ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
မိဘကောင်းဖြစ်ဖို့ ဘာလုပ်ရမလဲ
တစ်ဦးနဲ့တစ်ဦး ချစ်ခင်လေးစားတဲ့ မိဘနှစ်ပါးရဲ့ မိသားစုအသိုင်းအဝန်းက ကလေးတွေဟာ နောက်ခံကောင်းကောင်းနဲ့ ကြီးပြင်းလာတတ်ကြတယ်။ (ကောလောသဲ ၃:၁၄၊ ၁၉) ယေဟောဝါဘုရားသခင်က သားတော်ယေရှုကို ချီးမွမ်းပေးသလို မိဘကောင်းတွေက ကလေးတွေကို ချစ်မြတ်နိုးကြောင်းပြောဆိုပြီး ချီးမွမ်းပေးတတ်ကြတယ်။—မဿဲ ၃:၁၇ ကိုဖတ်ပါ။
ကောင်းကင်ဖခင်ဖြစ်တဲ့ ဘုရားသခင်က သားသမီးတွေဖြစ်တဲ့ ကျွန်ုပ်တို့ရဲ့ရင်ဖွင့်သံကို အလေးအနက်ထားပြီး နားထောင်ပေးတယ်။ ဒါကြောင့် မိဘတွေလည်း ကိုယ်တော်ကို အတုယူပြီး သားသမီးတွေရဲ့ပြောဆိုရာကို ဂရုတစိုက် နားထောင်ပေးသင့်တယ်။ (ယာကုပ် ၁:၁၉) ကလေးတွေရဲ့ခံစားချက်တွေအပြင် တစ်ခါတလေ သူတို့ရဲ့မကျေနပ်ချက်တွေကိုလည်း နားလည်ပေးသင့်တယ်။—တောလည်ရာ ၁၁:၁၁၊ ၁၅ ကိုဖတ်ပါ။
တာဝန်သိတတ်တဲ့ ကလေးတွေဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင်နိုင်မလဲ
မိဘဖြစ်တဲ့သင်ဟာ သားသမီးတွေအပေါ် စည်းကမ်းတွေ ထုတ်ပိုင်ခွင့်ရှိပါတယ်။ (ဧဖက် ၆:၁) ဒါပေမဲ့ ယေဟောဝါဘုရားရဲ့ စံမူနာကောင်းကနေ သင်ယူပါ။ ကိုယ်တော်က သားသမီးတွေဖြစ်တဲ့ အာဒံနဲ့ဧဝကို တိကျပြတ်သားတဲ့ ပညတ်တွေပေးတဲ့အပြင် ပုန်ကန်ခြင်းရဲ့ ဆိုးကျိုးတွေကိုပါ ပြောပြပြီး သူတို့ကိုချစ်ကြောင်း ပြခဲ့တယ်။ (ကမ္ဘာဦး ၃:၃) ခုချိန်မှာလည်း ဘုရားသခင်က မိမိရဲ့စကားကို အတင်းအကျပ် နားထောင်ခိုင်းမယ့်အစား မှန်ရာကိုလုပ်ရင် ဘာကောင်းကျိုးတွေ ရရှိမလဲဆိုတာ သင်ပေးတယ်။—ဟေရှာယ ၄၈:၁၈၊ ၁၉ ကိုဖတ်ပါ။
ဘုရားသခင်ကို သင့်ရဲ့သားသမီးတွေ ချစ်မြတ်နိုးလာအောင် ပန်းတိုင်ထားပြီး ကူညီပေးပါ။ ဒါမှသာ သူတို့က သင်နဲ့အတူမရှိရင်တောင် ပညာရှိရှိလုပ်ဆောင်တတ်လာမှာ ဖြစ်တယ်။ ဘုရားသခင်က အပြောနဲ့ရောအလုပ်နဲ့ပါ သင်ပေးတတ်သလို သင်လည်း ဘုရားသခင်ကို ကလေးတွေ ချစ်မြတ်နိုးတတ်လာအောင် အပြောနဲ့ရောအလုပ်နဲ့ပါ သင်ပေးပါ။—တရားဟောရာ ၆:၅–၇; ဧဖက် ၄:၃၂; ၅:၁ တို့ကိုဖတ်ပါ။