မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | သေခြင်းဆိုတာ ဘဝရဲ့ထာဝရနိဂုံးလား

သေခြင်းတရားကြောင့် ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှု

သေခြင်းတရားကြောင့် ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှု

လူအများစုက သေခြင်းကို နိမိတ်မကောင်းတဲ့အရာအဖြစ် ယူမှတ်တဲ့အတွက် သေခြင်းအကြောင်း မပြောချင်ကြဘူး။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ ချစ်ရတဲ့သူ သေဆုံးသွားတာကို ကြုံတွေ့ရမှာဖြစ်သလို ကိုယ်တိုင်လည်း သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ သေခြင်းက တကယ့်ကို ဝမ်းနည်းကြေကွဲစရာကောင်းပါတယ်။

မိဘ၊ အိမ်ထောင်ဖက်၊ သားသမီးတစ်ယောက်ယောက် ရုတ်တရက်ပဲဖြစ်ဖြစ်၊ အချိန်အတော်ကြာ ဖျားနာပြီးမှပဲဖြစ်ဖြစ် သေဆုံးသွားတာကို ကျွန်ုပ်တို့ လက်မခံနိုင်ကြဘူး။ ဒါပေမဲ့ သေခြင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းကြေကွဲမှုကို ရှောင်လွှဲလို့မရနိုင်ပါဘူး။ အဲဒီခံစားချက်က တကယ့်ကို ခါးသီးလွန်းပါတယ်။

အဖေ ကားတိုက်ခံရလို့ သေဆုံးသွားပြီးတဲ့နောက် အန်တိုယို ဒီလိုပြောပြတယ်– “သေခြင်းဆိုတာ တစ်ယောက်ယောက်က ကိုယ့်အိမ်ကို ပိတ်ပြီး သော့ယူသွားတဲ့အတွက် ခဏလေးတောင် အိမ်ထဲဝင်လို့မရနိုင်တော့တဲ့အဖြစ်နဲ့ တူတယ်။ ချစ်ရသူနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေပဲ ကျန်ခဲ့တယ်။ လက်တွေ့မှာ ဒါက တကယ်ဖြစ်နေတာ။ မတရားတဲ့ပုံပေါက်တဲ့အတွက် လက်မခံချင်ပေမဲ့ ဘာမှမတတ်နိုင်ဘူး။”

ကလေးတွေကို ကျမ်းစာသင်ပေးတဲ့ ဒေါ်ရသီဟာ အသက် ၄၇ နှစ်အရွယ်မှာ မုဆိုးမဖြစ်ခဲ့တယ်။ လူသေသွားတဲ့အခါ တစ်နည်းနည်းနဲ့ ဆက်အသက်ရှင်နေတယ်လို့ ကလေးတွေကို သင်ပေးပေမဲ့ တကယ် ဘာဖြစ်မလဲဆိုတာ သူကိုယ်တိုင်မသိဘူး။ ဒီအကြောင်းကို သိအောင်လုပ်မယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ “လူသေရင် ဘာဖြစ်မလဲ” လို့ အင်္ဂလီကန်ဓမ္မဆရာကို သွားမေးတော့ “ဘယ်သူမှ သေချာမသိဘူး၊ သေပြီးမှပဲ သိမယ်” လို့ ပြန်ဖြေတယ်။

တကယ်ပဲ သေခြင်းတရားအကြောင်း “သေပြီးမှပဲ” သိမှာလား။ သေခြင်းက ဘဝရဲ့ထာဝရနိဂုံး ဟုတ်မဟုတ်ဆိုတာ ဘယ်လိုနည်းနဲ့ သိနိုင်သလဲ။