ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ
‘ဘုရားသခင်သည် အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူသည်’
သေခြင်း၊ တစ်နည်းအားဖြင့် “ရန်သူ” က “တန်ခိုးအကြီးဆုံးအရှင်” ဖြစ်တဲ့ ယေဟောဝါဘုရားသခင်ထက် အစွမ်းခွန်အား ကြီးပါ့မလား။ ဘယ်လိုလုပ် ကြီးနိုင်ပါ့မလဲ။ (၁ ကောရိန္သု ၁၅:၂၆; ထွက်မြောက်ရာ ၆:၃၊ ကဘ) ဘုရားသခင်ဟာ လူသေတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးခြင်းအားဖြင့် သေခြင်းကို ပယ်ဖျက်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ကမ္ဘာသစ်မှာ အဲဒီလိုလုပ်ပေးမယ်လို့လည်း ကတိပြုထားပါတယ်။ * အဲဒီကတိ ပြည့်စုံမယ်ဆိုတာ ဘယ်လိုယုံကြည်နိုင်မလဲ။ ယုံကြည်စိတ်ချနိုင်ကြောင်း ကျမ်းစာမှတ်တမ်းတစ်ခုမှာ ဘုရားသခင့်သားတော်ယေရှု ပြောပြထားပါတယ်။—မဿဲ ၂၂:၃၁၊ ၃၂ ကိုဖတ်ပါ။
လူသေတွေ ပြန်ရှင်လာမယ်ဆိုတာကို မယုံကြည်တဲ့ ဇဒ္ဒုကဲတွေနဲ့ ယေရှုစကားပြောတဲ့အခါ ဒီအချက်ကို ဖော်ပြခဲ့တယ်– “လူသေတို့၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဘုရားသခင် ဆင့်ဆိုသည့်စကားကို သင်တို့ မဖတ်ဖူးကြသလော။ ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်’ ဟုဆိုထား၏။ ဘုရားသခင်သည် သေလွန်သောသူတို့၏ဘုရား မဟုတ်။ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူသည်။” ခရစ်နှစ်မတိုင်မီ ၁၅၁၄ လောက်က မီးလောင်နေတဲ့ ချုံပုတ်အနားမှာ မောရှေကို ဘုရားသခင် ပြောခဲ့တဲ့စကားကို ယေရှု ရည်ညွှန်းနေတာဖြစ်တယ်။ (ထွက်မြောက်ရာ ၃:၁-၆) “ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်” လို့ မောရှေကိုပြောခဲ့တဲ့ ဘုရားသခင်ရဲ့စကားက လူသေတွေ အသက်ပြန်ရှင်လာမယ်ဆိုတဲ့ကတိ သေချာပေါက် ပြည့်စုံလာမယ်ဆိုတာကို သိရပါတယ်။ ဘယ်လိုနည်းအားဖြင့်လဲ။
ကျမ်းချက်ရဲ့ ရှေ့နောက်စကားကို ဦးဆုံး သုံးသပ်ကြည့်ရအောင်။ မောရှေကို ဘုရားသခင် စကားပြောတဲ့အချိန်မှာ အာဗြဟံ သေဆုံးသွားတာ ၃၂၉ နှစ်၊ ဣဇာက် သေဆုံးသွားတာ ၂၂၄ နှစ်၊ ယာကုပ် သေဆုံးသွားတာ ၁၉၇ နှစ် ကြာသွားပါပြီ။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်က “ငါသည်” သူတို့ရဲ့ ဘုရားသခင် “ဖြစ်ခဲ့သည်” လို့မပြောဘဲ “ဖြစ်သည်” လို့ ပြောခဲ့တယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အဲဒီဘိုးဘေးသုံးယောက်ရဲ့အကြောင်းကို သူတို့အသက်ရှင်နေတဲ့ပုံစံနဲ့ ဘုရားသခင် ပြောဆိုခဲ့တယ်။ ဘာကြောင့်လဲ။
အကြောင်းရင်းကို ယေရှု ဒီလိုရှင်းပြခဲ့တယ်– “[ယေဟောဝါ] ဘုရားသခင်သည် သေလွန်သောသူတို့၏ဘုရား မဟုတ်။ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူသည်။” အဲဒီစကားတွေရဲ့ အဓိပ္ပာယ်ကို စဉ်းစားကြည့်ပါ။ လူသေတွေ အသက်ပြန်မရှင်လာတော့ဘူးဆိုရင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့လည်း ဘယ်တော့မှ ပြန်ရှင်လာမှာ မဟုတ်တော့ဘူး။ အဲဒီလိုသာဆိုရင် ယေဟောဝါက လူသေတွေရဲ့ ဘုရားသခင်ဖြစ်သွားပါလိမ့်မယ်။ ဘုရားသခင်ဟာ သစ္စာရှိရှိနဲ့ သေဆုံးသွားတဲ့သူတွေကို သေတွင်းထဲကနေ မကယ်နုတ်နိုင်လောက်အောင် ချည့်နဲ့သွားသလိုမျိုး ဖြစ်သွားပြီး သေခြင်းက ဘုရားသခင်ထက် ပိုအစွမ်းတန်ခိုးကြီးနေသလို ဖြစ်သွားပါလိမ့်မယ်။
ဒါဆိုရင် ကွယ်လွန်သွားပြီဖြစ်တဲ့ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်အပါအဝင် ဘုရားသခင်အပေါ် သစ္စာရှိသူအားလုံးနဲ့ပတ်သက်ပြီး ဘယ်လိုကောက်ချက်ချနိုင်သလဲ။ ယေရှုက “ထိုသူအပေါင်းတို့သည် ဘုရားသခင့်အမြင်တွင် အသက်ရှင်နေကြ၏” လို့ အခိုင်အမာပြောခဲ့တယ်။ (လုကာ ၂၀:၃၈) ဘုရားသခင်ဟာ မိမိအပေါ် သစ္စာရှိပြီး သေဆုံးသွားကြတဲ့သူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်။ သေလွန်တဲ့သူတွေကို အသက်ရှင်နေတဲ့အလား ဘုရားသခင် ယူဆတဲ့အတွက် အဲဒီရည်ရွယ်ချက် ပြည့်စုံလာမယ်ဆိုတာ သေချာပါတယ်။ (ရောမ ၄:၁၆၊ ၁၇) ဘုရားသခင်ဟာ ကွယ်လွန်သွားတဲ့ သစ္စာရှိသူတွေကို မိမိရဲ့အကန့်အသတ်မဲ့ မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားပြီး အချိန်တန်တဲ့အခါ သူတို့ကို အသက်ပြန်ရှင်လာစေမှာဖြစ်တယ်။
ယေဟောဝါဘုရားသခင်ဟာ သေလွန်သူတွေကို ပြန်ရှင်လာအောင် လုပ်ပေးနိုင်တဲ့ အစွမ်းတန်ခိုးရှင်ဖြစ်
ချစ်မြတ်နိုးရတဲ့သူတွေနဲ့ ပြည်လည်ဆုံစည်းခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို သင် စိတ်ဝင်စားပါသလား။ ဒါဆိုရင် ယေဟောဝါဘုရားသခင်က သေလွန်သူတွေကို ပြန်ရှင်လာအောင် လုပ်ပေးနိုင်တဲ့ အစွမ်းတန်ခိုးရှင် ဖြစ်တယ်ဆိုတာ သတိရပါ။ သေလွန်သူတွေ ပြန်ရှင်လာအောင် လုပ်ပေးမယ်ဆိုတဲ့ ဘုရားသခင့်ကတိ ပျက်ပြားသွားအောင် ဘယ်အရာကမှ လုပ်နိုင်မှာမဟုတ်ပါဘူး။ အသက်ပြန်ရှင်လာစေမယ်ဆိုတဲ့ ကတိနဲ့ အဲဒီကတိကို ပြည့်စုံစေမယ့် ဘုရားသခင့်အကြောင်းကို လေ့လာကြည့်ပါလား။ သင် လေ့လာမယ်ဆိုရင် “အသက်ရှင်သောသူတို့၏ ဘုရား” ဖြစ်တဲ့ ယေဟောဝါနဲ့ ရင်းနှီးကျွမ်းဝင်လာမှာ သေချာပါတယ်။
^ စာပိုဒ်၊ 1 ဖြောင့်မတ်တဲ့ ကမ္ဘာသစ်မှာ လူသေတွေ အသက်ပြန်ရှင်လာအောင် ပြုလုပ်ပေးမယ်ဆိုတဲ့ ဘုရားသခင့်ကတိတော်အကြောင်း ထပ်သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၇ ကိုဖတ်ပါ။