တီမ်ဂါတ်—ပျက်စီးသွားတဲ့မြို့က လှစ်ဟပြနေတဲ့ လျှို့ဝှက်ချက်များ
ရဲဝံ့စွန့်စားတဲ့ စူးစမ်းရှာဖွေသူဟာ သူ့မျက်စိကိုတောင် သူမယုံနိုင်ဘူး။ အယ်လ်ဂျီးရီးယားသဲကန္တာရမှာ တစ်စိတ်တစ်ပိုင်း မြေမြှုပ်ပျက်စီးသွားတဲ့ ရောမတွေရဲ့ အောင်မြင်ခြင်း အထိမ်းအမှတ် မုခ်ခုံးကြီးပေါ်မှာ သူမတ်တတ်ရပ်လိုက်မိတာကိုး။ စကော့တလန်သား ဂျိမ်းစ် ဘရူစ်က အဲဒီရှာဖွေမှုကို လုပ်တဲ့ ၁၇၆၅ ခုနှစ်မှာ မြောက်အာဖရိကရှိ ရောမတွေရဲ့ အကြီးဆုံးကိုလိုနီနယ်မြေဖြစ်တဲ့ ရှေးဟောင်းမြို့တော် တာမာဂေဒီ၊ အခုအခေါ် တီမ်ဂါတ်မြို့ အပျက်အယွင်းပေါ်မှာ ခြေချလိုက်မိတယ်ဆိုတာ မသိရှိခဲ့ဘူး။
နှစ်ပေါင်း ၁၀၀ ကျော်ကြာပြီးနောက် ၁၈၈၁ ခုနှစ်မှာ ပြင်သစ်ရှေးဟောင်းသုတေသီတွေက တီမ်ဂါတ်မြို့ရဲ့ မပျက်စီးဘဲ ကျန်ရစ်ခဲ့တဲ့ အစိတ်အပိုင်းတွေကို စတင်တူးဖော်ကြတယ်။ မြို့ရဲ့အနေအထားက လွင်တီးခေါင်ဖြစ်နေပေမဲ့ မြို့သူမြို့သားတွေဟာ သက်သောင့်သက်သာ ဇိမ်ကျကျဘဝပုံစံနဲ့ နေထိုင်ခဲ့ကြတယ်လို့ သုတေသီတွေ ကောက်ချက်ချခဲ့တယ်။ ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ စည်ပင်ဝပြောတဲ့ ကိုလိုနီနယ်မြေကို ရောမတွေ ဘာကြောင့် တည်ထောင်ခဲ့တာလဲ။ ဒီရှေးဟောင်းမြို့နဲ့ မြို့သူမြို့သားတွေဆီကနေ ဘာတွေသိရှိနိုင်မလဲ။
နိုင်ငံရေးမြှုပ်ကွက်
ဘီစီ ပထမရာစုမှာ ရောမတွေက မြောက်အာဖရိကတိုက်အထိ ကိုလိုနီနယ်မြေချဲ့ထွင်တဲ့အခါ ရွှေ့ပြောင်းနေထိုင်တတ်ကြတဲ့ မျိုးနွယ်စုတချို့ရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပုန်ကန်မှုကို ကြုံတွေ့ရတယ်။ ရောမတွေဟာ ဘယ်လိုနည်းတွေသုံးပြီး ဒေသခံတွေနဲ့ ငြိမ်းချမ်းရေး ရယူခဲ့သလဲ။ ဦးဆုံး၊ တတိယမြောက် ဩဂတ်စတင်တပ်ဖွဲ့ရဲ့ စစ်သားတွေက ဒီနေ့ခေတ် အယ်လ်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ တောင်တန်းကြီးတွေတစ်လျှောက်မှာ ခံတပ်တွေနဲ့ ကင်းစောင့်စခန်းတွေ အများကြီးတည်ဆောက်ခဲ့တယ်။ နောက်ပိုင်းမှာ နိုင်ငံရေးမြှုပ်ကွက်အတွက် တီမ်ဂါတ်မြို့ကို တည်ဆောက်ခဲ့ကြတယ်။
တီမ်ဂါတ်မြို့ကို ရောမတွေ တည်ဆောက်ရတဲ့ ရည်ရွယ်ချက်က စစ်မှုထမ်းဟောင်းတွေနေဖို့အပြင် ဒေသခံမျိုးနွယ်စုတွေရဲ့ ဆန့်ကျင်မှုကို လျော့နည်းစေဖို့လည်း ဖြစ်တယ်။ သူတို့ရည်ရွယ်ချက် အောင်မြင်ခဲ့ပါတယ်။ ကုန်ပစ္စည်းတွေရောင်းဖို့ မြို့ပေါ်တက်လာတဲ့ တောသူတောင်သားတွေဟာ တီမ်ဂါတ်မြို့မှာ ဇိမ်ကျကျနေရတဲ့ ဘဝပုံစံကို အရမ်းသဘောကျသွားတယ်။ ရောမနိုင်ငံသားတွေပဲ နေထိုင်ခွင့်ရတဲ့ တီမ်ဂါတ်မြို့မှာ ဒေသခံအာဖရိကန်တွေလည်း နေထိုင်ချင်ကြတယ်။ ဒါကြောင့် သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့သားတွေ ရောမနိုင်ငံသားဖြစ်ခွင့်ရဖို့ ရောမစစ်တပ်ထဲမှာ ၂၅ နှစ် လိုလိုလားလား စစ်မှုထမ်းခဲ့ကြတယ်။
ရောမနိုင်ငံသားဖြစ်ခွင့်ရတာလောက်နဲ့ မတင်းတိမ်သေးတဲ့ အာဖရိကန်တချို့ဟာ တီမ်ဂါတ်မြို့နဲ့ တခြားကိုလိုနီမြို့တွေမှာ ရာထူးကြီးကြီးတွေရအောင် ကြိုးစားကြတယ်။ မြောက်အာဖရိကန်လူမျိုးတွေကို သိမ်းသွင်းစည်းရုံးဖို့ ရောမတွေသုံးတဲ့ နည်းပရိယာယ်က တီမ်ဂါတ်မြို့ တည်ထောင်ပြီး နှစ် ၅၀ လောက်မှာပဲ ပြောစရာမရှိအောင် အောင်မြင်ခဲ့တယ်။ အကြောင်းက မြို့မှာနေတဲ့သူအများစုက ဒေသခံချည်းပဲ ဖြစ်နေလို့ပါ။
ဒေသခံတွေရဲ့စိတ်နှလုံးကို ရောမတွေ သွေးဆောင်ပုံ
နယ်ခံတွေရဲ့ စိတ်နှလုံးကို ရောမတွေ ဘာကြောင့် ဒီလောက်ထိ မြန်မြန်ဆန်ဆန် သွေးဆောင်နိုင်ရတာလဲ။ တစ်ချက်ကတော့
အထင်ကရ ရောမနိုင်ငံရေးသမား စစ္စရိုရဲ့ မူဝါဒဖြစ်တဲ့ နိုင်ငံသားအားလုံး အခွင့်အရေးတန်းတူညီမျှ ရစေရမယ်ဆိုတဲ့ အချက်ကြောင့်ပဲ။ ရောမစစ်မှုထမ်းဟောင်းတွေရဲ့ နေရာ၊ နယ်ခံအာဖရိကန်တွေရဲ့နေရာဆိုပြီး နယ်မြေကို အညီအမျှပိုင်းခြားထားပေးတယ်။ လေးဖက်လေးတန် လမ်းသွယ်လေးတွေနဲ့ ဝန်းရံထားပြီး ၆၅ ပေပတ်လည်ကျယ်တဲ့ မြေကွက်တွေနဲ့ စနစ်တကျ အကွက်ချထားတယ်။ ဒီလိုတန်းတူညီမျှရှိမှု၊ စည်းစနစ်ကျနတဲ့ စီစဉ်မှုတွေကို နယ်ခံတွေ သဘောကျမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာတောင် မလိုတော့ဘူး။ရောမမြို့အများစုမှာလိုပဲ တီမ်ဂါတ်မြို့သားတွေဟာ စည်ကားတဲ့စျေးနေ့တွေမှာ လောင်းကစားဖို့၊ နောက်ဆုံးသတင်းတွေကို နားထောင်ဖို့ ဈေးမြေကွက်မှာ တွေ့ဆုံကြတယ်။ အနီးအနားက အပူပိုင်းတောင်ကုန်းမှာရှိတဲ့ ဒေသခံတွေအတွက် အိုက်စပ်ပူလောင်နေတဲ့နေ့တွေမှာ တိုင်လုံးကြီးတွေရဲ့ အရိပ်အောက် လမ်းလျှောက်တာ ဒါမှမဟုတ် ရေစီးသံ ကြားနေရတဲ့ အများသုံး အခမဲ့ရေချိုးကန်တစ်ခုမှာ အပန်းဖြေတာတွေဟာ ဘယ်လောက်တောင် စိတ်ကူးယဉ်စရာကောင်းလိုက်မလဲ။ ဒါ့အပြင် အေးမြတဲ့ စမ်းရေတွင်းနားမှာထိုင်ပြီး စကားလက်ဆုံ ပြောဆိုဖို့ဆိုတာလည်း သူတို့အတွက်တော့ အိပ်မက်လိုပါပဲ။
ဒေသခံတွေရဲ့ စိတ်နှလုံးကို ဖြားယောင်းသွေးဆောင်တဲ့နေရာမှာ အမိုးဖွင့်ပြဇာတ်ရုံကြီးကလည်း အဓိကအနေနဲ့ ပါဝင်ပါတယ်။ ထိုင်ခုံပေါင်း ၃,၅၀၀ ကျော်ရှိတဲ့ ပြဇာတ်ရုံဟာ တီမ်ဂါတ်မြို့နဲ့ အနီးအနားမြို့ကလာတဲ့ ဆူညံပျော်မြူးနေတဲ့ ပွဲကြည့်ပရိသတ်တွေအတွက် နေရာအလုံအလောက်ပါပဲ။ သရုပ်ဆောင်တွေဟာ ရောမတွေရဲ့အကြိုက်ဖြစ်တဲ့ လိင်ဆိုင်ရာဖျော်ဖြေရေးတွေကို အသားပေးတင်ဆက်တယ်။ အကြမ်းဖက်မှုနဲ့ အကျင့်ယိုယွင်းမှုတွေလည်း ပါတတ်တယ်။
ရောမဘာသာရေးရဲ့ အခန်းကဏ္ဍကိုလည်း လျှော့တွက်လို့မရဘူး။ ရေချိုးခန်းနံရံနဲ့ ကြမ်းပြင်တွေကို အယူမှားဘာသာရေးဇာတ်တော်လာ ဇာတ်ကွက်တွေနဲ့ အရောင်အသွေးစုံ လှပစွာ ပုံဖော်ခြယ်မှုန်းထားတယ်။ အဲဒီရေချိုးခန်းတွေကို နေ့စဉ် အသုံးပြုနေရတဲ့အတွက် နယ်ခံတွေဟာ ရောမဘာသာရေး၊ နတ်ဘုရားတွေနဲ့ပတ်သက်ပြီး တဖြည်းဖြည်း အကျွမ်းဝင်လာတယ်။ သချိုင်းဂူကျောက်တိုင်တွေမှာ ဒေသခံနတ်ဘုရားနဲ့ ရောမနတ်ဘုရားပုံတွေ တွဲပြီး ပုံဖော်ထားတာကို ကြည့်မယ်ဆိုရင် ရောမယဉ်ကျေးမှုကို အာဖရိကန်တွေ လက်ခံလာအောင် ကြိုးစားမှုဟာ တကယ်ပဲအောင်မြင်ခဲ့တယ်ဆိုတာ သိနိုင်တယ်။
လှပဆွဲဆောင်မှုရှိတဲ့မြို့ တိမ်ကောပျောက်ကွယ်သွား
ရောမဧကရာဇ် ထရေဂျန်က အေဒီ ၁၀၀ မှာ မြို့ကိုတည်ထောင်ပြီးသွားတဲ့အခါ ရောမတွေက မြောက်အာဖရိကတိုက်တစ်လျှောက်မှာ စပါး၊ ဝိုင်၊ သံလွင်ဆီ များများစိုက်ပျိုးထုတ်လုပ်ဖို့ အားပေးခဲ့တယ်။ မကြာခင်မှာပဲ ဒီနယ်မြေဟာ ရောမအင်ပါယာအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးတဲ့ အဓိကနေရာဖြစ်လာတယ်။ တခြားကိုလိုနီမြို့တွေလိုပါပဲ တီမ်ဂါတ်မြို့ဟာ ရောမတွေရဲ့ အုပ်ချုပ်မှုအောက်မှာ စည်ပင်ဝပြောလာတယ်။ တီမ်ဂါတ်မြို့မှာ လူဦးရေတိုးများလာတဲ့အခါ ခိုင်ခံ့တဲ့ မြို့ရိုးတွေကိုတောင်ကျော်လွန်ပြီး မြို့နယ်နိမိတ်ကို တိုးချဲ့ခဲ့ရတယ်။
မြို့သူမြို့သားတွေနဲ့ မြေပိုင်ရှင်ကြီးတွေဟာ ရောမတွေနဲ့ ကုန်သွယ်ပြီး ကြီးပွားချမ်းသာလာကြပေမဲ့ ဒေသခံတောင်သူလယ်သမားတွေကတော့ အကျိုးအမြတ်နည်းနည်းလေးပဲ ခံစားရတယ်။ လူမှုရေးအဆင့်အတန်းခွဲခြားမှု၊ အဆမတန် အခွန်ကောက်ခံမှုတွေကြောင့် ၃ ရာစုမှာ လယ်သမားတွေ ထကြွပုန်ကန်ကြတယ်။ ကက်သလစ်ဘာသာဝင် လယ်သမားတချို့ဟာ ကက်သလစ်ချာ့ခ်ျရဲ့ အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်ပုန်ကန်တဲ့ ဒိုနေးတစ်ဝါဒီတွေနဲ့ ပူးပေါင်းသွားကြတယ်။—“ ဒိုနေးတစ်ဝါဒီများ—‘ခရစ်ယာန်စစ်မဟုတ်’” လေးထောင့်ကွက်ကို ကြည့်ပါ။
နှစ်ပေါင်းများစွာဖြစ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေ၊ ပြည်တွင်းစစ်ပွဲတွေ၊ လူရိုင်းတွေရဲ့ ကျူးကျော်မှုတွေကြောင့် မြောက်အာဖရိကတိုက်အပေါ် ရောမယဉ်ကျေးမှု မလွှမ်းမိုးနိုင်တော့ဘူး။ ၆ ရာစုမှာတော့ တီမ်ဂါတ်မြို့ကို ဒေသခံအာရပ်မျိုးနွယ်တွေက အစတုံးဖျက်ဆီးပစ်လိုက်တယ်။ နှစ်ပေါင်း ၁,၀၀၀ ကျော်ကြာတဲ့အထိ အဲဒီမြို့အကြောင်း ဘယ်သူမှ မသိကြတော့ဘူး။
“ဒါမှ တကယ့်ဘဝအနှစ်သာရ”
တီမ်ဂါတ်မြို့ကို တူးဖော်ခဲ့ကြတဲ့ ရှေးဟောင်းသုတေသီတွေဟာ အဲဒီမြို့ရဲ့ ဈေးမြေကွက်မှာ တွေ့လိုက်ရတဲ့ လက်တင်ကျောက်စာကြောင့် အံ့အားသင့်သွားတယ်။ “အမဲလိုက်၊ ရေချိုး၊ လောင်းကစားပျော်ပါး၊ ရယ်မော—ဒါမှ တကယ့်ဘဝအနှစ်သာရပဲ” လို့ ကျောက်စာထဲမှာ ရေးထိုးထားတယ်။ “လူတချို့ရဲ့ရှုမြင်ပုံဖြစ်တဲ့ အကောင်းဆုံးဘဝနေနည်းရဲ့ လျှို့ဝှက်ချက်ကို ကျောက်စာက ဖော်ပြလိုက်တာပဲ” ဆိုပြီး ပြင်သစ်သမိုင်းပညာရှင်တစ်ယောက် ပြောတယ်။
ရောမတွေဟာ အဲဒီလိုဘဝလမ်းစဉ်ကို အချိန်အတိုင်းအတာတစ်ခုအထိ လိုက်စားခဲ့ကြတယ်။ ပထမရာစုက ကျမ်းရေးသူပေါလုဟာ ဘဝအပေါ်ထားတဲ့ လူတွေရဲ့ အတွေးအခေါ်နဲ့ပတ်သက်ပြီး “စားလျက်၊ သောက်လျက်နေကြစို့၊ အကြောင်းမူကား နက်ဖြန် သေကြရမည်” လို့ ဖော်ပြခဲ့တယ်။ ရောမတွေက ဘာသာရေးကိုင်းရှိုင်းပေမဲ့ ဘဝရဲ့အဓိပ္ပာယ်ကို နည်းနည်းလေးတောင်မစဉ်းစားဘဲ တဒင်္ဂပျော်ရွှင်ဖို့ပဲ အသက်ရှင်ခဲ့ကြတယ်။ ပေါလုက အဲဒီလိုလူတွေကို ရှောင်ကြဉ်ဖို့ သတိပေးတဲ့အနေနဲ့ ခရစ်ယာန်တွေကို အခုလိုပြောခဲ့တယ်– “လှည့်ဖြားခြင်းကို မခံကြနှင့်။ မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏။”—၁ ကောရိန္သု ၁၅:၃၂၊ ၃၃။
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ လောက်တုန်းက အသက်ရှင်ခဲ့တဲ့ တီမ်ဂါတ်မြို့သားတွေရဲ့ ဘဝအပေါ်ထားတဲ့အမြင်နဲ့ ဒီနေ့ခေတ်လူတွေရဲ့အမြင် သိပ်မကွာခြားပါဘူး။ ဒီနေ့ခေတ် လူအများစုကလည်း လက်ရှိအတွက်ပဲစဉ်းစားပြီး အသက်ရှင်ကြတယ်။ ဘယ်လိုအကျိုးဆက်တွေပဲ ရလာပါစေ သူတို့အတွက်တော့ ရောမတွေရဲ့ ဘဝအပေါ်ထားတဲ့အမြင်က အကောင်းဆုံးလို့ ယူမှတ်နေကြတုန်းပဲ။ ဒါပေမဲ့ သမ္မာကျမ်းစာကတော့ လိုရင်းတိုရှင်း လက်တွေ့ကျကျ ဆန်းစစ်နိုင်ဖို့ အခုလို ပြောထားပါတယ်– “ဤလောက၏ဇာတ်ကွက်သည် ပြောင်းလဲလျက်ရှိ၏။” ဒါကြောင့် ‘ဤလောကကို အပြည့်အဝ မသုံး’ ဖို့ ကျွန်ုပ်တို့ကို အားပေးထားတယ်။—၁ ကောရိန္သု ၇:၃၁။
မြောက်အာဖရိကတိုက်ရဲ့ သဲကန္တာရအောက်မှာ နှစ်ပေါင်းများစွာမြှုပ်နေတဲ့ ကျောက်စာရဲ့အကြံပြုချက်ကို လိုက်လျှောက်မယ်ဆိုရင် သာယာချမ်းမြေ့ပြီး အနှစ်သာရပြည့်ဝတဲ့ဘဝမျိုး ရမှာမဟုတ်ဘူးဆိုတာ တီမ်ဂါတ်မြို့အပျက်အစီးတွေက မီးမောင်းထိုးပြနေပါတယ်။ အဲဒီအစား သမ္မာကျမ်းစာရဲ့ ဒီအကြံပြုချက်ကို လိုက်လျှောက်မှသာ အဲဒီလိုဘဝမျိုး ရနိုင်မှာဖြစ်တယ်– “လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား အစဉ်အမြဲတည်၏။”—၁ ယောဟန် ၂:၁၇။