်တော်ကို စိတ်ဆိုးခဲ့တာတော့အမှန်ပဲ။ မသန်မစွမ်းဖြစ်သွားရတဲ့ အဖြစ်ဆိုးကြီးကို တွေးမိလိုက်တိုင်း ဝမ်းနည်းပြီး ငိုခဲ့ရတဲ့ရက်တွေရှိပါတယ်။ ဒါပေမဲ့ မတော်တဆထိခိုက်မှုဟာ ဘုရားသခင်အပြစ်ပေးတာမဟုတ်မှန်း ကျမ်းစာထဲကနေ ကျွန်တော်သိလာတယ်။ ကျမ်းစာမှာပြောထားသလိုပဲ ‘မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်တဲ့ဖြစ်ရပ်တွေ’ ကျွန်တော်တို့ ကြုံရနိုင်ပါတယ်။ ယေဟောဝါဘုရားဆီ ဆုတောင်းတာ၊ ကျမ်းစာဖတ်တာတွေကြောင့် ဘုရားသခင်နဲ့ဆက်ဆံရေးနှောင်ကြိုး ခိုင်မာလာပြီး အကောင်းမြင်သဘာထားလည်း ရှိလာပါတယ်။”—ဒေသနာ ၉:၁၁ကဘ; ဆာလံ ၁၄၅:၁၈; ၂ ကောရိန္သု ၄:၈၊ ၉၊ ၁၆

ဘုရားသခင်က ဆင်းရဲဒုက္ခတွေကို ဖြစ်ခွင့်ပြုရတဲ့အကြောင်း၊ မကြာခင် ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးတော့မယ့်အကြောင်း ကျွန်ုပ်တို့ စိတ်စွဲမှတ်ထားမယ်ဆိုရင် ကိုယ်တော့်ကို ကျွန်ုပ်တို့ စိတ်ဆိုးနေတာတွေ ပြေပျောက်သွားနိုင်ပါတယ်။ ဘုရားသခင်ဟာ “မိမိအား စိတ်ထက်သန်စွာရှာဖွေသူကို ဆုချသောအရှင်” ဖြစ်တယ်ဆိုတာကိုလည်း အကြွင်းမဲ့ ယုံကြည်စိတ်ချထားပါ။ ဘုရားသခင်နဲ့ သားတော်ယေရှုတို့ကို ယုံကြည်အားကိုးသူတိုင်း မကျေမနပ်ဖြစ်စရာအကြောင်း ရှိမှာမဟုတ်ပါဘူး။—ဟေဗြဲ ၁၁:၆; ရောမ ၁၀:၁၁