ဆီးရီးယားပက်ရှီတာကျမ်းကြောင့် အစောပိုင်း ဘာသာပြန်ကျမ်းတွေရဲ့ သမိုင်းကြောင်းကို သိရှိလာ
၁၈၉၂ ခုနှစ်မှာ အမြွှာညီအစ်မ အဲဂ်နက်စ် စမစ်သ် လူးဝစ်နဲ့ မာဂရက် ဒန်းလာပ် ဂစ်ဆန်တို့ဟာ ကုလားအုတ်တွေနဲ့ တောကန္တာရကိုဖြတ်ပြီး ဆိုင်းနိုင်းတောင်ခြေမှာရှိတဲ့ စိန့်ကက်သရင်း ခရစ်ယာန်ဘုန်းကြီးကျောင်းအထိ ၉ ရက်ကြာ ခရီးနှင်ခဲ့ကြတယ်။ အသက် ၅၀ ပြည့်ခါနီးပြီဖြစ်တဲ့ အဲဒီအမျိုးသမီးနှစ်ယောက်ဟာ အရှေ့နိုင်ငံတွေဆီ ဘာကြောင့် ခရီးထွက်ခဲ့ကြတာလဲ။ အဲဒီအချိန်တုန်းက အရှေ့နိုင်ငံတွေကိုသွားဖို့ အရမ်းအန္တရာယ်များတယ်လို့ ပြောကြတယ်။ အဖြေကိုသိမယ်ဆိုရင် ကျမ်းစာရဲ့တိကျမှန်ကန်မှုအပေါ် သင့်ရဲ့ယုံကြည်စိတ်ချမှု ပိုခိုင်မာလာပါလိမ့်မယ်။
ယေရှု ကောင်းကင်မသွားခင် တပည့်တွေကို “ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင်” သူ့အကြောင်းဟောပြောဖို့ တာဝန်ပေးခဲ့တယ်။ (တမန်တော် ၁:၈) ဒါကြောင့် တပည့်တွေက ဇွဲရှိရှိ၊ တက်တက်ကြွကြွနဲ့ ဟောပြောခဲ့ကြတယ်။ ဂျေရုဆလင်မြို့မှာ သူတို့ဟောပြောတဲ့အတွက် မကြာခင်မှာပဲ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေကြုံခဲ့ပြီး တပည့်ဖြစ်သူ သတေဖန် အသတ်ခံလိုက်ရတယ်။ ဒါကြောင့် ယေရှုတပည့်များစွာက ဆီးရီးယားပြည်မှာရှိတဲ့ အန္တိအုတ်မြို့ကို ထွက်ပြေးခဲ့ကြတယ်။ အဲဒီမြို့ဟာ ရောမအင်ပါယာမှာရှိတဲ့ အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ဂျေရုဆလင်မြို့ရဲ့ မြောက်ဘက် မိုင် ၃၅၀ အကွာမှာ တည်ရှိတယ်။—တမန်တော် ၁၁:၁၉။
အန္တိအုတ်မြို့ကို တပည့်တွေရောက်သွားတဲ့အခါ ယေရှုအကြောင်း “သတင်းကောင်း” ကို ဆက်ဟောပြောလို့ ဂျူးမဟုတ်တဲ့ လူမျိုးခြားတွေဟာ ယုံကြည်သူတွေဖြစ်လာခဲ့ကြတယ်။ (တမန်တော် ၁၁:၂၀၊ ၂၁) အန္တိအုတ်မြို့မှာ ဂရိစကားကို အသုံးများပေမဲ့ ကျေးလက်ဒေသတွေမှာ ဆီးရီးယားစကားကို အသုံးများတယ်။
သတင်းကောင်းကို ဆီးရီးယားစကားနဲ့ ပြန်ဆို
ဒုတိယရာစုမှာ ဆီးရီးယားစကားပြော ခရစ်ယာန်တွေ တိုးများလာတဲ့အတွက် သတင်းကောင်းကို သူတို့ဘာသာစကားနဲ့ ပြန်ဆိုဖို့လိုအပ်လာတယ်။ ဒါကြောင့် လက်တင်စကားနဲ့မဟုတ်ဘဲ ဆီးရီးယားစကားနဲ့ ခရစ်ယာန်ဂရိကျမ်းစာ (ဓမ္မသစ်ကျမ်း) ရဲ့ အပိုင်းတချို့ကို ပထမဆုံး ပြန်ဆိုခဲ့ကြပုံရတယ်။
ခရစ်နှစ် ၁၇၀ လောက်မှာ ဆီးရီးယား စာရေးဆရာ တာရှန် (ခရစ်နှစ် ၁၂၀-၁၇၃ ၀န်းကျင်) က ခရစ်ဝင်ကျမ်းလေးကျမ်းကို စုစည်းပြီး ဂရိစကား ဒါမှမဟုတ် ဆီးရီးယားစကားနဲ့ ထုတ်ဝေခဲ့တယ်။ အဲဒီကျမ်းကို “ခရစ်ဝင်ကျမ်းလေးစောင်အားဖြင့်” လို့ အဓိပ္ပာယ်ရှိတဲ့ ဂရိစကားလုံး သီအာတဲစာရွန်လို့ အမည်တပ်လိုက်တယ်။ နောက်ပိုင်းမှာ ဆီးရီးယားလူမျိုး အီဖရမ်လို့ခေါ်တဲ့ ကျမ်းပညာရှင် (ခရစ်နှစ် ၃၁၀-၃၇၃) က သီအာတဲစာရွန်ကျမ်းနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ရှင်းလင်းဖွင့်ပြထားတဲ့ ကျမ်းတစ်စောင်ကို ထုတ်ဝေခဲ့တယ်။ အဲဒါက ဆီးရီးယားခရစ်ယာန်တွေကြားမှာ သီအာတဲစာရွန်ကျမ်းကို အသုံးများခဲ့တယ်ဆိုတာ သက်သေပြနေတယ်။
သီအာတဲစာရွန်ကျမ်းကို ကျွန်ုပ်တို့ စိတ်ဝင်စားသင့်ပါတယ်။ ဘာကြောင့်လဲ။ ၁၉ ရာစု ကျမ်းပညာရှင်တချို့က မူရင်းခရစ်ဝင်ကျမ်းတွေကို ဒုတိယရာစု ကုန်ခါနီးဖြစ်တဲ့ ခရစ်နှစ် ၁၃၀ နဲ့ ၁၇၀ ကြားမှာရေးသားခဲ့တယ်လို့ဆိုတယ်။ ဒါကြောင့် ယေရှုရဲ့ ဘဝမှတ်တမ်းက ယုံကြည်စိတ်ချလို့ မရနိုင်ဘူးဆိုပြီး သူတို့အငြင်းပွားကြတယ်။ ဒါပေမဲ့ ဒုတိယရာစုအလယ်လောက်မှာ မဿဲ၊ မာကု၊ လုကာနဲ့ ယောဟန်စတဲ့ ခရစ်ဝင်ကျမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီဆိုတာ ၁၉ ရာစုမှာတွေ့ရှိခဲ့တဲ့ သီအာတဲစာရွန် ရှေးလက်ရေးစာမူတွေက သက်သေထူပါတယ်။ ဒါကြောင့် မူရင်းခရစ်ဝင်ကျမ်းတွေကို ဒုတိယရာစု မတိုင်ခင်ကတည်းက ရေးထားပြီးသားဖြစ်ရမယ်။ သီအာတဲစာရွန်ကျမ်းကို တာရှန် စုစည်းတုန်းက လူအများလက်ခံထားတဲ့ ခရစ်ဝင်ကျမ်းလေးကျမ်းကိုပဲ အဓိကအသုံးပြုခဲ့တဲ့အတွက် အပေါခရစ်ဖယ် ခရစ်ဝင်ကျမ်းတုတွေကို ယုံကြည်စိတ်ချထိုက်တဲ့ ကျမ်းတွေအဖြစ် သူ သဘောမထားခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။
၅ ရာစုအစပိုင်းမှာ ပက်ရှီတာ လို့ခေါ်တဲ့ ဆီးရီးယားဘာသာပြန်ကျမ်းကို မက်ဆိုပိုတေးမီးယားမြောက်ပိုင်းအထိ ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြတယ်။ ဒုတိယ ဒါမှမဟုတ် တတိယ ရာစုအတွင်း ဘာသာပြန်ခဲ့ပုံရတဲ့ ပက်ရှီတာကျမ်းမှာ ပေတရုဒုတိယစာစောင်၊ ယောဟန်ဒုတိယနဲ့ တတိယစာစောင်၊ ယုဒကျမ်းနဲ့ ဗျာဒိတ်ကျမ်းကလွဲလို့ ကျန်တဲ့ ကျမ်းစာစောင်အားလုံး ပါရှိတယ်။ ပက်ရှီတာဆိုတာ “ရိုးရှင်းတယ်၊” “ရှင်းလင်းတယ်” လို့ အဓိပ္ပာယ်ရတယ်။ ကျမ်းစာကို အဆင့်ဆင့်ပြန်ဆိုကူးယူ ထုတ်ဝေခဲ့ရာမှာ ပက်ရှီတာကျမ်းက ရှေးအကျဆုံးနဲ့ အရေးကြီးဆုံး အထောက်အထားတစ်ခုဖြစ်တယ်။
စိတ်ဝင်စားစရာက ပက်ရှီတာကျမ်းရဲ့ စာမူတစ်စောင်မှာ ခရစ်နှစ် ၄၅၉/၄၆၀ လို့ ရက်စွဲတပ်ထားတယ်။ ဒါကြောင့် ရက်စွဲအတိအကျပါတဲ့ ရှေးအကျဆုံးလက်ရေးစာမူတစ်စောင်ဖြစ်တယ်။ ခရစ်နှစ် ၅၀၈ မှာ ပြန်တည်းဖြတ်ထားတဲ့ ပက်ရှီတာကျမ်းမှာ အရင်ကမပါတဲ့ ကျမ်းငါးစောင်ကို ပြန်ထည့်ထားတယ်။ အဲဒီကျမ်းကို ဖီလော်ဆီနီအန်ကျမ်းလို့ လူသိများလာတယ်။
ဆီးရီးယားစာမူတွေကို နောက်ထပ်တွေ့ရှိ
၁၉ ရာစုအချိန်အထိ ရှာဖွေတွေ့ရှိထားတဲ့ ခရစ်ယာန်ဂရိကျမ်းစာစောင်တွေရဲ့ စာမူအားလုံးနီးပါးဟာ ၅ ရာစု ဒါမှမဟုတ် အဲဒီနောက်ပိုင်း ရေးသားခဲ့တဲ့စာမူတွေဖြစ်တယ်။ ဒီအချက်ကြောင့် ကျမ်းပညာရှင်တွေက လက်တင်ဗားလ်ဂိတ်ကျမ်း နဲ့ ဆီးရီးယားပက်ရှီတာကျမ်းလိုမျိုး အစောပိုင်းကျမ်းလက်ရေးစာမူတွေကို အထူးစိတ်ဝင်စားလာကြတယ်။ ဒီပက်ရှီတာကျမ်းက ပိုရှေးကျတဲ့ ဆီးရီးယားဘာသာပြန်ကျမ်းကို ပြန်တည်းဖြတ်ထားတဲ့ကျမ်းဖြစ်တယ်လို့ ကျမ်းပညာရှင်တချို့ အဲဒီအချိန်မှာ ယုံကြည်ကြတယ်။ ဒါပေမဲ့ ပိုရှေးကျတဲ့ ဆီးရီးယားဘာသာပြန်ကျမ်းကို ဘယ်သူမှ မတွေ့ရှိသေးဘူး။ ဒုတိယရာစုမှာရေးသားထားတဲ့ အဲဒီကျမ်းကို ရှာတွေ့ခဲ့မယ်ဆိုရင် မူရင်းကျမ်းစာသားတွေကို နားလည်စေမှာဖြစ်တဲ့အပြင် ကျမ်းပညာရှင်တွေအတွက်လည်း တန်ဖိုးမဖြတ်နိုင်တဲ့ ကျမ်းတစ်ကျမ်းဖြစ်ပါလိမ့်မယ်။ ရှေးကျတဲ့ ဆီးရီးယားဘာသာပြန်ကျမ်းဆိုတာ တကယ်ရှိသလား။
ရှိပါတယ်။ တန်ဖိုးရှိပြီး ရှေးကျတဲ့ဆီးရီးယားကျမ်းရဲ့ အထောက်အထားဖြစ်တဲ့ ဆီးရီးယားလက်ရေးစာမူ နှစ်စောင်ကို တွေ့ခဲ့ပါတယ်။ ပထမလက်ရေးစာမူဟာ ၅ ရာစုတုန်းက စာစောင်ဖြစ်တယ်။ အဲဒီလက်ရေးစာမူဟာ ၁၈၄၂၊ ဗြိတိန်ပြတိုက်မှာ သိမ်းဆည်းထားတဲ့ ဆီးရီးယား လက်ရေးစာမူအများကြီးထဲမှာ ရှိနေတယ်။ အဲဒီလက်ရေးစာမူတွေကို အီဂျစ်ပြည်၊ နိုက်ထရီယန်တောကန္တာရမှာရှိတဲ့ ခရစ်ယာန်ဘုန်းကြီးကျောင်းကနေ ရရှိခဲ့တာဖြစ်တယ်။ အဲဒီကျမ်းကို လက်ထောက်ပြတိုက်မှူး ဝီလျံကွပ်ခ်တာန်က တွေ့ရှိခဲ့ပြီး ထုတ်ဝေခဲ့လို့ ကွပ်ခ်တိုန်ယန်ဆီးရီးယားစာမူလို့ ခေါ်တယ်။ ဒီအဖိုးတန်စာမူထဲမှာ ခရစ်ဝင်ကျမ်းလေးစောင်ပါဝင်ပြီး မဿဲ၊ မာကု၊ ယောဟန်နဲ့ လုကာလို့ စဉ်ထားတယ်။
ဒီနေ့အထိရှိနေတဲ့ ဒုတိယလက်ရေးစာမူကို ဆိုင်းနိုင်းတစ်ဆီးရီးယားလို့ခေါ်ပါတယ်။ ဒီစာမူကို တွေ့ရှိခဲ့တာက ဆောင်းပါးအစမှာဖော်ပြခဲ့တဲ့ အမြွှာညီအစ်မနှစ်ယောက်နဲ့ ဆက်စပ်နေတယ်။ အဲဂ်နက်စ်ဟာ တက္ကသိုလ်ဘွဲ့မရပေမဲ့ ဆီးရီးယားစကားအပါအဝင် ဘာသာစကား ၈ မျိုးကို တတ်မြောက်ထားတယ်။ ၁၈၉၂ ခုနှစ်မှာ အဲဂ်နက်စ်က အီဂျစ်မှာရှိတဲ့ စိန့်ကက်သရင်း ခရစ်ယာန်ဘုန်းကြီးကျောင်းမှာ အဲဒီစာမူကို ရှာဖွေတွေ့ရှိခဲ့တယ်။
မှောင်မည်းနေတဲ့ အခန်းလေးမှာ ဆီးရီးယားလက်ရေးစာမူကို သူတွေ့ခဲ့တယ်။ “ဒီစာမူက အရမ်းညစ်ပတ်နေပြီး စာရွက်တွေကလည်း အားလုံးနီးပါး ကပ်နေတယ်” လို့ သူ့မှတ်တမ်းမှာ ဖော်ပြထားတယ်။ အကြောင်းက နှစ်ပေါင်းများစွာ မသုံးထားလို့ဖြစ်တယ်။ အဲဒီစာရွက်မှာ အစကရေးထားတဲ့ ကျမ်းစာသားတွေကို ပြန်ဖျက်ပြီး အဲဒီအပေါ်မှာ အမျိုးသမီးသူတော်စင်တွေအကြောင်း ဆီးရီးယားစကားနဲ့ ပြန်ရေးထားတယ်။ ဒါပေမဲ့ အဲဂ်နက်စ်က ဖျက်ထားတဲ့စကားလုံးတချို့နဲ့ “မဿဲရဲ့၊” “မာကုရဲ့၊” “လုကာရဲ့” ဆိုတဲ့ ထိပ်စာလုံးလေးတွေကို အမှတ်မထင် တွေ့လိုက်တယ်။ သူ့ဆီမှာ ဆီးရီးယားစကားနဲ့ရေးထားတဲ့ ခရစ်ဝင်ကျမ်းလေးကျမ်း အပြည့်အစုံနီးပါးရှိနေပြီ။ ကျမ်းပညာရှင်တွေက ဒီကျမ်းကို ၄ ရာစုကုန်ခါနီးလောက်က ရေးသားခဲ့တယ်လို့ ယုံကြည်ကြတယ်။
ဆိုင်းနိုင်းတစ်ဆီးရီးယားစာမူဟာ ဂရိလက်ရေးစာမူတွေဖြစ်တဲ့ ဆိုင်းနိုင်းတစ်ကျမ်းနဲ့ ဗက်တီကင်ကျမ်းတွေလိုပဲ အရေးပါဆုံး ကျမ်းလက်ရေးစာမူတွေထဲက တစ်ခုဖြစ်တယ်လို့ ယူဆကြတယ်။ ကွပ်ခ်တိုန်ယန်စာမူနဲ့ ဆိုင်းနိုင်းတစ်လက်ရေးစာမူနှစ်ခုစလုံးဟာ ဒုတိယရာစုအကုန်ပိုင်း ဒါမှမဟုတ် တတိယရာစုအစပိုင်းမှာ ရေးသားခဲ့တဲ့ ရှေးကျတဲ့ ဆီးရီးယားခရစ်ဝင်ကျမ်းတွေဆီကနေ ကူးယူခဲ့တဲ့စာမူတွေဖြစ်တယ်လို့ ဒီနေ့အချိန်မှာ လက်ခံထားကြတယ်။
“ထာဝရဘုရား၏ နှုတ်ကပါဌ်တရားမူကား ကာလအစဉ်အမြဲတည်”
ဆီးရီးယားလက်ရေးစာမူတွေက ဒီနေ့အချိန်မှာ ကျမ်းစာကျောင်းသားတွေအတွက် အကျိုးရှိပါသလား။ သိပ်အကျိုးရှိတာပေါ့။ တချို့ကျမ်းစာတွေမှာပါတဲ့ မာကု ၁၆:၈ နောက်ပိုင်းက နိဂုံးရှည်ကို ဥပမာအနေနဲ့ သုံးသပ်ကြည့်ပါ။ ၅ ရာစုမှာ ရေးခဲ့တဲ့ ဂရိအဲလက်ဇန္ဒြီးနပ်စ်ကျမ်း၊ လက်တင်ဗားလ်ဂိတ်ကျမ်းနဲ့ တခြားကျမ်းတွေမှာ ဒီနိဂုံးရှည်ကို တွေ့ရပါတယ်။ ဒါပေမဲ့ ၄ ရာစုက ယုံကြည်စိတ်ချရတဲ့ ဂရိစာမူတွေဖြစ်တဲ့ ဆိုင်းနိုင်းတစ်ကပ်စ်ကျမ်းနဲ့ ဗက်တီကင်ကျမ်းတွေမှာတော့ မာကု ၁၆:၈ မှာပဲ အဆုံးသတ်ထားပါတယ်။ ဆိုင်းနိုင်းတစ်ဆီးရီးယားကျမ်းမှာလည်း နိဂုံးရှည်မရှိပါဘူး။ ဒီနိဂုံးရှည်က မူရင်းမာကုခရစ်ဝင်ကျမ်းမှာ မပါဘဲ နောက်ပိုင်းမှ ထပ်ထည့်ထားတယ်ဆိုတာ ဒီဆီးရီးယားကျမ်းက နောက်ထပ် အထောက်အထားတစ်ခုဖြစ်ပါတယ်။
နောက်ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ၁၉ ရာစုမှာရှိတဲ့ ဘာသာပြန်ကျမ်းအားလုံးနီးပါးမှာ သုံးပါးပေါင်းတစ်ဆူ အယူဝါဒကို ထောက်ခံတဲ့ပုံစံမျိုးနဲ့ ၁ ယောဟန် ၅:၇ မှာ ထပ်ပြီးထည့်သွင်းလာကြတယ်။ ဒါပေမဲ့ ဒီအယူဝါဒကို ရှေးအကျဆုံးဂရိစာမူတွေထဲမှာ မတွေ့ရပါဘူး။ ပက်ရှီတာကျမ်း မှာလည်း မတွေ့ရပါဘူး။ ဒါကြောင့် ၁ ယောဟန် ၅:၇ မှာထပ်ထည့်ထားတာက ကျမ်းစာသားတွေရဲ့ အဓိပ္ပာယ်ကို လွဲမှားသွားအောင် လုပ်လိုက်တာဖြစ်တယ်။
ယေဟောဝါဘုရားက ကတိပြုထားတဲ့အတိုင်း ကိုယ်တော်ရဲ့ စကားတော်တွေကို အမြဲထိန်းသိမ်းပေးခဲ့ပါတယ်။ ကျမ်းစာမှာ ဒီလိုကတိပေးထားပါတယ်– “မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပါဌ်တရားမူကား ကာလအစဉ်အမြဲတည်၏။” (ဟေရှာယ ၄၀:၈; ၁ ပေတရု ၁:၂၅) ပက်ရှီတာကျမ်းက ကျမ်းစောင်လေး တစ်စောင်ပဲဖြစ်ပေမဲ့ တိကျမှန်ကန်တဲ့ ကျမ်းစာသတင်းတရားကို လူတွေဆီ ရောက်ရှိအောင် အရေးကြီးတဲ့အပိုင်းကနေ လုပ်ဆောင်ပေးခဲ့ပါတယ်။