မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

ရှေးခေတ် နိနေဝေမြို့ကို “လူအသက်ကို သတ်တတ်သောမြို့” လို့ ဘာကြောင့် ခေါ်ဆိုတာလဲ။

စစ်သုံ့ပန်းတွေရဲ့ ဦးခေါင်းတွေကို စုပုံနေတဲ့ စစ်သည်များရဲ့ နံရံကပ်ရုပ်ကြွပုံ

နိနေဝေမြို့ဟာ အဆီးရီးယား အင်ပါယာရဲ့ မြို့တော်ဖြစ်တယ်။ ကြီးကျယ်ခမ်းနားတဲ့ နန်းတော်တွေ၊ နတ်ဘုရားကျောင်းတွေ၊ လမ်းမကျယ်တွေ၊ ထုထည်ကြီးမားတဲ့နံရံတွေ တည်ရှိတဲ့အတွက် ခိုင်ခံ့ပြီး အင်အားကြီးမြို့တော် ဖြစ်ခဲ့ပါတယ်။ ဟီဘရူးလူမျိုး ပရောဖက် (ကြိုဟောသူ) နာဟုံက အဲဒီမြို့ကို “လူအသက်ကို သတ်တတ်သောမြို့” ဆိုပြီး ဖော်ပြခဲ့တယ်။—နာဟုံ ၃:၁

အဲဒီလိုဖော်ပြတာက သင့်လျော်တယ်လို့ ဆိုရမယ်။ ဘာကြောင့်လဲဆိုတော့ နိနေဝေမြို့မှာရှိတဲ့ ဘုရင်သနာခရိပ် စံမြန်းရာနန်းတော်ပေါ်က ရုပ်ကြွတွေကိုကြည့်ရင် အဆီးရီးယားလူတွေ ရက်စက်ကြမ်းကြုတ်တာ မှန်တယ်ဆိုတာကို သက်သေထူတယ်။ ရုပ်ကြွပုံတစ်ပုံဆိုရင် နှိပ်စက်ညှဉ်းပန်းသူက မြေပေါ်မှာ မလှုပ်သာအောင် ဖိချုပ်ထားခံနေရတဲ့ အကျဉ်းသားရဲ့လျှာကို တအားဆောင့်ဆွဲနေတဲ့ပုံ ဖြစ်တယ်။ သုံ့ပန်းတွေကို သူတို့ရဲ့နှာခေါင်း ဒါမှမဟုတ် နှုတ်ခမ်းတွေကို သံချိတ်နဲ့ဖောက်၊ ကြိုးနဲ့တွဲပြီး ခေါ်ဆောင်သွားတယ်လို့ ကမ္ပည်းစာတွေမှာ ကြွားလုံးထုတ်ထားတယ်။ လက်ရဖမ်းဆီးမိတဲ့ အရာရှိတွေကို သူတို့ဘုရင်ရဲ့ ဦးခေါင်းကို လည်ပင်းမှာ ချိတ်ဆွဲထားခိုင်းတယ်။

မြို့တစ်မြို့ကို အဆီးရီးယားတွေ သိမ်းပိုက်ပြီးတဲ့နောက် လူတွေကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းတာတွေကို အဆီးရီးယားသမိုင်းကြောင်းကို လေ့လာတဲ့ ပညာရှင် အာချာဘို ဟင်နရီ ဆေးက ဒီလိုဖော်ပြတယ်– “စစ်အောင်နိုင်သူ ရောက်ခဲ့တဲ့နေရာတိုင်းမှာ ဖြတ်ထားတဲ့ လူဦးခေါင်းတွေကို အစုလိုက် အပုံလိုက် ပုံထားခဲ့တယ်။ မိန်းကလေးနဲ့ ယောက်ျားလေးတွေကို အရှင်လတ်လတ် မီးရှို့သတ်ပစ်တယ်။ အမျိုးသားတွေကို တံစို့ထိုးသတ်တယ်။ အရှင်လတ်လတ် အရေခွံ ခွာဆုတ်တယ်။ မျက်လုံးတွေကို ထိုးဖောက်ပစ်တယ်။ ခြေလက်တွေ၊ နှာခေါင်းတွေ၊ နားရွက်တွေကို ဖြတ်ပစ်တယ်။”

ဂျူးတွေရဲ့ အိမ်အမိုး ပတ်ပတ်လည်မှာ နံရံနိမ့်တွေဆောက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။

ဘုရားသခင်က ဂျူးတွေကို ဒီလိုမိန့်မှာထားတယ်– ‘လူသည် အိမ်မိုးပေါ်ကကျ၍ လူအသက်ကို သတ်သောအပြစ် မရောက်မည်အကြောင်း အိမ်အသစ်ကို ဆောက်သောအခါ အမိုးနားပတ်လည်၌ နံရံနိမ့်ကို လုပ်ရမည်။’ (တရားဟောရာ ၂၂:၈) ကျမ်းစာခေတ်က ဂျူးမိသားစုတွေဟာ အိမ်မိုးပေါ်ကို နည်းအမျိုးမျိုးနဲ့ အသုံးပြုတတ်ကြတဲ့အတွက် နံရံနိမ့်ပြုလုပ်ထားခြင်းက ဘေးကင်းဖို့အတွက် ဖြစ်တယ်။

အစ္စရေးလူအများစုရဲ့ နေအိမ်တွေက အမိုးပြားနဲ့ဖြစ်တယ်။ သူတို့အတွက် အိမ်မိုးပေါ်ဟာ နေပူဆာလှုံဖို့၊ လေကောင်းလေသန့်ရှူဖို့၊ ဒါမှမဟုတ် အိမ်မှုကိစ္စတွေလုပ်ဖို့ အကောင်းဆုံး နေရာတစ်ခုပါ။ နွေရာသီမှာဆိုရင် အိပ်စက်ဖို့ သက်သောင့်သက်သာရှိတဲ့ နေရာတစ်ခုပါ။ (၁ ဓမ္မရာဇဝင် ၉:၂၆) လယ်သမားတစ်ယောက်အဖို့တော့ အဲဒီအိမ်မိုးပေါ်ဟာ ကောက်နှံတွေ၊ ပိုက်ဆန်လျှော်ပင်တွေ၊ သင်္ဘောသဖန်းသီးနဲ့ စပျစ်သီးတွေ အခြောက်လှန်းတဲ့နေရာပါ။—ယောရှု ၂:၆

ဒါ့အပြင် အိမ်မိုးပေါ်ကို စစ်မှန်တဲ့ ဝတ်ပြုရေးအတွက်ရော၊ မှားယွင်းတဲ့ ဝတ်ပြုရေးအတွက်ပါ အသုံးပြုကြပါသေးတယ်။ (နေဟမိ ၈:၁၆-၁၈; ယေရမိ ၁၉:၁၃) တမန်တော်ပေတရုဆိုရင် မွန်းတည့်ချိန်မှာ ဆုတောင်းဖို့ အိမ်မိုးပေါ်ကို တက်သွားခဲ့ပါတယ်။ (တမန်တော် ၁၀:၉-၁၆) အိမ်မိုးပေါ်မှာ စပျစ်နွယ်ပင် ဒါမှမဟုတ် စွန်ပလွံခက်တွေနဲ့ အမိုးအကာလုပ်ထားမယ်ဆိုရင် အဲဒီနေရာက စံရိပ်ငြိမ်တစ်ခုပါပဲ။

အစ္စရေးလူတွေရဲ့ နေအိမ်မှာ အိမ်မိုးပေါ်ကို သွားလို့ရအောင် လှေကားတစ်စင်း လုပ်ထားပါတယ်၊ အဲဒီလှေကားက “အိမ်မကြီးရဲ့ အပြင်ဘက်မှာ ရှိပေမဲ့ ခြံဝင်းအတွင်းမှာပဲ ဖြစ်တယ်” လို့ စာအုပ်တစ်အုပ် (The Land and the Book) မှာဖော်ပြထားတယ်။ ဒါကြောင့် မိသားစုဝင်တွေဟာ အိမ်မိုးပေါ်ကို အိမ်ထဲကနေမဟုတ်ဘဲ အိမ်အပြင်ဘက်ကနေ တက်သွားနိုင်ကြတယ်။ ဒီအချက်ကိုကြည့်ရင်၊ ဖျက်ဆီးခံရတော့မယ့်မြို့ကနေ အရေးတကြီး ထွက်ပြေးခြင်းနဲ့ပတ်သက်တဲ့ ယေရှုရဲ့ ဒီသတိပေးချက်ကို နားလည်နိုင်ပါတယ်– “အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲက ပစ္စည်းများကိုယူရန် မဆင်းလာစေနှင့်။”—မဿဲ ၂၄:၁၇