၁၆ ရာစုက အမှန်တရားရှာဖွေသူ သုံးယောက်—သူတို့ ဘာကို တွေ့ခဲ့ကြသလဲ
“အမှန်တရားကား အဘယ်နည်း။” ပထမရာစုက ယုဒပြည်ရဲ့ ရောမဘုရင်ခံ ပုန္တိပိလတ်မင်းဟာ ယေရှုကို စစ်ဆေးမေးမြန်းရင်း အဲဒီမေးခွန်းကို မေးခဲ့ပါတယ်။ (ယောဟန် ၁၈:၃၈) တကယ်တော့ ပိလတ်မင်းက အမှန်တရားကို ရှာဖွေနေတာ မဟုတ်ပါဘူး။ အမှန်တရားကို သူသံသယရှိနေတယ်ဆိုတာ အဲဒီမေးခွန်းက ဖော်ပြနေပါတယ်။ အမှန်တရားဆိုတာ ကိုယ်ရွေးချယ်လိုက်တဲ့အရာ ဒါမှမဟုတ် ယုံကြည်ဖို့ သွန်သင်ခံရတဲ့အရာဖြစ်ပြီး ဘယ်ဟာ အမှန်တရားလည်းဆိုတာ သတ်မှတ်နိုင်တဲ့နည်း လုံးဝမရှိဘူးလို့ ပိလတ်မင်း ယူဆခဲ့တယ်။ ဒီနေ့ခေတ် လူတော်တော်များများလည်း အဲဒီလို ယူဆကြတယ်။
၁၆ ရာစုက ဥရောပမှာရှိတဲ့ ခရစ်ယာန်တွေဟာ ဘယ်အရာကို အမှန်တရားအဖြစ် ယုံကြည်ရမှန်းမသိ ဖြစ်နေကြတယ်။ ပုပ်ရဟန်းမင်းက ကြီးမြတ်တယ်ဆိုတဲ့ သွန်သင်ချက်နဲ့ ချာ့ခ်ျရဲ့ တခြားသွန်သင်ချက်တွေကို ငယ်ငယ်ကတည်းက လက်ခံလာကြတဲ့သူတွေဟာ အခု ဥရောပမှာ ပျံ့နှံ့နေတဲ့ ဘာသာရေးပြုပြင်ပြောင်းလဲ * ရေးသမားတွေရဲ့ သွန်သင်ချက်အသစ်တွေကို ကြားသိလာကြတယ်။ သူတို့ ဘာကို ယုံကြည်ရမလဲ။ ဘယ်ဟာက အမှန်တရားလည်းဆိုတာကို ဘယ်လိုဆုံးဖြတ်ကြမလဲ။
၁၆ ရာစုအတွင်း အမှန်တရားကို ရှာဖွေခဲ့ကြသူ သုံးယောက်အကြောင်း လေ့လာကြည့်ရအောင်။ * အမှားအမှန်ကို သူတို့ ဘယ်လိုခွဲခြားသတ်မှတ်ခဲ့သလဲ။ သူတို့ ဘာကို တွေ့ရှိခဲ့ကြသလဲ။
“သမ္မာကျမ်းစာကပဲ . . . အမြဲစိုးမိုးပါစေ”
ဗို့လ်ဂန် ကပ်ပီတိုဟာ ဘာသာရေးခံယူချက် ပြင်းထန်တဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ ဆေးပညာ၊ ဥပဒေပညာနဲ့ ဘာသာရေးပညာတွေကို လေ့လာနေတဲ့ ကပ်ပီတိုဟာ ၁၅၁၂ ခုနှစ်မှာ ဒေသတစ်ခုရဲ့ ခရစ်ယာန်ဘုန်းကြီး ဖြစ်လာတယ်။ နောက်တော့၊ ဂျာမနီနိုင်ငံ မိုင့်ဇ်မြို့က ခရစ်ယာန်ဂိုဏ်းချုပ်ကြီးရဲ့ လက်ထောက်ဘုန်းကြီး ဖြစ်လာတယ်။
ပထမပိုင်းမှာ ကပ်ပီတိုဟာ ကက်သလစ်ယုံကြည်ခြင်းနဲ့ မတူတဲ့ တရားတွေ လိုက်မဟောဖို့ ပြုပြင်ပြောင်းလဲရေးသမားတွေကို ကြိုးစားဖျောင်းဖျခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ပြုပြင်ပြောင်းလဲမှုကို သူကိုယ်တိုင်ထောက်ခံလာတယ်။ သူဘာလုပ်ခဲ့သလဲ။ သွန်သင်ချက်အမျိုးမျိုးကို ကြားသိလာတဲ့အခါ “ဒီသွန်သင်ချက်တွေ မှန်မမှန်ဆိုတာ ကျမ်းစာနဲ့ ပိုင်းဖြတ်တာက အကောင်းဆုံးဖြစ်တယ်။ ကျမ်းစာကပဲ တိကျမှန်ကန်တဲ့စာအုပ်ဖြစ်တယ်” လို့ ကပ်ပီတိုယုံကြည်ခဲ့တယ်ဆိုပြီး သမိုင်းပညာရှင် ဂျိမ်းအမ် ကစ်တာလ်ဆန် ရေးသားဖော်ပြခဲ့တယ်။ ပွဲတော်မုန့်နဲ့စပျစ်ဝိုင်က ယေရှုရဲ့ အသွေးအသားအဖြစ် ပြောင်းလဲသွားတယ်ဆိုတဲ့ ခရစ်ယာန်သွန်သင်ချက်နဲ့ စိန့် (သူတော်စင်) တွေကို ကြည်ညိုကိုးကွယ်တာက ကျမ်းစာနဲ့မညီဘူးဆိုပြီး ကပ်ပီတို ကောက်ချက်ချခဲ့တယ်။ (‘ ကြားနာရသည့်အရာများကို မှန်မမှန်သိမြင်ပါ’ လေးထောင့်ကွက်ကို ကြည့်ပါ) ၁၅၂၃ ခုနှစ်မှာ ဂိုဏ်းချုပ်ရဲ့ လက်ထောက်ဘုန်းကြီးအဖြစ်ကနေ နုတ်ထွက်လိုက်ပြီး ပြင်သစ်နိုင်ငံ၊ စထရာစ်ဘူမြို့မှာ အခြေချနေထိုင်ခဲ့တယ်။ အဲဒီမြို့ဟာ ဘာသာရေးပြုပြင်ပြောင်းလဲမှုရဲ့ အချက်အချာနေရာ ဖြစ်တယ်။
စထရာစ်ဘူမြို့က ကပ်ပီတိုရဲ့အိမ်ဟာ ဘာသာရေးအမြင်မတူသူတွေ စုဝေးတဲ့နေရာ ဖြစ်လာတယ်။ အဲဒီမှာ သူတို့ဟာ ဘာသာရေးကိစ္စတွေနဲ့ ကျမ်းစာသွန်သင်ချက်တွေကို ဆွေးနွေးခဲ့ကြမှာ အမှန်ပဲ။ ပြုပြင်ပြောင်းလဲသုံးပါးပေါင်းတစ်ဆူ အယူဝါဒကို ယုံကြည်နေကြဆဲဖြစ်ပေမဲ့ ကပ်ပီတိုရဲ့စာပေတွေထဲမှာတော့ “သုံးပါးပေါင်းတစ်ဆူ အယူဝါဒအကြောင်း မပါတော့ဘူး” လို့ စာအုပ်တစ်အုပ် (The Radical Reformation) မှာ ဖော်ပြထားတယ်။ ဘာကြောင့်လဲ။ စပိန်ဘာသာရေးပညာရှင် မိုက်ကယ်လ် ဆာဗီတပ်စ်က သုံးပါးပေါင်းတစ်ဆူ အယူဝါဒမှားကြောင်း ကျမ်းချက်တွေနဲ့ ထောက်ပြထားတာကို ကပ်ပီတို သဘောကျခဲ့လို့ ဖြစ်တယ်။ *
ရေးသမားတချို့ကသုံးပါးပေါင်းတစ်ဆူအယူဝါဒကို ငြင်းပယ်တာက အသက်အန္တရာယ်ရှိတဲ့အတွက် ကပ်ပီတိုဟာ သူ့ယုံကြည်ချက်ကို ပွင့်ပွင့်လင်းလင်း မပြောရဲဘူး။ ဒါပေမဲ့ ဆာဗီတပ်စ်နဲ့ မတွေ့ခင်ကတည်းက သုံးပါးပေါင်းတစ်ဆူ အယူဝါဒကို သံသယရှိနေတယ်ဆိုတာ သူ့စာပေတွေကနေ သိနိုင်တယ်။ ကပ်ပီတိုနဲ့ သူ့ရဲ့အပေါင်းအပါတွေဟာ ရှုပ်ထွေးနက်နဲတဲ့ သုံးပါးပေါင်းတစ်ဆူအယူဝါဒကို သူတို့ဘာသာ သီးသန့်ဆွေးနွေးပြီး ငြင်းပယ်ခဲ့ကြတယ်လို့ ကက်သလစ်ဘုန်းကြီးတစ်ပါးကလည်း နောက်ပိုင်းမှာ ရေးသားဖော်ပြခဲ့တယ်။ အနှစ်တစ်ရာကြာပြီးနောက် သုံးပါးပေါင်းတစ်ဆူကို မယုံတဲ့ နာမည်ကြီး စာရေးဆရာတွေထဲမှာ ကပ်ပီတိုရဲ့နာမည်ကို ထိပ်ဆုံးကနေ ဖော်ပြခဲ့တယ်။
အမှန်တရားရဲ့ ရင်းမြစ်က ကျမ်းစာဖြစ်တယ်လို့ ကပ်ပီတို ယုံကြည်ခဲ့တယ်။ ဒါကြောင့် သူက “သမ္မာကျမ်းစာနဲ့ ခရစ်တော်ရဲ့ တရားက ဘာသာရေးမှာ အမြဲတမ်း စိုးမိုးနေပါစေ” လို့ ပြောခဲ့တယ်။ “ခရစ်ယာန် ဘာသာရေးပညာရှင်တွေရဲ့ မဟာအမှားကြီးကတော့ ကျမ်းစာကို လျစ်လျူရှုတာပဲ” လို့ ကပ်ပီတို အခိုင်အမာပြောခဲ့တယ်ဆိုပြီး ဒေါက်တာ ကစ်တာလ်ဆန်က ဖော်ပြခဲ့တယ်။
၁၅၂၆ ခုနှစ်က ကပ်ပီတိုအိမ်မှာ နေထိုင်ခဲ့တဲ့ လူငယ်လေး (မာတင် ဘောဟပ်စ် လို့လည်း လူသိများတဲ့) ဆဲလာရီယပ်စ်လည်း ကျမ်းစာမှာပါတဲ့ အမှန်တရားတွေကို ထက်ထက်သန်သန် လေ့လာလိုစိတ် ရှိလာတယ်။
“စစ်မှန်တဲ့ ဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာ”
၁၄၉၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဆဲလာရီယပ်စ်ဟာ ဘာသာရေးပညာနဲ့ အတွေးအခေါ်ပညာကို ထက်ထက်သန်သန် လေ့လာနေသူဖြစ်ပြီး ဂျာမနီနိုင်ငံ ဗစ်တန်ဘာ့ဂ်မြို့မှာ ကျောင်းဆရာလုပ်ခဲ့တယ်။ ပြုပြင်ပြောင်းလဲရေးကို စတင်ခဲ့တဲ့ ဗစ်တန်ဘာ့ဂ်မြို့မှာ ဆဲလာရီယပ်စ်ဟာ အချိန်တိုအတွင်း မာတင်လူသာအပြင် ချာ့ခ်ျရဲ့သွန်သင်ချက်တွေကို ပြုပြင်ပြောင်းလဲချင်တဲ့ တခြားသူတွေနဲ့ ခင်မင်ရင်းနှီးလာတယ်။ ကျမ်းစာအမှန်တရားနဲ့ လူ့အတွေးအခေါ်တွေကို သူ ဘယ်လိုခွဲခြားနိုင်ခဲ့သလဲ။
အမှန်တရားကို သိဖို့ဆိုရင် “သမ္မာကျမ်းစာကို စေ့စေ့စပ်စပ်ဖတ်ရှု၊ ကျမ်းချက်တွေကို မကြာခဏ နှိုင်းယှဉ်၊ နောင်တတရားနဲ့ ဆုတောင်း” တာတွေလုပ်ရမယ်လို့ ဆဲလာရီယပ်စ် ယုံကြည်ခဲ့တယ်ဆိုပြီး စာအုပ်တစ်အုပ် (Teaching the Reformation) မှာ ဖော်ပြထားပါတယ်။ ဆဲလာရီယပ်စ်ဟာ ကျမ်းစာကို စေ့စေ့စပ်စပ်ဖတ်ရှုတဲ့အတွက် ဘာကို တွေ့ရှိခဲ့သလဲ။
၁၅၂၇၊ ဇူလိုင်လမှာ ဆဲလာရီယပ်စ်ဟာ သူတွေ့ရှိခဲ့တဲ့အချက်တွေကို ရေးသားဖော်ပြထားတဲ့ စာအုပ်တစ်အုပ် (On the Works of God) ကို ထုတ်ဝေခဲ့ပါတယ်။ ခရစ်ယာန်ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုတွေ၊ ဥပမာ မုန့်နဲ့စပျစ်ဝိုင် စားသောက်တာတွေက တင်စားချက်တွေပဲ ဖြစ်တယ်လို့ သူရေးခဲ့တယ်။ ပါမောက္ခ ရောဘင်ဘာန်က ဆဲလာရီယပ်စ်ရဲ့ စာအုပ်မှာ ကျမ်းစာကြိုဟောချက်တွေကို အနက်ဖွင့်ထားတာတွေ ပါတဲ့အကြောင်း၊ ဘေးအန္တရာယ်တွေ၊ ဆင်းရဲဒုက္ခတွေ ရောက်လာပြီးတဲ့နောက် စကြဝဠာကြီးတစ်ခုလုံး အကောင်းဆုံးအခြေအနေ ပြန်ဖြစ်လာမယ်လို့ သူရေးခဲ့တဲ့အကြောင်း ဖော်ပြထားတယ်။—၂ ပေတရု ၃:၁၀-၁၃။
အထူးသဖြင့် ယေရှုရဲ့ အနေအထားနဲ့ပတ်သက်ပြီး ဆဲလာရီယပ်စ်ရဲ့ အတိုချုပ်မှတ်ချက်တွေက မှတ်သားထိုက်ပါတယ်။ သုံးပါးပေါင်းတစ်ဆူအယူဝါဒကို တိုက်ရိုက်မဆန့်ကျင်ပေမဲ့ “ကောင်းကင်ခမည်းတော်” ဟာ “သားတော်ယေရှုခရစ်” နဲ့မတူဘူးဆိုတာ သူ ခွဲခြားသိမြင်ခဲ့တယ်။ ဒါကြောင့် ယေရှုဟာ ဘုရားတွေအများကြီးထဲက ဘုရားတစ်ပါးဖြစ်ပြီး အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်ရဲ့ သားတွေထဲက တစ်ယောက်ဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့တယ်။—ယောဟန် ၁၀:၃၄၊ ၃၅။
၁၆ ရာစုမှာ လူအများလက်ခံထားတဲ့ သုံးပါးပေါင်းတစ်ဆူအယူဝါဒကို ဆဲလာရီယပ်စ် စာပေတွေက မထောက်ခံခဲ့ဘူးလို့ ရောဘတ်ဝေါလပ်စ်ရဲ့ ၁၈၅၀ ပြည့်နှစ်မှာထုတ်ဝေတဲ့ စာအုပ် (Antitrinitarian Biography) ထဲမှာ ဖော်ပြထားပါတယ်။ * ဒါကြောင့် ပညာရှင်တချို့က ဆဲလာ ရီယပ်စ်ဟာ သုံးပါးပေါင်းတစ်ဆူ အယူဝါဒကို လက်မခံတဲ့သူဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြတယ်။ ဆဲလာရီယပ်စ်ဟာ “စစ်မှန်တဲ့ ဘုရားသခင်၊ ခရစ်တော်တို့နဲ့ပတ်သက်တဲ့ အသိပညာကို သွန်သင်ပေးတဲ့” ဘုရားသခင်ရဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်လို့ ဖော်ပြခံခဲ့ရတယ်။
အမှန်တရားပြန်ပေါ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်
၁၅၂၇ ခုနှစ်လောက်မှာ ဘာသာရေးပညာရှင် ရိုဟန်နာ့စ် ခမ်ပန်နက်စ်လည်း ဗစ်တန်ဘာ့ဂ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ အဲဒီအချိန်မှာ သူဟာ အတော်ဆုံးပညာရှင်တွေထဲက တစ်ယောက်ဖြစ်တယ်လို့ ယူဆကြတယ်။ ဘာသာရေးပြုပြင်ပြောင်းလဲမှုတွေရဲ့ အချက်အချာကျတဲ့ ဗစ်တန်ဘာ့ဂ်မြို့မှာ ခမ်ပန်နက်စ်ရှိနေပေမဲ့ မာတင်လူသာရဲ့ သွန်သင်ချက်တွေကို သူလက်မခံနိုင်ဘူး။ ဘာကြောင့်လဲ။
ပွဲတော်မုန့်နဲ့ စပျစ်ဝိုင်ဟာ ခရစ်တော်ရဲ့ အသွေးအသားအဖြစ် ပြောင်းလဲသွားတယ်၊ ပေါင်းစပ်သွားတယ်ဆိုတဲ့ အယူအဆနှစ်ခုလုံးကို ခမ်ပန်နက်စ် ငြင်းပယ်ခဲ့တယ်။ * “မုန့်က မုန့်ပါပဲ။ ဒါပေမဲ့ ပွဲတော်ကျင်းပချိန်မှာ မုန့်က ခရစ်တော်ရဲ့ အသားကို ပုံဆောင်တယ်” လို့ ခမ်ပန်နက်စ် ယုံကြည်တယ်ဆိုပြီး စာရေးဆရာ အန်ဒရေ ဆဂျီနီဖော်ပြခဲ့တယ်။ ၁၅၂၉ ခုနှစ်မှာ အနောက်ဂျာမနီက မာရ်ဘာ့ခ်မြို့မှာ ဒီအကြောင်းတွေ ဆွေးနွေးတဲ့အခါ ကျမ်းစာထဲကနေ ခမ်ပန်နက်စ် သိရှိထားတဲ့အကြောင်းတွေကို ပြောခွင့်မပြုခဲ့ဘူး။ နောက်ပိုင်းမှာ ဗစ်တန်ဘာ့ဂ်မြို့မှာရှိတဲ့ အပေါင်းအဖော်တွေဖြစ်တဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေက သူ့ကို မပေါင်းကြတော့ဘူး။
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပတ်သက်တဲ့ ခမ်ပန်နက်စ်ရဲ့ ယုံကြည်ချက်ကို ပြုပြင်ပြောင်းလဲရေးသမားတွေ လုံးဝမကြိုက်ကြဘူး။ ၁၅၃၂ ခုနှစ်က ခမ်ပန်နက်စ်ရေးသားခဲ့တဲ့စာအုပ် (Restitution) မှာ ယေရှုနဲ့ခမည်းတော်ဟာ သီးခြားပုဂ္ဂိုလ်နှစ်ဦးဖြစ်တယ်လို့ ဖော်ပြထားတယ်။ လင်နဲ့မယားကို “တစ်သားတစ်ကိုယ်တည်း” လို့ပြောပေမဲ့ သူတို့ဟာ စည်းလုံးတဲ့ သီးခြားပုဂ္ဂိုလ်နှစ်ဦးဖြစ်တယ်။ အဲဒီလိုပဲ ခမည်းတော်နဲ့သားတော်ကိုလည်း “တစ်လုံးတစ်ဝတည်း” လို့ပြောပေမဲ့ သူတို့ဟာ စည်းလုံးတဲ့ သီးခြားပုဂ္ဂိုလ်နှစ်ဦး ဖြစ်တယ်လို့ သူရှင်းပြတယ်။ (ယောဟန် ၁၀:၃၀; မဿဲ ၁၉:၅) သားတော်အပေါ် ခမည်းတော် အာဏာရှိတယ်ဆိုတာဖော်ပြဖို့ ကျမ်းစာက အဲဒီဥပမာကိုပဲ သုံးထားတယ်ဆိုတာ ခမ်ပန်နက်စ် သတိပြုမိခဲ့တယ်။ ကျမ်းစာမှာ ခုလိုဖော်ပြထားတယ်– “မိန်းမ၏ဦးခေါင်းကား ယောက်ျားဖြစ်ကြောင်း၊ ခရစ်တော်၏ဦးခေါင်းကား ဘုရားသခင် ဖြစ်တော်မူကြောင်းကို သင်တို့အား ငါသိစေလို၏။”—၁ ကောရိန္သု ၁၁:၃။
သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပတ်သက်ရင်ကော။ ခမ်ပန်နက်စ်က ဘုရားသခင့် ဝိညာဉ်တော်ကို တတိယပုဂ္ဂိုလ်အဖြစ် ကျမ်းစာရဲ့ ဘယ်နေရာမှာမှ မတွေ့ရဘူးလို့ ရေးသားခဲ့တယ်။ ဝိညာဉ်တော်ဆိုတာ ဘုရားသခင့်တန်ခိုးစွမ်းအားတော်ဖြစ်ပြီး ဒီစွမ်းအားတော် (ဝိညာဉ်တော်) နဲ့ အရာခပ်သိမ်းကို ပြင်ဆင်လုပ်ဆောင်သွားတယ်လို့လည်း သူ သဘောပေါက်ခဲ့တယ်။—ကမ္ဘာဦး ၁:၂။
လူသာက ခမ်ပန်နက်စ်ကို ဘုရားတရားစော်ကားသူ၊ ဘုရားသခင့်သားတော်ရဲ့ရန်သူလို့ စွပ်စွဲခဲ့တယ်။ ပြုပြင်ပြောင်းလဲရေးသမားတစ်ယောက်ဆိုရင် သူ့ကို သေဒဏ်ပေးဖို့တောင် တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ခမ်ပန်နက်စ်က မမှုပါဘူး။ ချာ့ခ်ျတွေ ကျဆုံးတာဟာ သုံးပါးပေါင်းတစ်ဆူ အယူဝါဒကို မှားယွင်းစွာ ယုံကြည်လို့ဖြစ်ပြီး တကယ်တော့ ဒီအယူဝါဒကို ကျမ်းစာနဲ့အညီ နားလည်ရမှာဖြစ်တယ်လို့ ခမ်ပန်နက်စ် ယုံကြည်ထားကြောင်း စာအုပ်တစ်အုပ် (The Radical Reformation) က ဖော်ပြတယ်။
ခရစ်ယာန်ဂိုဏ်းဂဏအသစ် ထူထောင်ဖို့ ခမ်ပန်နက်စ် မရည်ရွယ်ခဲ့ပါဘူး။ “ဂိုဏ်းဂဏတွေကြား၊ ဘာသာရေးအမြင်မတူသူတွေကြား” အမှန်တရားကို ရှာမတွေ့ဘူးလို့ သူပြောခဲ့တယ်။ ကက်သလစ်အသင်းဟာ စစ်မှန်တဲ့ ခရစ်ယာန်သွန်သင်ချက်ကို ပြန်သင်ပေးလိမ့်မယ်လို့ ခမ်ပန်နက်စ် မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူဟာ ကက်သလစ် အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုခံရပြီး ထောင်ထဲမှာ အနည်းဆုံး အနှစ် ၂၀ နေခဲ့ရဖွယ် ရှိတယ်။ ၁၅၇၅ ခုနှစ်လောက်မှာ သူသေဆုံးသွားတယ်လို့ သမိုင်းပညာရှင်တွေ ယူဆကြတယ်။
“အရာရာကို သေချာအောင် စစ်ဆေးကြလော့”
ကပ်ပီတို၊ ဆဲလာရီယပ်စ်၊ ခမ်ပန်နက်စ်နဲ့ တခြားသူတွေဟာ ကျမ်းစာကို လုံ့လဝီရိယရှိရှိ လေ့လာကြတဲ့အတွက် အမှားအမှန်ကို ခွဲခြားသိမြင်နိုင်ခဲ့တယ်။ အမှန်တရားကို ရှာဖွေခဲ့တဲ့ သူတို့သုံးယောက်ရဲ့ နားလည်မှုအားလုံးက ကျမ်းစာနဲ့အပြည့်အဝ မကိုက်ညီပေမဲ့ သူတို့ဟာ နှိမ့်ချမှုရှိရှိ ကျမ်းစာကို ရှာဖွေလေ့လာပြီး သိရှိလာတဲ့အရာတွေကို တန်ဖိုးထားခဲ့ကြတယ်။
“အရာရာကို သေချာအောင် စစ်ဆေးကြလော့။ ကောင်းသောအရာကို စွဲကိုင်ထားကြလော့” လို့ ခရစ်ယာန်တွေကို တမန်တော်ပေါလု တိုက်တွန်းခဲ့ပါတယ်။ (၁ သက်သာလောနိတ် ၅:၂၁) သင်လည်း အမှန်တရားကို ရှာဖွေချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာအမှန်တကယ် သွန်သင်ရာက ဘာလဲ ဆိုတဲ့စာအုပ်က အထောက်အကူ ပေးပါလိမ့်မယ်။
^ စာပိုဒ်၊ 3 ပြုပြင်ပြောင်းလဲရေးဆိုတာ ရိုမန်ကက်သလစ်ချာ့ခ်ျကို တော်လှန်တဲ့ လှုပ်ရှားမှုဖြစ်ပြီး ၁၅၁၇ ခုနှစ်ကစခဲ့တယ်။ အဲဒီလှုပ်ရှားမှုကြောင့် တခြားခရစ်ယာန်ဂိုဏ်းဂဏတွေ ပေါ်ထွက်လာတယ်။
^ စာပိုဒ်၊ 8 ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ၂၀၀၆၊ မေလထုတ် နိုးလော့! [အင်္ဂလိပ်] မှာပါတဲ့ “မိုက်ကယ်လ် ဆာဗီတပ်စ်—အမှန်တရားကို တစ်ကိုယ်တော် ရှာပုံတော်ဖွင့်သူ” ဆိုတဲ့ ဆောင်းပါးကို ကြည့်ပါ။
^ စာပိုဒ်၊ 17 ဆဲလာရီယပ်စ်က ယေရှုကို ဘုရားလို့ ညွှန်းတဲ့အခါ အစစကားလုံးအသေး (deus) ကို အသုံးပြုတယ်။ အစစကားလုံးအကြီး (Deus) ကိုကျတော့ အကြီးမြတ်ဆုံးဘုရားအတွက်ပဲ သုံးတယ်။
^ စာပိုဒ်၊ 20 သခင့်ညစာစားပွဲမှာ ပွဲတော်မုန့်နဲ့ စပျစ်ဝိုင်ဟာ ခရစ်တော်ရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားတယ်ဆိုတဲ့ အယူအဆက လူသာရဲ့ သွန်သင်ချက်ဖြစ်တယ်။