မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ

“တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်”

“တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်”

“ကျွန်ုပ်တို့အား မည်သို့ဆုတောင်းရမည်ကို သွန်သင်ပေးတော်မူပါ” ဆိုပြီး တပည့်တစ်ယောက်က ယေရှုကို တောင်းဆိုခဲ့တယ်။ (လုကာ ၁၁:၁) သူ့ရဲ့တောင်းဆိုချက်ကို ယေရှု ပြန်ဖြေတဲ့အခါ ပုံဥပမာနှစ်ခု ပြောပြခဲ့တယ်။ ဘုရားသခင်ဆီ ဘယ်လိုဆုတောင်းရင် ဘယ်လိုဖြေကြားခံရမယ်ဆိုတာကို အဲဒီပုံဥပမာနှစ်ခုကနေ သင်ယူနိုင်ပါတယ်။ သင့်ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်သလား၊ နားမထောင်ဘူးလားဆိုတာကို သိချင်တယ်ဆိုရင် ယေရှုရဲ့ဖြေဆိုမှုကို သင် စိတ်ဝင်စားမှာပါ။—လုကာ ၁၁:၅–၁၃ ကိုဖတ်ပါ။

ပထမပုံဥပမာက ဆုတောင်းတဲ့သူအပေါ် အာရုံစိုက်စေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ယေရှု ဒီလိုပုံဥပမာပေးခဲ့တယ်။ (လုကာ ၁၁:၅-၈) အဲဒီပုံဥပမာထဲမှာ လူတစ်ယောက်ဆီကို ညသန်းခေါင် အချိန်မတော် ဧည့်သည်တစ်ယောက် ရောက်လာတယ်။ အိမ်ရှင်မှာ သူ့ကို ကျွေးစရာ ဘာမှမရှိဘူး။ အဲဒါက အိမ်ရှင်အတွက် အရေးတကြီး လုပ်ရမယ့်ကိစ္စ ဖြစ်နေတယ်။ ညအချိန်မတော် ဖြစ်နေပေမဲ့လည်း အိမ်ရှင်ဟာ မုန့်အနည်းငယ်ချေးဖို့ မိတ်ဆွေတစ်ယောက်ရဲ့ အိမ်ကိုသွားလိုက်တယ်။ အစပိုင်းမှာ မိတ်ဆွေဖြစ်သူက အိပ်ရာကထဖို့ ဝန်လေးနေတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မိသားစုတွေက အိပ်မောကျနေလို့ဖြစ်တယ်။ ဒါပေမဲ့ ဇွဲရှိတဲ့အိမ်ရှင်ဟာ အားမနာတမ်း ဇွတ်အတင်း တောင်းဆိုနေတဲ့အတွက် နောက်ဆုံးမှာ မိတ်ဆွေဖြစ်သူက အိပ်ရာကထလာပြီး မုန့်အနည်းငယ် ပေးလိုက်ပါတော့တယ်။ *

အဲဒီပုံဥပမာက ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ဘာသင်ပေးသလဲ။ ဇွဲရှိရှိ တောင်းနေဖို့၊ ရှာနေဖို့၊ ခေါက်နေဖို့ လိုတယ်ဆိုတာကို ယေရှု သင်ပေးနေတာဖြစ်တယ်။ (လုကာ ၁၁:၉၊ ၁၀) ဘာကြောင့်လဲ။ ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ ဘုရားသခင်က နားထောင်ပေးဖို့ ဝန်လေးနေတယ်လို့ ယေရှုဆိုလိုတာလား။ မဟုတ်ပါဘူး။ ဘုရားသခင်ဟာ တွန့်ဆုတ်နေတဲ့အိမ်ရှင်နဲ့ တူမယ့်အစား မိမိဆီ ယုံကြည်ခြင်းအပြည့်နဲ့ တောင်းလျှောက်တဲ့သူရဲ့ ဆုတောင်းသံကို နားထောင်ပေးချင်တယ်ဆိုပြီး ယေရှု ဆိုလိုနေတာဖြစ်တယ်။ ဒါကြောင့် ဇွဲရှိရှိနဲ့ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိကြောင်း ဖော်ပြကြတယ်။ ဘုရားသခင်ဆီ ထပ်ခါတလဲလဲ ဆုတောင်းခြင်းက ကျွန်ုပ်တို့ အမှန်တကယ် လိုအပ်နေတာကို ဖော်ပြရာရောက်တယ်။ ဒါ့အပြင် ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်က အလိုတော်နဲ့ညီတယ်ဆိုရင် ဘုရားသခင် နားထောင်ပေးမယ်ဆိုတာကို အပြည့်အဝ ယုံကြည်ရာလည်း ရောက်တယ်။—မာကု ၁၁:၂၄; ၁ ယောဟန် ၅:၁၄

ဒုတိယပုံဥပမာက ‘ဆုတောင်းစကားကို နားထောင်တော်မူသော’ ဘုရားသခင် ယေဟောဝါအပေါ် အာရုံစိုက်စေတယ်။ (ဆာလံ ၆၅:၂) အဲဒါနဲ့ပတ်သက်ပြီး ယေရှု ဒီလိုဥပမာပေးခဲ့တယ်။ ယေရှုက “သားသည် ငါးကိုတောင်းလျှင် ငါးအစား မြွေကိုပေးမည့်ဖခင် သင်တို့တွင် ရှိသလော” လို့ မေးခဲ့တယ်။ အဖြေက ရှင်းနေပါတယ်။ ဘယ်ဖခင်ကမှ ကိုယ့်သားသမီးကို ထိခိုက်စေမယ့်အရာတွေ ပေးမှာမဟုတ်ပါဘူး။ အဲဒီပုံဥပမာရဲ့ ဆိုလိုရင်းကို ယေရှု ဒီလိုရှင်းပြတယ်– မစုံလင်တဲ့ ဖခင်တွေဟာ ကိုယ့်သားသမီးကို “ကောင်းသောဆုလက်ဆောင်” ပေးတတ်တယ်ဆိုရင် “ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောစွမ်းအားတော်ကို သာ၍ပေးတော်မူမည်။” ဘုရားသခင်ရဲ့သန့်ရှင်းသော စွမ်းအားတော်ဟာ မိမိဆီ တောင်းလျှောက်တဲ့ မြေကြီးပေါ်က သားသမီးတွေကို ကိုယ်တော် ပေးသနားတဲ့ အကောင်းဆုံး ဆုလက်ဆောင်ဖြစ်ပါတယ်။ *လုကာ ၁၁:၁၁-၁၃; မဿဲ ၇:၁၁

အလိုတော်နဲ့ညီပြီး ယုံကြည်ခြင်းအပြည့်နဲ့ တောင်းလျှောက်တဲ့သူရဲ့ ဆုတောင်းစကားကို ဘုရားသခင် နားထောင်ပေး

‘ဆုတောင်းစကားကို နားထောင်တော်မူသော’ ယေဟောဝါဘုရားသခင်နဲ့ပတ်သက်ပြီး အဲဒီပုံဥပမာက ဘာသင်ပေးသလဲ။ ဘုရားသခင်ကို မိမိသားသမီးတွေရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးချင်တဲ့ ဂရုစိုက်တတ်တဲ့ ဖခင်အဖြစ် ကျွန်ုပ်တို့ကို ယေရှု ရှုမြင်စေချင်တယ်။ ဒါကြောင့် ယေဟောဝါဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေဟာ ကိုယ်တော်ဆီ စိတ်နှလုံးပါပါနဲ့ လွတ်လွတ်လပ်လပ် ဆုတောင်းချဉ်းကပ်နိုင်ပါတယ်။ သူတို့ဟာ မိမိတို့အတွက် အကောင်းဆုံးကို ကိုယ်တော်ပေးချင်တယ်ဆိုတာ သိထားတဲ့အတွက် ဆုတောင်းချက်တွေရဲ့ အဖြေက မျှော်လင့်ထားတဲ့အတိုင်း မဟုတ်ရင်တောင် ကိုယ်တော်ရဲ့ဖြေကြားမှုကို လက်ခံဖို့ အဆင်သင့်ရှိကြတယ်။ *

ဧပြီလအတွက် ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်

လုကာ ၇–၂၁

^ စာပိုဒ်၊ 2 ယေရှုပြောပြတဲ့ ပုံဥပမာက ဂျူးလူမျိုးရဲ့ ဓလေ့ထုံးစံကို ဖော်ပြတယ်။ ဂျူးတွေဟာ ဧည့်ဝတ်ပြုခြင်းကို အလွန်အရေးကြီးတဲ့ တာဝန်တစ်ရပ်အဖြစ် ရှုမြင်ကြတယ်။ မိသားစုတွေဟာ တစ်နေ့စာအတွက်ပဲ မုန့်တွေကို ဖုတ်ထားကြတယ်။ စားစရာမရှိတော့ဘူးဆိုရင် သူများဆီက မုန့်နည်းနည်း ချေးတတ်ကြတယ်။ ဒါ့အပြင် မိသားစုက ဆင်းရဲတယ်ဆိုရင် အခန်းတစ်ခန်းထဲမှာပဲ ကြမ်းပြင်ပေါ် အတူတူအိပ်ကြတယ်။

^ စာပိုဒ်၊ 4 သေးငယ်တဲ့အရာနဲ့ ကြီးမားတဲ့အရာကို နှိုင်းယှဉ်ပြီး ကျိုးကြောင်းဆင်ခြင်တဲ့အခါ “သာ၍” ဆိုတဲ့ စကားလုံးကို ယေရှု အသုံးပြုတတ်တယ်။

^ စာပိုဒ်၊ 5 ဘုရားသခင်ဆီ ဘယ်လိုဆုတောင်းပြီး ဘယ်လိုဖြေကြားခံရမယ်ဆိုတဲ့အကြောင်း ထပ်သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၇ ကိုဖတ်ကြည့်ပါ။