မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများအမေး

ယေဟောဝါသက်သေအဖွဲ့အစည်းမှာ အမျိုးသမီးအမှုဆောင်တွေ ရှိသလား

ယေဟောဝါသက်သေအဖွဲ့အစည်းမှာ အမျိုးသမီးအမှုဆောင်တွေ ရှိသလား

ရှိပါတယ်၊ ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါသက်သေ အမျိုးသမီးအမှုဆောင် သန်းနဲ့ချီပြီး ရှိတယ်။ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောနေသူတွေထဲမှာ သူတို့တွေက အများစုဖြစ်ကြတယ်။ ဆာလံ ၆၈:၁၁ [သမ္မာ] မှာ အမျိုးသမီးအမှုဆောင်တွေနဲ့ ပတ်သက်ပြီး ဒီလိုကြိုပြောထားတယ်– “[ယေဟောဝါ] ဘုရားရှင်သည် အမိန့်တော်ရှိ၍ သတင်းကောင်းကို ကြားပြောသောမိန်းမတို့သည် အလွန်များကြပါ၏။”

ဒါပေမဲ့ ယေဟောဝါသက်သေ အမျိုးသမီးအမှုဆောင်တွေကို တခြားဘာသာတရားတွေက တရားဟောဆရာမတွေနဲ့ မရောထွေးလိုက်ပါနဲ့။ သူတို့နဲ့ လုံးဝ မတူပါဘူး။ ဘယ်လိုနည်းတွေနဲ့ မတူတာလဲ။

သူတို့အမှုဆောင်တဲ့နေရာက ကွာပါတယ်။ အထူးသဖြင့် အမည်ခံခရစ်ယာန်ဘာသာတွေက တရားဟောဆရာမတွေဟာ သူတို့ရဲ့ အသင်းတော်အတွင်းမှာ ဦးဆောင်ဦးရွက်ပြုရမယ်လို့ ယူဆထားကြပြီး သူတို့ဟောတာကို နားထောင်တဲ့ ပရိသတ်က သူတို့ရဲ့ အသင်းသားတွေပဲ ဖြစ်ပါတယ်။ ယေဟောဝါသက်သေ အမျိုးသမီးအမှုဆောင်တွေကျတော့ အသင်းတော်ပြင်ပမှာ ဟောပြောနေကြတာဖြစ်ပြီး သူတို့ရဲ့ပရိသတ်က တခြားနေရာနဲ့ တစ်အိမ်တက်ဆင်းသွားတဲ့အခါ တွေ့ဆုံရတဲ့သူတွေ ဖြစ်ပါတယ်။

အသင်းတော်အတွင်းမှာ လုပ်ဆောင်ပုံကလည်း ကွာခြားပါတယ်။ အမည်ခံခရစ်ယာန်ဘာသာတွေက တရားဟောဆရာမတွေဟာ သူတို့ရဲ့ အသင်းသားတွေကို ကြီးကြပ်ပြီး သူတို့ရဲ့ ယုံကြည်ချက်တွေကို သွန်သင်ပေးကြတယ်။ ယေဟောဝါသက်သေ အမျိုးသမီးအမှုဆောင်တွေကျတော့ နှစ်ခြင်းခံပြီးသား အမျိုးသားတွေရှိနေချိန်မှာ အသင်းတော်တွင်း မသွန်သင်ကြပါဘူး။ အမျိုးသားတွေကိုပဲ သွန်သင်သူတွေအဖြစ် ခန့်အပ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—၁ တိမောသေ ၃:၂; ယာကုပ် ၃:၁

အမျိုးသားတွေကိုသာ အသင်းတော်ကို ကြီးကြပ်ဖို့ တာဝန်ပေးတယ်ဆိုပြီး ကျမ်းစာကပြောတယ်။ ကြီးကြပ်မှူးတစ်ဦးဖြစ်သူ တိတုကို တမန်တော်ပေါလု ဒီလိုပြောခဲ့တာကို သတိပြုကြည့်ပါ– “ခရိကျွန်း၌ သင့်ကို ငါထားခဲ့ရသည့်အကြောင်းမှာ သင်သည် . . . မြို့အသီးသီးတွင် အသက်ကြီးသူများ [အကြီးအကဲများ] ကို ခန့်အပ်ပေးရန်ဖြစ်၏။” အဲဒီ ခန့်အပ်ခံအမျိုးသားတစ်ဦးစီဟာ “ပြစ်တင်စွပ်စွဲခံရခြင်း ကင်း၍ ဇနီးတစ်ဦးတည်း၏ ခင်ပွန်းဖြစ်ရ” မယ် ဆိုပြီးတော့လည်း ပေါလု ထပ်ပြောခဲ့တယ်။ (တိတု ၁:၅၊ ၆) တိမောသေကိုပေးတဲ့ စာမှာလည်း အလားတူ ညွှန်ကြားချက်တွေ ပေါလုပေးခဲ့တယ်– ‘ကြီးကြပ်မှူးဖြစ်ရန် ကြိုးစားနေသူတစ်ဦးသည် ကောင်းသောအမှုကို လိုလားသူဖြစ်၏။ ထို့ကြောင့် ကြီးကြပ်မှူးသည် အပြစ်ဆိုဖွယ်မရှိသူ၊ ဇနီးတစ်ဦးတည်းရှိသူ၊ သွန်သင်ရန် အရည်အချင်းပြည့်ဝသူ ဖြစ်ရမည်။’—၁ တိမောသေ ၃:၁၊ ၂

အသင်းတော်အတွင်း ကြီးကြပ်တဲ့တာဝန်တွေကို အမျိုးသားတွေကိုပဲ ဘာဖြစ်လို့ ပေးရတာလဲ။ ပေါလု ဒီလိုပြောတယ်– “အမျိုးသမီးသည် သွန်သင်ဆုံးမခြင်း၊ အမျိုးသားအပေါ် အာဏာပြခြင်းတို့ကို ပြုရန် ငါအခွင့်မပေး။ သူသည် တိတ်ဆိတ်စွာ နေရမည်။ အကြောင်းမူကား အာဒံသည် ဦးစွာ ဖန်ဆင်းခံရ၍ ဧဝမှာမူ နောက်မှ ဖန်ဆင်းခံရ၏။” (၁ တိမောသေ ၂:၁၂၊ ၁၃) ဒါကြောင့် သွန်သင်သူနဲ့ ကြီးကြပ်သူတာဝန်ကို အမျိုးသားတွေကိုပဲ ဘာကြောင့်ပေးရတာလဲဆိုတာကို ဘုရားသခင်ရဲ့ ဖန်ဆင်းပုံအဆင့်ဆင့်က ဖော်ပြတယ်။

ယေဟောဝါသက်သေ အမှုဆောင်တွေက သူတို့ရဲ့ခေါင်းဆောင် ယေရှုခရစ်ရဲ့ပုံသက်သေကို လိုက်လျှောက်ကြတယ်။ ယေရှုရဲ့အမှုဆောင်လုပ်ငန်းအကြောင်း တပည့်ဖြစ်သူ လုကာ ဒီလိုရေးခဲ့တယ်– “ကိုယ်တော်သည် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာ လှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်းကို ဟောပြောတော်မူ၏။” နောက်ပိုင်း၊ အဲဒီအလုပ်ကိုပဲ လုပ်ဖို့ သူ့နောက်လိုက်တွေကို ယေရှု ညွှန်ကြားခဲ့တယ်– “သူတို့သည် . . . သတင်းကောင်းကို ပြောကြားလျက် . . . တစ်ရွာမှတစ်ရွာ လှည့်လည်ကြ၏။”—လုကာ ၈:၁; ၉:၂-၆

ကနေ့အချိန်မှာ ယေဟောဝါသက်သေ အမျိုးသားနဲ့အမျိုးသမီး အမှုဆောင်တွေဟာ ယေရှုကြိုပြောထားတဲ့ ဒီအလုပ်ကို တက်တက်ကြွကြွနဲ့ ပူးပေါင်းလုပ်ဆောင်နေကြတယ်– “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် [ဘုရားသခင့်] နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။”—မဿဲ ၂၄:၁၄